သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရသေ့တောင်ဘက်မှာ လက်နက်ကြီးကျည်ကြောင့် အရပ်သား ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ


ရခိုင်ပြည်နယ် ရသေ့တောင်အနီး ပစ်ခတ်မှုတွေအတွင်း ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား တဦးကို သယ်ဆောင်နေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ကိုဘက္ကာ - ဇွန် ၂၅၊ ၂၀၂၀)
ရခိုင်ပြည်နယ် ရသေ့တောင်အနီး ပစ်ခတ်မှုတွေအတွင်း ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား တဦးကို သယ်ဆောင်နေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ကိုဘက္ကာ - ဇွန် ၂၅၊ ၂၀၂၀)

[Zawgyi/Unicode]

စစ်ရေးတင်းမာမှုတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ ဒီနေ့ မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံတချို့ ထိခိုက်သေဆုံးခဲ့သလို နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးပါမယ်။

ရသေ့တောင်မြို့နယ် ရွှေလောင်းတင်ကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာက အနည်းဆုံး ရွာသား တစ် ဦးသေဆုံးပြီး၊ တစ် ဦး ဒဏ်ရာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“Navy ကလည်း ပစ်တယ်။ မြို့ပေါ်တပ်ရင်းကလည်း ပစ်နေတယ်။ စစ်တွေဘက်က ရေတပ်ကလည်း တက်လာတယ်။ ရေတပ်ကလည်း အဲဒီမှာ ဇက် Navy ကပစ်တယ်။ မြို့ပေါ်တပ်ရင်းက ၄ လုံး ပစ်တာမှာ အဲဒီမှာ ၂ လုံး ရွှေလောင်းတင်ရွာမှာ ကျတယ်။ ကျပြီးတော့ ဦးမောင်ချေသေတယ်။ နောက်ပြီးတော့ ဦးလှထွန်းမောင်ဒဏ်ရာ ရတယ်။ တိုက်ပွဲတွေ ဘာတွေဖြစ်တာ မရှိဘူးဗျ။ နောက်ပြီးတော့ ညောင်ပင်ကြီးဆိုတဲ့ ကုလားရွာမှာ ၂ လုံးကျတယ်။ သူကတော့ မကွဲဘူး။”

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကလဲ ဒီမနက်ပစ်ခတ်မှုအတွင်း ဒေသခံရွာသားတချို့ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်းအတည်ပြုပါတယ်။

“၉ နာရီခွဲကျော်ကျော်လောက်က လက်နက်ကျည်ကျတယ်။ စပစ်တာက ရသေ့တောင်တပ်နယ်ကပစ်တာ။ အဲဒီမှာ အဲဒီရွာသားတဦးဆုံးသွားတယ်။ နောက်သူ့အကိုက ထိခိုက်ဒဏ်ရာရတယ်။”

ပစ်ခတ်မှုဟာ မြန်မာစစ်တပ်ရဲ့ လက်ချက်ဖြစ်ကြောင်း ဒေသခံတွေက စွပ်စွဲနေတဲ့အတွက် တပ်မတော် ပြောခွင့်ရသူကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။

မနေ့တုန်းက ရသေ့တောင်မြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွားတာ ရှိခဲ့ကြောင်းကိုတော့ တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောဆိုထားပါတယ်။

“ရသေ့တောင်ဘက်မှာတော့ ဥဒေါင်းတောင်ကျော်လမ်းဘက်မှာတော့ ကျနော်တို့ တိုက်ပွဲဖြစ်ပွါးခဲ့တာရှိတယ်။ ကျန်တဲ့ အသေးစိတ် အခြေအနေကို ကျနော် မသိဘူးခင်ဗျ။”

မနေ့က ရသေ့တောင်မြို့နယ် ဘူးသီးတောင်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ AA ပြောခွင့်ရခိုင်သုခက ဆိုပါတယ်။

ဒီကနေ့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တဲ့ ရွှေလောင်းတင်ကျေးရွာမှာ ပြီးခဲ့တဲ့ တစ်‌ပတ်လောက်ကတည်းက လက်နက်ကြီးကျည် ကျရောက်တာတွေ‌ ရှိနေတာကြောင့် ‌ဒေသခံရွာသား ၃၀၀ လောက်ဟာ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင် နေရပါတယ်။

ဒီရက်ပိုင်းအတွင်း မိုးစဲကျွန်းဒေသဘက်ပစ်ခတ်မှုအတွင်း ရွှေလောင်းတင်နဲ့ အနီးနားရွာကရွာသားအများအပြား နီးစပ်ရာရွာတွေကို တိမ်းရှောင်နေရတယ်လို့လည်း ရသေ့တောင်မြို့အခြေစိုက် ပရဟိတအဖွဲ့က ကိုဘက္ကာကပြောပါ တယ်။

“ရွှေလောင်းတင်ရယ်၊ မြင်းဂန်ချောင်းရယ်၊ ကံပြင်ရယ် ဦးဂါရယ်ဆိုလို့ရှိရင် ခန့်မှန်းခြေတသောင်းကျော်လောက်ရှိမယ်။ စားဝတ်နေရေးမှာ သူတို့မှာ အဲဒီနီးစပ်ရာပေါ့လေ။ ရပ်ဆွေရပ်မျိုးတွေဖြစ်တဲ့အတွက်ကြောင့် နီးစပ်ရာကျေးရွာတွေမှာ ခိုလှုံပြီးတော့ အဲဒီမှာကျေးရွာလူတွေက ကျွေးမွေးထားခဲ့တယ်။”

စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် အာကာတောင်ကျေးရွာက ဒေသခံတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုနဲ့ ပတ်သက်လို့ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ကတော့ အပြန်အလှန်စွပ်စွဲထားကြပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေက တိုက်ပွဲတွေအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ တိုးလာနေတာတွေဟာ စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်းလည်း မကြာသေးခင်ကပဲ ကုလသမဂ္ဂ ထိပ်တန်းအရာရှိတဦးက သတိပေးထားပါတယ်။ အရပ်သားတွေကို တမင်ပစ်မှတ်ထား တိုက်ခိုက်တဲ့ လုပ်ရပ်တချို့ကို တွေ့ရတဲ့အတွက် စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်ကြောင်းလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ သတိပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

















XS
SM
MD
LG