သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းပြားမှာ ရဲအရာရှိတစ်ဦး သေနတ်ပစ်ခံရပြီး ဒဏ်ရာရ


မင်းပြားမြို့။
မင်းပြားမြို့။

[Zawgyi/Unicode]

ရခိုင်မြောက်ပိုင်း မင်းပြားမြို့ပေါ်မှာ မနေ့က ညနေပိုင်းက နယ်ထိန်းရဲအရာရှိ ရဲအုပ်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အကြောင်း ပြောချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ရခိုင်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၇ နာရီဝန်းကျင်လောက်မှာ နယ်ထိန်းရဲအရာရှိ တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဆေးရုံတင်ထားရတယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

"အပစ်ခံရတဲ့ တစ်ယောက်က နယ်ထိန်းရဲလို့ပြောတယ်။ သူကိုတော့ ဆေးရုံတင်ထားတယ်။ သေတာတော့ မဟုတ်ဘူး။ သူကဒဏ်ရာရသွားတာပဲ ရှိတယ်။ သေတာတော့ မဟုတ်ဘူး။"

ပစ်ခတ်ခံရသူဟာ မနေ့က ညနေပိုင်း မင်းပြားမြို့ပေါ် ရာမောင်ခန်းမဘေးက စားသောက်ဆိုင်မှာ စားသောက်နေချိန် ဘယ်သူဘယ်ဝါဆိုတာ မသိရတဲ့ လူနှစ်ယောက်က လာပြီး သေနတ်နဲ့ ပစ်သွားတာဖြစ်တယ်လို့ မင်းပြားဒေသခံ ကိုမောင်ဖြူက ပြောပါတယ်။

"ညနေ ၇ နာရီပတ်ဝန်းကျင်လောက်မှာ မြို့ထဲက သေနတ်ပစ်သံ တစ်ချက်ကြားတယ်ဗျာ။ အဲဒါနဲ့ ဖုန်းဆက်ပြီးတော့ စုံစမ်းကြည့်တော့ နယ်ထိန်းခေါင်းဆောင် တစ်ဦးကို ရာမောင်ခန်းမဘေးက စားသောက်ဆိုင်မှာ စားသောက်နေတုန်း အမည်မသိ လူနှစ်ယောက်ကလာပြီး သေနတ်နဲ့ ပစ်တယ်ဆိုတာ အဲဒီလောက်ပဲ ကျနော်တို့က ကြားမိပါတယ်။"

မင်းပြားမှာ နယ်ထိန်းရဲအရာရှိ ပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီးမေးမြန်းဖို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့လည်း အတည်ပြုချက် တစ်စုံတစ်ရာ မရခဲ့ပါဘူး။

မင်းပြားမြို့နယ်ဘက်မှာ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားတာလည်း ရှိနေပြီး အခုလိုမြို့တွင်းမှာ ရဲအရာရှိ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဒေသခံတွေအနေနဲ့လည်း စိုးရိမ်မှုတွေရှိတယ်လို့ မင်းပြားဒေသခံ ကိုမောင်ဖြူ ကပြောပါတယ်။

"စိုးရိမ်မှုတော့ ရှိတယ်ဗျာ ... အခုလို ကိုဗစ်ကာလမှာ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်လို့မရ ပြီးတော့ အခြေအနေကလည်း ရောဂါကတစ်မျိုး၊ တိုက်ပွဲက တစ်မျိုး အဲလိုအခြေအနေမှာ ဒီလိုသေနတ် ပစ်ခံရတာ လမ်းသွားလမ်းလာ တချို့ဆိုရင် ညဘက်အလုပ်ဆင်းရတာ အဲဒါတွေနဲ့ အဆင်မပြေတော့ဘူး။ နေ့ဘက်တွေ သွားလာရမှာတောင် ကျနော်တို့မြို့မှာက အဆင်မပြေတော့ဘူး... လူတွေက ကြောက်လန့်နေကြတယ်။"

ရခိုင်မြောက်ပိုင်းတိုက်ပွဲတွေအတွင်းမှာ အရပ်သားတွေသာမက ရဲတပ်ဖွဲ့ဝင်တွေပါ သေဆုံးတာတွေ ရှိနေတာကြောင့် ပြည်သူတွေရဲ့ လုံခြုံရေး အရင်ကထက် ပိုပြီး စိုးရိမ်စရာဖြစ်လာတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က ကျောက်တော်မြို့သစ်ရပ်ကွက်မှာ ဆိုင်ကယ်နဲ့သွားတဲ့ ရဲအရာရှိတစ်ဦးကို အမည်မသိ ဆိုင်ကယ်သမားနှစ်ယောက်က ဓားနဲ့ ထိုးသတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ကလည်း ကျောက်တော်မြို့မရဲစခန်းမှူး ရဲမှူး စောသန်းလွင်ဟာ ဓားထိုးခံရပြီး သေဆုံးသွားခဲ့သလို ၂၀၁၉ စက်တင်ဘာလ ၂၂ ရက်နေ့မှာလည်း ကျောက်တော်ရဲစခန်းက ရဲတပ်ကြပ်တစ်ဦး ဓားထိုးခံရပြီး သေဆုံးသွားပါသေးတယ်။

ဒါ့အပြင် စစ်တွေမြို့မှာလည်း ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ညနေပိုင်းက စစ်တွေမြို့ အမှတ် ၁ ရဲစခန်းက တပ်ကြပ်ကြီးတစ်ဦးဟာ သူရဲ့ နေအိမ်အနီးမှာ အမည်မသိ လူနှစ်ဦးက ဓားနဲ့ ထိုးသတ်ခံခဲ့ရပါတယ်။

ရခိုင်မြောက်ပိုင်း တိုက်ပွဲတွေအတွင်းမှာ ရဲကင်းစန်းတွေလည်း မကြာခဏ တိုက်ခံရတာတွေ ရှိသလို ရဲတပ်ဖွဲ့ဝင်တွေ ဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း မကြာခဏဆိုသလို လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးမှုတွေကို ခံနေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]















XS
SM
MD
LG