သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဘေးနဲ့ ကိုဗစ်ရောဂါအရေးကြောင့် ရခိုင်ပြည်နယ်တွင်း ကျောင်းအများစု ပြန်မဖွင့်နိုင်သေး


ရခိုင်ပြည်နယ်ရှိ ပြည်နယ်ပညာရေးမှူးရုံး။ (ဇူလိုင် ၁၆၊ ၂၀၂၀)
ရခိုင်ပြည်နယ်ရှိ ပြည်နယ်ပညာရေးမှူးရုံး။ (ဇူလိုင် ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံတဝန်း အခြေခံပညာကျောင်းတွေ ဒီသီတင်းပတ်ထဲမှာပဲ ပြန်ဖွင့်လိုက်ပေမဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာတော့ ကျောင်းတော်တော်များများ ပြန်မဖွင့်နိုင်သေးတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

COVID-19 ကပ်ရောဂါကြောင့် ပုံမှန်ကျောင်းဖွင့်ချိန်ထက် တစ်လကျော်ကြာ နောက်ကျပြီးမှ အင်္ဂါနေ့ကပဲ အထက်တန်းအဆင့်ကျောင်းတွေကို ပြန်ဖွင့်ခဲ့ပေမဲ့ အထက်တန်းကျောင်းပေါင်း ၄၄၀ လောက်ရှိတဲ့ ရခိုင်ပြည်နယ်မှာတော့ ကျန်းမာရေးသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ကျောင်း ၅၀ ကျော်ကိုပဲ ပြန်ဖွင့်နိုင်သေးတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဆရာနဲ့ ကျောင်းသား မရှိတာရော လုံခြုံရေး စိတ်မချရတာကြောင့်ပါ ပိတ်ထားရတဲ့ ကျောင်းက ၁၁ ကျောင်းရှိတယ်လို့လည်း ရခိုင်ပြည်နယ် ပညာရေမှူး ဦးတင်သိန်းက VOA ကိုပြောပါတယ်။

“ပိတ်ထားရတာ ၁၁ ကျောင်းပဲ ကျန်တဲ့ကျောင်းတွေ အကုန်ဖွင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေက ဒီကျောင်းတွေကို အကုန်ရောက်နေကြပြီ ကလေးတွေ စာသင်ဖို့အတွက် ကျန်းမာရေးဌာနနဲ့ ဒါ ကိုဗစ်ကာကွယ်တားဆီးမှုဆိုတဲ့ ဒီမှာ စိစစ်ရတဲ့ အချက်တွေနဲ့ မကိုက်ညီသေးတဲ့ အတွက်ကြောင့် ကိုက်ညီအောင်ဆောင်ရွက်နေကြတယ်။ ဒါပေမဲ့ ကိုက်ညီလို့ စာသင်လို့ရပြီဆိုတဲ့ ကျောင်းက ၅၁ ကျောင်းရှိတယ်။”

ရခိုင်ပြည်နယ်က ကျောင်းတချို့မှာ ဆေးဖျန်းဖို့ ဆေးတွေ မရောက်သေးတာ၊ အိမ်သာ၊ အမှိုက်ပုံးတွေက ကျန်းမာရေး သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတာ၊ လက်ဆေးစရာ နေရာတွေ စီစဉ်နေတာတွေ မပြီးပြတ်သေးတာတွေကြောင့် ကြန့်ကြာမှုတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ ဒေသခံတွေ တိမ်းရှောင်နေရချိန်မှာ ကျောင်းသားတွေ ပညာရေး ထိခိုက်နေရတဲ့ အခြေအနေကို ဖြေရှင်းဖို့ အရေးတကြီး လိုအပ်နေတယ်လို့လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက သုံးသပ်ပါတယ်။

“အစိုးရရဲ့ ကိုင်တွယ်မှုသည် ပညာရေးအပေါ် ကျောင်းသူကျောင်းသားတွေရဲ့အပေါ်မှာ အထူးသဖြင့် စစ်ဘေးရှောင် ကလေးသူငယ်များရဲ့ ပညာရေးကို ပံ့ပိုးမှုလုပ်တဲ့အခါမှာ အားနည်းနေဆဲဖြစ်ပါတယ်။ ဒီလိုအခြေအနေနဲ့သာ သွားမယ်ဆိုလို့ရှိရင် စစ်ဘေးရှောင်စခန်းတွေက ကလေးများရဲ့ ပညာရေးအခွင့်အလမ်းဟာ ဒီတစ်နှစ်၊ နှစ်နှစ်မှာ ဆုံးရှုံးသွားနိုင်ချေရှိပါတယ်။ အစိုးရက ဂရုမစိုက်တဲ့အတွက်ကြောင့် သူတို့ဟာ ပညာရေးကိုဆက်ပြီး စိတ်မဝင်စားတဲ့အထိ ဆုံးရှုံးမှု ရာခိုင်နှုန်းတွေ ပိုပြီးတော့များလာနိုင်တယ်။ တိုက်ပွဲရှောင်စခန်းမှာနေရတဲ့ ကျောင်းသားကျောင်းသား တွေကို ပညာရေးနဲ့ပတ်သက်လို့ ရှေ့ဆက်ဖို့ အခွင့်အလမ်းကို ဖန်တီးပေးရမှာဖြစ်သလို ပညာသင်ဖို့ အခွင့်အလမ်းကိုလည်း အစိုးရက တခြားသောကျောင်းတွေမှာ မတူနိုင်တဲ့ မူဝါဒ မတူနိုင်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ သွားရမှာ ဖြစ်ပါတယ်။”

ဥရောပသမဂ္ဂ EU ကတော မြန်မာနိုင်ငံရဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် ယူရို ၃၇.၆ မီလီယမ်ကို ဇူလိုင် ၂၁ ရက်နေ့က ပေးအပ်ခဲ့ပါတယ်။ ကိုဗစ်ကာလ ကျောင်းတွေပြန်ဖွင့်နိုင်ဖို့ အစီအစဉ်နဲ့ ရခိုင်ပြည်နယ်မှာ ရခိုင်ပြည်နယ်မှာ ပညာရေး လက်လှမ်းမှီရရှိရေးတို့အတွက် အစိုးရနဲ့ ဥရောပသမဂ္ဂတို့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ ဒီထောက်ပံ့ငွေကို ပေးခဲ့တာဖြစ်ပါတယ်။

ဒီထောက်ပံ့မှုဟာ မြန်မာနိုင်ငံမှာ အရေအသွေးပြည်မှီတဲ့ ပညာရေးကို အားလုံးလက်လှမ်းမီ သင်ယူနိုင်စေဖို့အတွက် ဥရောပသမဂ္ဂက ထောက်ပံ့ပေးမယ့် စုစုပေါင်းယူရို ၂၂၁ မီလီယံထဲက တတိယအရစ် ထောက်ပံ့မှုဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG