သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလက်ဝမှာ ရခိုင်အထမ်းသမား ၄၀ ကျော်ကို ဖမ်းဆီးအရေးယူ


ချင်းပြည်နယ် ပလက်ဝမြို့။ (ဓာတ်ပုံ - Peter Lawilu, CUSF - Paletwa)
ချင်းပြည်နယ် ပလက်ဝမြို့။ (ဓာတ်ပုံ - Peter Lawilu, CUSF - Paletwa)

[Zawgyi/Unicode]

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တပ်မတော်ကနေ အထမ်းသမားလူ ၄၀ ကျော်ကို ဒေသန္တရ အမိန့်လိုက်နာဖို့ ပျက်ကွက်မှုနဲ့ စိစစ်အရေးယူမယ့်အကြောင်း တင်ဆက်ပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ပလက်ဝမြို့နယ် ကန့်သတ်နယ်မြေအတွင်းမှာ တပ်မတော်လုံခြုံရေးတပ်ဖွဲ့တွေကနေ ရခိုင်ကလာတဲ့ အထမ်းသမား ၄၁ ဦးကို မသင်္ကာမှုနဲ့ ဖမ်းဆီးပြီး လိုအပ်သလို အရေးယူဖို့ အရပ်ဘက်အုပ်ချုပ်ရေးနဲ့ ရဲတပ်ဖွဲ့ကို အပ်နှံခဲ့တယ်လို့ ချင်းပြည်နယ်အစိုးရ စည်ပင်သာယာ ရေးဝန်ကြီး ဦးစိုးထက်ကပြောပါတယ်။

“ကျနော်တို့ ကျောက်တော်နဲ့ ပလက်ဝကြားက ရေလမ်းကုန်းလမ်းပိတ်ထားတယ်ခင်ဗျ။ အထမ်းသမားတွေပေါ့။ ကျနော်တို့ ကျေးရွာက အထမ်းသမားတွေ။ နောက်တခါ IDP Camp မှာရှိတဲ့ အချို့လူတွေကိုက အထမ်းလိုက်တယ်ပေါ့။ အထမ်းလိုက်တော့ တပ်က လုံခြုံရေးယူရင်းနဲ့ အဲဒီဟာတွေကို ညပိုင်းမှာ သွားတွေ့တယ်လို့ ပြောတယ်။ လူက ၄၁ ယောက်ဖြစ်နေတယ်။ နောက် ညပိုင်း ၇ နာရီခွဲဖြစ်နေတော့ အဲဒီ COVID နဲ့ ရော၊ နောက်တခါ ပုဒ်မ ၁၄၄ လည်း ထုတ်ထားတဲ့ဧရိယာလည်း ဖြစ်နေတယ်။ မနက်၆၊ ည ၆ လ။ အဲတာနဲ့ သူတို့ စစ်ဆေးပြီးတော့ အခုတော့ လုပ်ထုံး လုပ်နည်းအရ စစ်ဆေးမှုအကြမ်းတော့ ပြီးပြီ။ ပြီးတော့မှ နယ်ဘက်အုပ်ချုပ်ရေး ထိုက်သင့်သလို အရေးယူဆောင်ရွက်နေပါတယ်။"

ပြီးခဲ့တဲ့စက်တင်ဘာ ၉ ရက်နေ့ကတည်းက တပ်မတော်ကနေ ဖမ်းဆီးပြီး လွှဲအပ်ထားတဲ့ အထမ်းသမား ၄၁ ဦးကို ဒေသန္တရ အမိန့်လိုက် နာရန်ပျက်ကွက်မှု ဥပဒေပုဒ်မ -၁၈၈ နဲ့ အမှုဖွင့် အရေးယူနိုင်ရေး စိစစ်မေးမြန်းနေကြောင်း မနေ့ကရက်စွဲနဲ့ တပ်မတော်ကနေသတင်းထုတ်ပြန်ထားတာပါ။

တပ်မတော်အနေနဲ့ အထမ်းသမား ၄၁ ဦးဟာ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို ရိက္ခာပို့ဆောင်တဲ့သူတွေဆိုပြီး မသင်္ကာလို့ ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ဒီဟာတွေသည် AA အဖွဲ့ ကျနော်တို့ ရိက္ခာပစ္စည်းတွေသွားပို့တယ်လို့ မသင်္ကာစရာတွေ့ရလို့ ကျနော်တို့ အနေနဲ့က ခေါ်ယူစစ်ဆေးတာဖြစ်တယ်။ ထိန်းသိမ်းတာတွေ လုပ်ခဲ့တယ်။ သို့သော် ဒါနဲ့ ပတ်သက်ပြီး စစ်ဆေးဖို့ လိုတာတော့ တရားဥပဒေအတိုင်းဆောင်ရွက်သွားမှာဖြစ်တယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အပ်နှံပြီး ဆောင်ရွက်သွားမှာဖြစ်တယ်။”

အထမ်းသမား ၄၀ ဦးကိုတော့ ပလက်ဝမြို့နယ် ရဲစခန်းနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတွေထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဒေသန္တရ အမိန့်လိုက်နာရန်ပျက်ကွက်မှု ဥပဒေပုဒ်မ -၁၈၈နဲ့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ တို့နဲ့ အမှုဖွင့်သွားဖို့ စီစဉ်နေတာပါ။

ပလက်ဝမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ အကြားဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် ကုန်း၊ လမ်း၊ ရေလမ်းခရီး ပိတ်ဆို့နေပြီးတော့ ကုန်စည်တွေလည်း ပြတ်လတ်နေပြီး လိုအပ်တဲ့ကုန်စည်တွေကို ဒေသခံအထမ်းသမားတွေကနေ ရခိုင်ပြည်နယ်ကနေ တောလမ်းခရီးနဲ့ ထမ်းပိုးယူနေရတဲ့အခြေအနေ ရှိနေပါတယ်။

လက်ရှိရခိုင်ပြည်နယ်အတွင်း COVID 19 ရောဂါကူးစက်ဖြစ်ပွါးမှုနှုန်း မြင့်တက်လာတဲ့အခြေအနေကြောင့် ရခိုင်ပြည်နယ်ကလာတဲ့သူတွေကို အခြားပြည်နယ်နဲ့တိုင်းတွေမှာ ကန့်သတ်စစ်ဆေးမှုတွေလုပ်နေတာလည်း ရှိပါတယ်။

လက်ရှိအထမ်းသမား ၄၁ ဦးကိုတော့ ရောဂါကူးစက်မှုရှိ၊ မရှိ သီးသန့်စောင့်ကြည့်စစ်ဆေးနေတယ်လို့ ပလက်ဝမြို့ ကျန်းမာရေးဝန်ထမ်းတဦး ကပြောပါတယ်။

လက်ရှိပလက်ဝမြို့နယ်မှာ စစ်ရေးပဋိပက္ခဖြစ်ပွါးနေဆဲ အခြေအနေကြောင့် ရခိုင်ပြည်နယ်ကျောက်တော်ကို ဆက်သွယ်တဲ့ ကုလားတန်ရေလမ်းခရီး ပိတ်ပင်နေသလို ပလက်ဝကနေမတူပီဘက်ကို သွားတဲ့ ကုန်းလမ်းခရီးလည်း ပိတ်ပင်နေဆဲ အခြေအနေကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်ဆိုင်းနေပါတယ်။

ကုန်စည်စီးဆင်းမှု ရပ်တန့်နေလို့ အခြေခံစားသောက်ကုန်ပြတ်လတ်နေပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံနေရပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG