သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် မင်းပြားနဲ့အမ်းမှာ မြေမြှုပ်မိုင်းကြောင့် လူ ၂ ဦးသေဆုံး


 မြေမြှုပ်မိုင်း ယခင် မှတ်တမ်းဓာတ်ပုံ။
 မြေမြှုပ်မိုင်း ယခင် မှတ်တမ်းဓာတ်ပုံ။

[[Zawgyi/Unicode]]

ရခိုင်ပြည်နယ်က မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအနီးမှာ တနင်္ဂနွေနေ့က မြေမြှုပ်မိုင်း ပေါက်ကွဲပြီး ဒေသခံတဦးသေဆုံးခဲ့သလို အမ်းမြို့နယ်မှာလည်း ဒီရက်ပိုင်းအတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲလို့ပဲ ဒေသခံတဦးသေဆုံးခဲ့ရပါတယ်။ အခုတလော ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်AA အဖွဲ့ကြား စစ်ရေးတင်းမာမှုတွေ တိုးလာနေသလို ရခိုင်ပြည်နေရာအနှံ့မှာ မြန်မာစစ်တပ်ဘက်က တပ်အင်အားတိုးချဲ့ချထားနေတယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က ထုတ်ပြန်ထားပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းကတင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာနေ အသက် ၇၀ ကျော်အရွယ် ဦးအောင်သာထွန်းဟာ ၄ မိုင်လောက်ဝေးတဲ့ တောထဲမှာ သစ်ခုတ်နေစဉ် မြေမြှုပ်မိုင်းနှင်းမိပြီး သေဆုံးခဲ့ရကြောင်း သားဖြစ်သူကပြောပါတယ်။

“မနေ့က ၉ နာရီခွဲလောက်ကလေ၊ မိုင်းကွဲလို့။ ကျနော့်အဖေက တောမှာ သစ်ခုတ်နေတာလေ၊ ကျနော့်အဖေရဲ့ အလုပ်သမားလေးက ကျနော်တို့ကို ဖုန်းဆက် တာပေါ့၊ ဟိုကနေပြီးတော့ အစ်ကိုရယ် ဒီလိုတော့ ဖြစ်သွားပါတယ်၊ ခြေထောက်တွေ မရှိတော့ဘူးတဲ့။ အဲဒါနဲ့ ဒီကလူတွေ လိုက်သွားကြတော့ ခရီးကဝေးတော့လေ၊ ဖြစ်တာကတော့ တောင်ပေါ်မှာ ဖြစ်တာ။ အဲဒါ တောင်အောက်ကို ထမ်းပြီးချလာတာ လမ်းတဝက်လောက်မှာ သေသွားတယ်။”

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့ကလည်း အမ်းမြို့နယ် ဒါးလက်ချောင်းအုပ်စု ဒါးလက်မြောက်ကျေးရွာအနီး သီဟိုခြံမှာ သီဟိုသရက်စေ့ ကောက်နေသူတဦး မြေမြှုပ်မိုင်းပေါက်ကွဲပြီး သေဆုံးခဲ့ပါတယ်။ အဲဒီမိုင်းပေါက်ကွဲတဲ့ သီဟိုခြံမှာ ပြီးခဲ့တဲ့တိုက် ပွဲကာလက မြန်မာစစ်တပ်တွေ စခန်းချနေထိုင်ခဲ့တဲ့ နေရာဖြစ်တယ်လို့လည်း အမ်းလူမှုရေးတက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်ကပြောပါတယ်။

“အမ်းမြို့နယ် ဒလက်အုပ်စု ဒါးလက်မြောက်ရွာမှာ ရွာနဲ့ ပေသုံးထောင်လောက် ဝေးတဲ့နေရာမှာ အဲဒီမှာ မြေမြှုပ်မိုင်းပေါက်ပြီးတော့ တယောက်သေဆုံးသွားတာ ရှိတယ်ပေါ့နော်၊ မေလ ၁၄ ရက်ညနေ သုံးနာရီကျော်လောက်ကပေါ့။ သေဆုံးသွားတဲ့ သူကတော့ ဦးသန်းမင်းနိုင် အသက် ၃၀ အရွယ်ရှိပြီပေါ့။ သူ့ရဲ့ သီဟိုခင်းမှာနေပြီးတော့ သီဟိုစေ့ကောက်ရင်းနဲ့ မြေမြှုပ် မိုင်းနင်းမိတာပေါ့နော်၊ အဲဒီနေရာမှာ ၂၀၂၀ သြဂုတ်လ ကနေပြီးတော့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ လအထိ သူ့ရဲ့ သီဟိုခင်းမှာ မြန်မာစစ်တပ်ကနေပြီးတော့ စခန်းချခဲ့တာတော့ရှိတယ်ပေါ့နော်။”

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်တန့်နေတယ်ဆိုပေမယ့် အမ်းမြို့နယ်အပါအဝင် မြို့နယ်တချို့မှာ မြေမြှုပ်မိုင်းတွေနဲ့ စစ်ကျန်လက်နက်တွေ ပေါက်ကွဲမှုတွေကြောင့် ဒေသခံတွေ မကြာခဏဆိုသလို သေဆုံးဒဏ်ရာရတာတွေလည်းရှိပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ်အတွင်းက ကျေးရွာ ၅၀ ကျော်ရှိတဲ့ ဒါးလက်ချောင်းအုပ်စုအတွင်း ရိက္ခာသယ်ယူခွင့်တွေကို မြန်မာစစ်တပ် ဘက်က ကန့်သတ်ထားတာရှိသလို အမ်းမြို့နယ်အတွင်း စစ်ကြောင်း ဝင်ထွက်သွားလာတာရှိသလို စစ်ဆေးတင်းကြပ်နေတာတွေ့ရတယ်လို့လည်း အမ်လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်က ပြောပါတယ်။

“အမ်းမြို့နယ်မှာ စစ်ရေးကတော့ အမြဲတမ်းလိုလို တင်းမာနေတဲ့ သဘောရှိတယ်။ ရက္ခိုင့် တပ်တော်ဘက်က မတင်းမာရင်တောင် မြန်မာစစ်တပ်ဘက်က အမြဲတမ်းတင်း မာနေတယ်။ အမ်းနဲ့ ပတ်သက်ရင် အမ်းမြို့ရဲ့ အဝင်ပေါက်ကိုလည်း အမြဲတမ်းတင်းတင်းကြပ်ကြပ် စစ်ဆေးတာရှိတယ်။ အမ်းမြို့နယ် တလျှောက်လုံးမှာလည်း စစ်တွေက လှုပ်ရှားမှု တောက်လျှောက်ရှိတယ်။ ကျေးရွာတွေအနီးမှာ ကင်းပုန်းဝပ်တာတွေရှိတယ်။ တောတောင်တွေမှာ စစ်အင်အားအပြည့်နဲ့ တောနင်းတာတွေရှိတယ်ပေါ့နော်။”

လက်ရှိ ရခိုင်ပြည်နယ်နေရာတော်တော်များများမှာ မြန်မာစစ်တပ်ဘက်က စစ်အင် အားတိုးချဲ့ နေသလို ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေအပြင် ရခိုင်-မွတ်ဆလင် သဟဇာတဖြစ်မှုလုပ်ငန်းစဉ်တွေကိုလည်း မြန်မာစစ်တပ်ဘက်က ဆက်တိုက်ဆိုသလို နှောင့်ယှက်တာတွေ လုပ်ဆောင်နေတယ်လို့လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ်တပ်တို့ကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်လာနေတာကြောင့် နှစ်ဘက်တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့ အနေအထား ရှိနေတာကြောင့် ရခိုင်ပြည်နယ်သူတွေအနေနဲ့ မြန်မာစစ်တပ် အခြေချနေထိုင်တဲ့ စခန်း အနီးပတ်ဝန်းကျင်တွေကို သွားလာတာတွေ မလုပ်ဖို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့က မနေ့က ထုတ်ပြန်သတိပေးထားပါတယ် ခင်ဗျား။

တိုက်ရိုက် လင့်ခ်

==========

[[Unicode]]












==========

XS
SM
MD
LG