သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ် စည်ပင်ဝန်ကြီး လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရ


ချင်းပြည်နယ် စည်ပင်ဝန်ကြီး ခရီးစဉ်တခု (Photo credit- ဆလိုင်းကျော်မိုးထွန်း)
ချင်းပြည်နယ် စည်ပင်ဝန်ကြီး ခရီးစဉ်တခု (Photo credit- ဆလိုင်းကျော်မိုးထွန်း)

(Zawgyi/Unicode)

ချင်းပြည်နယ် ပလက်ဝဆိပ်ကမ်းကနေ ဗုဒ္ဓဟူးနေ့နေ့လည်ပိုင်းက ကုလားတန်မြစ် ကြောင်းအတိုင်း ထွက်ခွာလာတဲ့ သူတို့ စက်လှေကို AA ရခိုင်လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းပြည်နယ်အစိုးရ စည်ပင်သာယာရေး ဝန်ကြီး ဦးစိုးထက်က ဗွီအိုအေကို ပြောပါတယ်။ ဒီတိုက်ခိုက်မှုမှာ သူအပါအဝင် ဒဏ်ရာရသူတစုံတဦးမှ မရှိခဲ့ဘူးလို့ ဝန်ကြီး ဦးစိုးထက်ကဆိုပါတယ်။

အစိုးရနဲ့ လွှတ်တော် တာဝန်ရှိသူတွေရဲ့ ပလက်ဝခရီးစဉ်မှန်သမျှ AA ဘက်ကနေ အန္တရာယ်ပေး ခြိမ်းခြောက်တိုက်ခိုက်လေ့ရှိတယ်လို့လည်း ဦးစိုးထက်က ပြောပါတယ်။

ရွေးကောက်ပွဲစည်းရုံးရေးကာလ နယ်မြေငြိမ်းချမ်းရေးမရှိတာကြောင့် ဒေသခံပြည်သူတွေအတွက် သူတို့ရဲ့လုံခြုံရေးကို စိုးရိမ်မှု ပိုကြီးထွားလာစေတာကြောင့် ဒီအကြမ်းဖက်တိုက်ခိုက်မှုကို ချင်းမျိုးနွယ်စုအဖွဲ့တွေက ရှုတ်ချခဲ့ကြပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

ပလက်ဝဒေသ စစ်ဘေးဒုက္ခသည်တွေအရေးအပါဝင် ဒေသဖွံဖြိုးရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ရက်သီတင်း တပတ်ကြာသွားရောက်ခဲ့တဲ့ ခရီးစဉ်အပြီး ပလက်ဝမြို့က စက်လှေနဲ့ အပြန် ကုလားတန်မြစ်ကြောင်းမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။ သူန့ဲအတူ လုံခြုံရေးအရ လိုက်ပါလာတဲ့ မြန်မာတပ်မတော်ဘက်ကလည်း AA ဘက်ကိုပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ခိုက်မှုဟာ မိနစ် ၃၀ ကျော်လောက် ကြာခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒါအပြင် ဒီတိုက်ခိုက်မှုဟာ အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ဝန်ကြီး ဦးစိုထက်က အခုလိုပြောပါတယ်။

” ဒီနေ့ဖြစ်တဲ့ ဖြစ်စဉ်မျိုးကတော့ အသက်အန္တရာယ် အများကြီး ထိခိုက်နိုင်တဲ့ အနေအထားပါ။ လက်နက်ကြီး လေးငါးဆယ်လုံးလောက်ထိ ပစ်ခဲ့တယ်။ နောက်လက်နက်ငယ်တွေနဲ့လည်း ပစ်တယ်။ ဒါက အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်တဲ့ တိုက်ခိုက်မှုပါ။

မေး။။ AA ကပစ်တယ်ဆိုတာက သေချာလားရှင့်။

ဖြေ။ ။ ဒီမှာက တပ်နဲ့AA နှစ်ခုပဲရှိတာ။ အဲတော့ AA ကပစ်ခတ်တာပါ။

မေး။။ အခုလို AA ဘက်က တိုက်ခိုက်တဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။။ ကျနော်တို့ ဒေသဘက်ကို လုံခြုံရေးကိစ္စပဲဖြစ်ဖြစ်၊ အခြားကိစ္စနဲ့ပဲဖြစ်ဖြစ် သွားတဲ့ ခေါင်းဆောင်တွေကို သူတို့ မကြာမကြာ အဲလို ဒုက္ခပေးဖို့ လုပ်တာမျိုးရှိပါတယ်။ အခုလည်း ကျနော်တို့ ဒေသအတွက် ကျနော်တို့က IDP စခန်းထဲရောက်နေတဲ့ ဒုက္ခသည်တွေကို အားပေးဖို့၊ ထောက်ပံ့ဖို့ ပြည်နယ်အဆင့် တာဝန်ရှိသူတဦးအနေနဲ့ လာတဲ့အချိန်မှာ အဲဒီလိုတိုက်ခိုက်ခံခဲ့ရတာပါ။ နောက်အရင်တုန်းကလည်း တော်တော်ကို ရဲရဲတင်းတင်းဖမ်းတာဆီးတာတွေရှိပါတယ်။ အခုလည်း ဒေသအကျိုးအတွက် လုပ်တဲ့သူဆိုရင် မကြာမကြာ ခြိမ်းခြောက်တာ၊ ပစ်ခတ်ခံရတာတွေ ဖြစ်ပါတယ်။

မေး။။ အဲတော့ ပလက်ဝဒေသမှာ အခုလို လက်နက်ကိုင်တိုက်ပွဲတွေ၊ ကိုဗစ်ကာလ အကြပ်အတည်းတွေ ကြားမှာ ဒေသခံပြည်သူတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို ဘယ်လို ဖြေရှင်းပေးသင့်သလဲရှင့်။

ဖြေ။ ။ နယ်မြေလုံခြုံမှု၊ နောက်ပြီးတော့ နယ်မြေအေးချမ်းမှု ကတော့ နိုင်ငံတော်အဆင့်က လုပ်ရမယ့် အစီအစဉ်ပါခင်ဗျ။ နိုင်ငံတော်အဆင့်ကပဲ ဒါကို တာဝန်ယူလုပ်မှပဲ အေးချမ်းသွားမှာပါ။ အခုလည်း နိုင်ငံတော် လုံခြုံရေး တာဝန်ယူထားတဲ့ ဝန်ထမ်းတွေက ကိုယ်စီတာဝန်ယူပြီးလုပ်ကြပါတယ်။ ဒါပေမဲ့ အခုအနေအထားက မိုးရာသီလည်းဖြစ်နေတယ်။ နောက် ကိုဗစ်လည်း ဖြစ်နေတဲ့ကြားမှာ နှစ်ဘက် အမြင်အမျိုးမျိုးနဲ့ ... အပစ်အခတ်ရပ်စဲကြောင်း ကြေညာတာတွေလည်း တွေ့ပါတယ်။ ဒါပေမဲ့ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်၀ မပါ အဲလိုပုံစံမျိုးဖြစ်နေတာပေါ့။ ဒီလိုအခြေအနေမျိုးမှာ ငြိမ်းချမ်းရေးပေါ်မှာ နှစ်ဘက် စလုံးရပ်တည်ဖို့တော့ လိုပါတယ်။ ကိုဗစ်ကလည်းဖြစ်နေချိန်ဆိုတော့ စားဝတ်နေရေးကလည်း ခက်ခဲပြီး၊ သွားရေးလာရေးကလည်း အင်မတန်မှ ခက်ခဲတဲ့ အနေအထားရောက်နေတယ်။ အဲဒါကြောင့် ပြည်သူလူထုကို ငဲ့ညှာသောအားဖြင့် စစ်ပွဲတွေ၊ တိုက်ပွဲတွေ မဖြစ်ပဲနဲ့ ကမ္ဘာနဲ့ ပြည်တွင်းက တောင်းဆိုသလိုပဲ အပစ်အခတ်ရပ်စဲပြီးတော့ ငြိမ်းချမ်းတဲ့ဒေသဖြစ်ဖို့ နှစ်ဖက်စလုံး စဉ်းစားပြီး သွားသင့်တယ်လို့ ထင်ပါတယ်။

မေး။။ အင်တာနက်တွေ ပိတ်ထားတာကရော ဘယ်တော့ ပြန်ဖွင့်ပေးဖို့ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ဒေသက ပဋိပက္ခ အရင်ကတည်းကဖြစ်နေတော့ အမုန်းစကားတွေ တအားများလွန်းလို့ အခုလို အင်တာနက်ပိတ်တယ်လို့ ထင်ပါတယ်။ အခုဖွင့်ပေးလိုက်လို့ ရှိရင်လည်း အမုန်းစကားတွေက ပိုပြီးတော့ဖြစ်လာနိုင်တဲ့ အနေအထားတွေ ဖြစ်လာနိုင်ပါတယ်။ တဖက်မှာလည်း ကြာကြာပိတ်ထားတော့ လူထုအတွက် အခု ကိုဗစ်ရောဂါကာကွယ်ရေး အသိပညာပေးဖို့ လိုအပ်တဲ့အချိန်ကြတော့ အခက်အခဲဖြစ်နေပါတယ်။ နောက် အခုလို ရွေးကောက်ပွဲ လုပ်မယ့် အချိန်ကြတော့လည်း အင်တာနက်ကို ကြာကြာပိတ်တာဟာ ကျနော်တို့ ရွေးကောက်ပွဲ ကျင်းပဖို့ အထောက်အကူမရပဲနဲ့ အခက်အခဲဖြစ်နေပါတယ်။ ဖွင့်တာ၊ ပိတ်တာ ဘယ်ဟာပိုကောင်းလဲလို့ ပြောရမယ်ဆိုရင်တော့ အင်တာနက်ဖွင့်တာက ကောင်းကျိုး ပိုပြီးများမယ်လို့ မြင်ပါတယ်။

ဝန်ကြီး ဦးစိုးထက်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပလက်ဝမြို့နယ်၊ အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းလည်းဖြစ်ပါတယ်။

ဝန်ကြီး ဦးစိုးထက် ခရီးစဉ် တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ AA တာဝန်ရှိသူတွေဘက်ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ အချိန်မှီ ဆက်သွယ်လို့မရဖြစ်နေပါတယ်။

အခုလို ပလက်ဝဒေသခရီးစဉ်အတွင်း ပြည်နယ်ဝန်ကြီး ဦးစိုးထက်ကို AA လက်နက်ကိုင်အဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှုဟာ နယ်မြေငြိမ်းချမ်းရေး ဒေသခံပြည်သူတွေရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နေတယ်လို့ မြင်ကြောင်းခူမီးချင်း မျိုးနွယ်စုများရေးရာပေါင်းစပ်ညှိုနှိုင်းရေးကောင်စီ KACCပြောခွင့်ရ မိုင်နန်းေ၀ က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ပစ်ခတ်တယ်ဆိုကတည်းကပေါ့နော် ဒါက ဘယ်လိုပဲဖြစ်ဖြစ် ခြိမ်းခြောက်ပြီးတော့ ပစ်ခတ်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် လုပ်ကြံချင်လို့ ပစ်ခတ်တာပဲဖြစ်ဖြစ်၊ ဘယ်လို ပစ်ခတ်တာပဲဖြစ်ဖြစ် ဘယ်အဖွဲ့ကပဲ ပစ်ပစ်ပေါ့နော်။ AA သော်လည်းကောင်း မြန်မာစစ်တပ်သော်လည်းကောင်း ဘယ်အဖွဲ့ကပစ်ပစ် ဒါသည် ပြစ်သူလူထုအပေါ်မှာ နယ်မြေငြိမ်းချမ်းရေးကို အများကြီးစိန်ခေါ်မှုဖြစ်တယ် ။ နောက်တချက်ကကျတော့ ဒေသအကျိုးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် လုပ်ဆောင်နေတဲ့ ဝန်ကြီးတယောက်ကို ဒီလိုမျိုး ဖွံ့ဖြိုးရေးလုပ်ငန်းခရီးစဉ်သော်လည်းကောင်း ပါတီကိစ္စခရီးစဉ်သော်လည်းကောင်း သွားတဲ့အချိန်မှာ ဒီလိုပစ်ခတ်မှုဖြစ်တယ်ဆိုတာက အကြမ်းဖက်တဲ့ လုပ်ရပ်ဖြစ်တယ်ပေါ့နော်။ ဒီလိုလုပ်ရပ်တွေကို ဘယ်အဖွဲ့ကပဲလုပ်လုပ် ကျမတို့ ကန့်ကွက်ရှုတ်ချပါတယ်။”

အခုချိန် နယ်မြေတွင်း တိုက်ခိုက်မှုတွေ အဆက်မပြတ်ရှိနေတဲ့အတွက် နိုဝင်ဘာ (၈)ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပလက်ဝမှာ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးနိုင်မယ့်အခြေအနေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်မယ့် အခြေအနေကိုတောင် စိုးရိမ်နေရတယ်လို့လည်း KACC ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


................


(Unicode)





















XS
SM
MD
LG