သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသခံတွေ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ်နဲ့ကြုံ


မောင်တောမြို့၊ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းသိမ်းတိုက်ပွဲအတွင်း အာရက္ခတပ်တော်က ရှင်းလင်းရရှိခဲ့တဲ့ စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်းများ။ (ဓာတ်ပုံ-AA Info Desk)
မောင်တောမြို့၊ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းသိမ်းတိုက်ပွဲအတွင်း အာရက္ခတပ်တော်က ရှင်းလင်းရရှိခဲ့တဲ့ စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်းများ။ (ဓာတ်ပုံ-AA Info Desk)

စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးဒဏ်ရာရတဲ့သတင်းတွေ နေ့စဉ်လိုလိုထွက်ပေါ်နေကြောင်း ဒေသခံတွေကပြောပါတယ်။ မနေ့က ဖေဖေါ်ဝါရီလ ၃ ရက်က ရခိုင်တောင်ပိုင်း ဂွမြို့နယ်မှာ စစ်ကျန်လက်နက်တခုပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၃ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တာပါ။ ရခိုင်ပြည်နယ် စစ်ရေးပဋိပက္ခမှာ အရပ်သား ထိခိုက်သေဆုံးမှုတွေအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီးတင်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ဒေသတွေမှာ မိုင်းနဲ့စစ်ကျန်လက်နက်တွေကြောင့် ဒေသခံပြည်သူတွေ မကြာခဏဆိုသလို သေဆုံးဒဏ်ရာရ တာတွေရှိနေကြောင်း ကုလသမဂ္ဂနဲ့ မြေမြှုပ်မိုင်း တားဆီးရေးအဖွဲ့တွေကလည်း မကြာခဏ သတင်းထုတ်ပြန်လေ့ရှိပါတယ်။ အလားတူပဲ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AA ကြား တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က မြို့နယ်တော်တော်များများက ဒေသခံတွေ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ ပေါက်ကွဲတဲ့အန္တရာယ်တွေနဲ့ ကြုံတွေ့နေရပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကလည်း ဂွမြို့နယ် ဂျိုင်ကောက်ကျေးရွာနဲ့ ကုလားပြင်ရွာမှာ မိုင်းနင်းမိလို့ အမျိုးသားတယောက်နဲ့အမျိုးသမီးတယောက် ခြေထောက်တဖက်စီဆုံးရှုံးခဲ့ရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ ဒေသခံတွေအတွက် အလွန်အန္တရာယ်များတဲ့ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်တွေကို စစ်ကောင်စီတပ်တွေက အလွန်အကျွံအသုံးပြုခဲ့တယ်ဆိုပြီး ရခိုင်ဒေသခံလူငယ်တဦးက မြင်ပါတယ်။

“မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ်ကတော့ ရခိုင်ပြည်နယ်မှာ မကြာခဏကြုံတွေ့နေရတယ် ပေါ့နော်။ လက်ရှိအချိန်ထိလည်း ကြုံတွေ့နေရဆဲဖြစ်တယ်။ စစ်ကောင်စီအနေနဲ့ မိုင်းကိုအလွန်အကျွံ အသုံးပြုတာ၊ လက်နက်တွေကို အလွန်အကျွံအသုံးပြုခဲ့တာတွေ ရှိတယ်ပေါ့နော်၊ အထူးသဖြင့် ကတော့ သူတို့ အထိုင်ချခဲ့တဲ့ကျေးရွာတွေမှာ၊ ခုခံစစ်ပြင်ဆင်တဲ့နေရာတွေမှာဆိုရင် မြေမြှုပ်မိုင်းကို အသုံးပြုခဲ့တာ ကျနော်တို့ တွေ့ရတယ်ပေါ့နော်။”

မြေပြင်ထိုးစစ်တွေမှာ အရေးနိမ့်နေတဲ့ စစ်ကောင်စီအနေနဲ့ AA သူတို့ အထိုင်ချတဲ့တပ်စခန်းတွေနဲ့ ယာယီစခန်းတွေအနီးမှာ မြေမြှုပ်မိုင်းတွေကို အသုံးပြုပြီးတော့ ခံစစ်ပြင်လေ့ရှိတဲ့အကြောင်း အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ပါတယ်။

လက်ရှိစစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား စစ်ရေးတင်းမာနေတဲ့ ကျောက်ဖြူမြို့နယ်မှာ မြို့ပြင်အနီးတဝှိက်က ကျေးရွာဆယ်ရွာကျော်လောက်မှာ စစ်ကောင်စီကမြေမြှုပ်မိုင်းတွေ သုံးပြီး AA ထိုးစစ်ကို တားစီးဖို့ ပြင်ဆင်ထားတယ်လို့ ကျောက်ဖြူဒေသ ခံတဦးကပြောပါတယ်။

“မြေမြှုပ်မိုင်းတွေကိုတော့ မလကျွန်း၊ ပြိုင်းစေ့ကေ၊ ပြင်ရှည်၊ ကုလဘာ၊ ကန္ဓိး၊ နမ်းဖဲတောင်နဲ့ စိုင်ခြုံ အဲဒီရွာတွေမှာတော့ အများကြီးတွေ့ရတယ်၊ နောက်ပြီးတော့ ကျောက်ဖြူမြို့ ပတ်ဝန်းကျင်က ပြင်ဖြူမော်တို့၊ အောင်စေတီတို့၊ ဂုံချွိန်တို့ အဲဒီနေရာတွေမှာဆိုရင်လည်း မြို့စပ်တွေမှာ မြေမြှုပ်မိုင်း အများပြား ထောင်ထားတာတွေ့ရတယ်။ ဒေသခံပြည်သူတွေလည်း မကြာခဏဆိုသလို ထိခိုက်သေဆုံး ဒဏ်ရာရတာတွေရှိတော့ အဲဒီနေရာတွေကို နောက်ပိုင်းမှာ မသွားရဲကြတော့တာတွေတွေ့ရတယ်။”

စစ်ကောင်စီအနေနဲ့ အခု ဒေသခံတောင်သူလယ်သမားတွေ လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာမြေ တွေနဲ့ ဥယျာဉ်ခြံမြေတွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတာကြောင့် ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ဆုံးရှုံးနေရသလို မကြာခဏဆိုသလို မိုင်းနင်းမိပြီး သေဆုံးဒဏ်ရာရတာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ဒေသမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၁၈ အကုန်ပိုင်းလောက်ကနေ အခုအချိန်အထိ အခုလို စစ်ကျန်လက်နက်တွေနဲ့ မြေမြှုပ်မိုင်း အန္တရာယ်တွေကို ရခိုင်ဒေသခံတွေ ရင်ဆိုင်နေရတာပါ။

အာရက္ခတပ်တော် AA က ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထိန်းချုပ်ပြီး မိုင်းရှင်းနေပေမယ့် လိုအပ်ချက်တွေရှိနေသေးတယ်လို့ ရခိုင်ဒေသခံတဦးကပြောပါတယ်။

“ဒီစစ်ကျန်လက်နက်နဲ့ မိုင်းအန္တရာယ်ကတော့ ဆက်ပြီးတော့လည်း ကြုံလာရမယ့်အနေအထားကို စိုးရိမ်စရာအဖြစ်တွေ့နေရတယ်။ အသိပညာပေးအနေနဲ့ကတော့ အရပ်ဘက်အဖွဲ့အစည်းတွေအပြင် အာရက္ခတပ်တော် AA ဘက်ကလည်း လုပ်နေတာရှိတယ်။ ဒါပေမယ့်လည်း ဒီအသိပညာပေးတာတွေ မိုင်းရှင်းလင်းရေးလုပ်နေတာက ပြောရမယ်ဆိုရင် လုံလောက်မှု အတိုင်းအတာတခုအထိ မရောက်သေး ဘူး။ အားရစရာမရှိသေးဘူးပေါ့နော်၊ ဒီထက်ပိုပြီးတော့ လုပ်ရမယ့် အနေအထားမျိုး တွေ့ရတယ်။ ဒီဟာတွေကိုလုပ်နိုင်ဖို့လည်း အဘက်ဘက်က ကူညီထောက်ပံ့ဖို့ လိုအပ်တယ်။”

ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ (UNICEF)ရဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ဇန်နဝါရီလကနေ စက်တင်ဘာလ အထိကောက်ယူထားတဲ့စာရင်းအရ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန် လက်နက်ပစ္စည်းတွေကြောင့် အရပ်သားသေဆုံးဒဏ်ရာရသူ ၈၈၉ ဦးအထိရှိတယ်လို့ ဖော်ပြထား ပါတယ်။ ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တနှစ်လုံးအတွင်း သေဆုံးဒဏ်ရာရသူ အရေအတွက် စုစုပေါင်းရဲ့ (၈၅) ရာခိုင်နှုန်း ရှိနေခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။

ကမ္ဘာတဝှမ်းမှာ မြေမြှုပ်မိုင်း အသုံးပြုနေတေဲ့နိုင်ငံတွေအဖြစ် မြန်မာနဲ့ ရုရှား နှစ်နိုင်ငံသာရှိနေပြီး ဒီနှစ်ပိုင်းတွေမှာ အသုံးပြုမှုတွေ တိုးမြှင့်လာနေတာတွေ့ရတယ်လို့ မြေမြှုပ်မိုင်း တားဆီးရေး နိုင်ငံတကာအဖွဲ့ ICBL က ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG