သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် ပုဏ္ဏားကျွန်းမှာ မြေမြှုပ်မိုင်းကြောင့် အမျိုးသမီးတဦး သေဆုံး


မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ မိသားစုတစု။ (ဒီဇင်ဘာ ၂၃၊ ၂၀၁၈)
မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ မိသားစုတစု။ (ဒီဇင်ဘာ ၂၃၊ ၂၀၁၈)

(Zawgyi / Unicode)

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ထဲ မြေမြှုပ်မိုင်းနင်းမိလို့ အမျိုးသမီးတဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဗန့်ဘွေးရွာသူ ၃ ဦး မနေ့ သောကြာနေ့ မွန်းလွဲပိုင်းမှာ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရရှိမှုတွေ ရှိခဲ့တယ်လို့ ဗန့်ဘွေးရွာသား ဦးမောင်ဖြူက ပြောပါတယ်။

“တယောက်သေတယ်၊ နှစ်ယောက်ဒဏ်ရာရတယ်။ အမျိုးသမီး ဒီရွာက အမျိုးသမီးတွေပေါ့။ မိုင်းနင်းမိလို့လေ။ ဟို မနှစ်က တိုက်ပွဲဖြစ်တဲ့ နေရာဟောင်းမှာလေ။ လိပ်ပုတ်တောင်တန်း။”

မိုင်းပေါက်ကွဲတဲ့နေရာဟာ အရင်က မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲမကြာခနဖြစ်ပွားနေတဲ့ နေရာဖြစ်ပြီး ဘယ်အဖွဲ့ထောင်ထားတဲ့မိုင်း ဆိုတာကိုတော့ မသိရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရရှိတဲ့ အမျိုးသမီး ၃ ဦးဟာ မြိုလူမျိုးတွေဖြစ်ပြီး မျှစ်ရှာသွားရာကနေ ဗုံးပေါက်ကွဲခဲ့တယ်လို့ ရွာသားတဦးက ဆိုပါတယ်။

“မြိုလူမျိုးတွေ သူတို့က မျှစ်တို့ဘာတို့ သွားခူးတာလေ။ တောင်ပေါ်မှာ တက်ပြီးတော့ အဲဒီမှာ မတော်တဆ ဘယ်ကထောင်ထားမှန်းမသိဘူး မိုင်း မြေမြှုပ်မိုင်းက။ မတော်တဆ နင်းမိသွားတာ ပေါက်ကွဲသွားတော့ ကောင်မလးသေတယ်။ နောက်နှစ်ယောက်က ဒဏ်ရာရတယ်။ ဒီကလေးမလေးဟာ အမေအိုကို လုပ်ကျွေးနေတဲ့ ကလေးလို့ ပြောတာပဲ။ သူဆုံးသွားတော့လည်း သူ့ကိုမှီခိုနေရတဲ့ သူ့အမေအိုက ဒုက္ခရောက်မှာပေါ့နော်။”

သေဆုံးသူအမျိုးသမီး မဆန်းဆန်းအေး အသက် ၁၉ နှစ်ကိုတော့ ဒီနေ့မှာ သင်္ဂြိုဟ်မှာဖြစ်ပြီး ဒဏ်ရာရသူနှစ်ဦးကတော့ အိမ်မှာပဲ ဆေးကုသနေရပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ စစ်ရေးတင်းမာနေတဲ့ ဖြစ်စဉ်အတွင်း နှစ်ဖက်တပ်တွေကနေ မြေမြှုပ်မိုင်း အသုံးပြုမှုတွေကြောင့် အရပ်သားတွေ ထိခိုက်မှုတွေ ရှိနေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“ကျနော်တို့ စာရင်းတွေအရတော့ သေဆုံးတဲ့သူ ၃၂ ဦးရှိပါတယ်။ ဒဏ်ရာရတဲ့သူကတော့ ၆၄ ဦးရှိပါပြီ။ တပ်မတော်ပဲဖြစ်ဖြစ် တိုင်းရင်းသား လက်နက်ကိုင်ပဲဖြစ်ဖြစ် ဒီမြေမြှုပ်မိုင်းကို သုံးနေကြတယ်။ သုံးတဲ့အခါမှာလည်းပဲ အဆင်ခြင်နည်းတယ်ပေါ့နော်။ အရပ်သားတွေကို စာနာထောက်ထားပြီးတော့မှ လုပ်တဲ့ပုံစံမျိုးလေးတော့ လိုတာပေါ့။ အခုတော့ဗျာ သူတို့က စစ်ရေးရည်မှန်းချက်တွေကိုပဲ တဖက်သူကို ထိခိုက်နစ်နာဖို့အတွက်ကို အရပ်သားတွေကို ထိခိုက်တဲ့သဘော ဖြစ်နေတာပေါ့။”

ရခိုင်ပြည်နယ်အတွင်း ၂ နှစ်နီးပါးကြာမြင့်တဲ့ စစ်ရေးပဋိပက္ခ ဖြစ်စဉ်အတွင်းမှာ အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရှိနေသလို စစ်ရေးဖြစ်စဉ်အတွင်း အရပ်သား ၂၂၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ နေရပ်ကနေ တိမ်းရှောင်နေရတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးကနေ စာရင်းပြုစု ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)












XS
SM
MD
LG