သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရသေ့တောင်ဘက်မှာ လက်နက်ကြီးကျည်ကြောင့် ၇ နှစ်အရွယ်ကလေး ဒဏ်ရာရ


တိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့နယ်က ထွက်ြပေးလာတဲ့ ဒေသခံများ။ (ဇွန် ၂၇၊ ၂၀၂၀)
တိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့နယ်က ထွက်ြပေးလာတဲ့ ဒေသခံများ။ (ဇွန် ၂၇၊ ၂၀၂၀)

(Zawgyi / Unicode)

ရခိုင်မှာ လက်နက်ကြီးကျည်ကျလို့ လူမမည်ကလေးငယ်တွေပါ အသက်အန္တရာယ် စိုးရိမ်နေရတဲ့အတွက် တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ပေးဖို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကူညီကယ်ဆယ်ပေးနေသူတွေက တောင်းဆိုနေကြပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ရခိုင်လက်နက်ကိုင်တပ် (AA) နဲ့ မြန်မာအစိုးရတပ်တို့ကြား စစ်ရေးတင်းမာနေဆဲအချိန် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူကမ်း အောင်စည်ကုန်းကျေးရွာမှာ စက်တင်ဘာလ ၁၁ ရက်နေ့ သောကြာနေ့ နေ့လယ်က ကျေးရွာထဲ လက်နက်ကြီးကျည်ကျလို့ နေအိမ်ထဲ တီဗွီကြည့်နေတဲ့ ကလေးငယ်တဦး ထိခိုက်ဒဏ်ရာရပြီး အခြေအနေက စိုးရိမ်ရတဲ့အတွက် စေတီပြင် တိုက်နယ်ဆေးရုံကနေတဆင့် စစ်တွေဆေးရုံမှာ အရေးပေါ်ဆေးကုသမှု ခံယူနေရတယ်လို့ ရသေ့တောင်မြို့နယ် ANP ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပြပါတယ်။

“ရေတပ်ကနေ လက်နက်ကြီး ပစ်လိုက်တဲ့အတွက် အသက် ၇ နှစ်အရွယ် ကလေးငယ်လေးဆီကို ကျလာပါတယ်။ သူ့မိဘတွေကလည်း ကျမဆီကို ဖုန်းဆက်အကြောင်းကြားလာပါတယ်။ ပထမ စေတီပြင်ဆေးရုံမှာ ဆေးကုသပါတယ်။ အခုတော့ ကျောကုန်းကို ဖောက်ထွက်သွားတဲ့ ဒဏ်ရာက ပြင်းတဲ့အတွက် စစ်တွေဆေးရုံကို ပို့ထားတယ်ဆိုတာကိုတော့ သိရပါတယ်။ အခုလို နှစ်ဦးနှစ်ဖက် တိုက်ပွဲတွေကြားမှာ မြေဇာပင်ဖြစ်နေရတဲ့ ပြည်သူတွေရဲ့ ဒုက္ခတွေက ပိုပိုများလာတာကိုလည်း ကျမတို့ တွေ့နေရပါတယ်။ အခုက COVID-19 ရောဂါလည်း ဖြစ်နေကြတဲ့အချိန်မှာ နှစ်ဦးနှစ်ဖက် တိုက်ပွဲတွေတော့ ရပ်ဖို့လိုပါတယ်။ နောက် အဲ့လိုမျိုး လက်နက်ကြီးတွေကိုလည်း ရမ်းသန်းမပစ်ဖို့ လိုပါတယ်။

“အခုက ကိုယ့်အိမ်ကိုယ်ယာမှာနေပြီးတော့ ဒီကလေးဆိုလည်း ဆော့နေတယ်၊ တချို့မိသားစုဆိုလည်း ကိုယ့်အိမ်မှာကိုယ် ထမင်းချက်နေတဲ့ အချိန်မှာ လက်နက်ကြီးကျည် ကျလာလို့ သေကြရတဲ့ပြည်သူတွေ ရှိတယ်။ မြေပုံမှာဆိုရင် အခုရက်ပိုင်းပဲ ကျောင်းဆရာမသားအမိ သေတယ်။ မကြာခဏ မိုင်းတွေထိတာရှိတယ်။ ဒါပေမယ့် ဒီကနေ့အချိန်အထိ ပြည်ထောင်စု အစိုးရကသော်လည်းကောင်း ပြည်နယ်အစိုးရကလည်း အတူတူပါပဲနော်၊ ဒီကနေ့အချိန်အထိ တာဝန်ယူမှု တာဝန်ခံမှုကတော့ အင်မတန်မှကို အားနည်းနေတယ် ဆိုတဲ့အကြောင်းကိုလည်း ပြောချင်ပါတယ်။”

အခုလို ရသေ့တောင်က လူမမည်ကလေးငယ်လေး ထိခိုက်ဒဏ်ရာ ရတဲ့အထိ ဖြစ်ရတဲ့အတွက် ဒေသခံပြည်သူတွေ ထိခိုက်မှုတွေ မဖြစ်အောင် အပစ်ရပ်၊ စစ်ရပ်ကြဖို့ လိုတယ်လို့လည်း စစ်ပြေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ရဲ့ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“မနေ့ညက အဲ့မှာ ကူညီပေးနေတဲ့တယောက်က ကျနော်တို့ဆီကို ဆက်သွယ်ပြီး ပြောလာတာ ရှိပါတယ်။ အခု စစ်တွေကို ဆက်ပို့ပြီး ဆေးကုသမှုခံရမယ်။ ကလေးလေးတွေရဲ့ မိဘကလည်း အရမ်းကို အဆင်မပြေတဲ့အတွက်ကြောင့် အကူအညီပေးဖို့အတွက် ကျနော်တို့ ဆက်သွယ်ကြပါတယ်။ ကျနော်တို့ပြောချင်တာကတော့လေ ကိုဗစ်ဒုတိယလှိုင်းက တနိုင်ငံလုံးမှာပါ ရောဂါကူးစက်မှု မြန်ဆန်နေတဲ့ ကာလမျိုးကြီးမှာ တိုက်ပွဲတွေကို ရပ်ဆိုင်းထားမှ ဖြစ်မယ်ဗျ။ နှစ်ဖက်တပ်တွေက စစ်ဆင်ရေးတွေ စစ်ရေးလှုပ်ရှားမှုတွေ မလုပ်ကြဖို့ လိုပါတယ်။ နောက် ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေကို ရမ်းသန်းပစ်ခတ်တဲ့ အခါမှာလည်း အခုလိုမျိုး အရပ်သားပြည်သူတွေ အထူးသဖြင့် ကလေးသူငယ်တွေပါ ထိခိုက်ဒဏ်ရာရတာ များလာတာပေါ့။ အစိုးရဘက်ကလည်း ဒါနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားဖို့ လိုပါတယ်ခင်ဗျ။”

လက်ရှိတိုက်ပွဲတွေကြောင့် အသက်ဘေးက စိုးရိမ်ရလို့ စစ်ဘေးကလွတ်အောင် ပြေးနေကြရတဲ့ ဒေသခံပြည်သူ စစ်ပြေးဒုက္ခသည်ပေါင်း ၂ သိန်းဝန်းကျင်အထိ ဖြစ်နေပြီဖြစ်လို့ သူတို့အတွက် စားဝတ်နေရေးနဲ့ လုံခြုံရေးဟာ စိုးရိမ်စရာ အနေအထား ဖြစ်လာနေတယ်လို့ ကိုဇော်ဇော်ထွန်းက ဆက်ပြောပါတယ်။

“အရေအတွက်က ၂ သိန်းအောက်တော့ မလျော့ဘူး။ ပိုလာဖို့ပဲရှိတယ်။ ၂ သိန်းကျော်၊ ၂ သိန်း ၁ သောင်းလောက်ကို ရှိလာပြီလို့ သုံးသပ်ပါတယ်ခင်ဗျ။ စစ်ဘေးရှောင်တွေရဲ့ အခြေအနေက သြဂုတ်လကစပြီး အထောက်အပံ့တွေ လုံးဝမရောက်ဘူးလို့ စခန်းတော်တော်များများက ပြောကြပါတယ်ခင်ဗျ။ ကိုဗစ်ကာလမှာ အသွားအလာ ကန့်သတ်မှုတွေ ရှိတယ်။ ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်သွားတယ်။ တချို့ စစ်ဘေးရှောင်စခန်းတွေဆိုရင် Lockdown ပုံစံမျိုး ချပြီးတော့ နေရတယ်။ စားရေးသောက်ရေးအတွက်က လိုအပ်ချက်တွေ အများကြီး ရှိလာပါတယ်။ တော်တော့်ကို ဆိုးဆိုးဝါးဝါး အဆိုးဆုံးအခြေအနေလို့တောင် ပြောလို့ရပါတယ်။ ဒီ စားရေးသောက်ရေးနဲ့ နေရေးထိုင်ရေးအတွက်မှာ အရမ်းကို အခက်အခဲ တွေ့နေပါတယ်။ နောက်တခုကကျတော့ ကျန်းမာရေးပြဿနာပေါ့နော်၊ စစ်ဘေးရှောင်စခန်းတွေမှာ အခု သွားလာမှုတွေ ကန့်သတ်လိုက်တဲ့ အခါကျတော့ ဆေးရုံဆေးခန်းတွေကလည်း ကိုဗစ်နဲ့ အလုပ်ရှုပ်နေကြတဲ့အခါမှာ ကျန်းမာရေးစောင့်ရှောက်မှု အတွက်ကလည်း အရမ်းကို ကြီးမားတဲ့ ပြဿနာတရပ် ဖြစ်လာနေပါတယ်ခင်ဗျ။”

အခုလို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်ဘက်အဖွဲ့တွေဘက်က စိုးရိမ်မှုတွေ မြင့်တက်လာပြီး တိုက်ပွဲတွေရပ်ဖို့ တောင်းဆိုချိန်မှာပဲ ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝက ဒေသခံ အရပ်သားပြည်သူလူထု သေဆုံးဒဏ်ရာရ ထိခိုက်မှုတွေ များလာတဲ့အပြင် ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါ စိုးရိမ်စရာ အခြေအနေကြောင့် တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အကြား တိုက်ခိုက်နေကြတာကို ချက်ချင်းရပ်ဆိုင်းဖို့ အမေရိကန်ပြည်ထောင်စု အပါအဝင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံ ၈ နိုင်ငံကလည်း စက်တင်ဘာလ ၁၁ ရက်နေ့ရက်စွဲနဲ့ ပူးတွဲကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)


















XS
SM
MD
LG