သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦးမြို့အနီး လက်နက်ကြီးများပစ်ခတ်


မြောက်ဦးရှေးဟောင်းအမွေအနှစ်စေတီများ
မြောက်ဦးရှေးဟောင်းအမွေအနှစ်စေတီများ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်း အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေဆဲ ဖြစ်သလို တိုက်ပွဲကြောင့် ဒေသခံ ရွာသားတွေကလည်း စစ်ဘေး တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နှစ်ဘက်တိုက်ခိုက်မှု အနည်းအကျဉ်းသာ ရှိပေမဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု ပိုများတယ်လို့ ဒေသခံတွေနဲ့ ရခိုင်တပ်မတော်ဘက်က ပြောပါတယ်။ ရခိုင်ဒေသအတွင်း စစ်ရေးတင်းမာနေမှု အခြေအနေကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ဒီကနေ့မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့အကြား တိုက်ပွဲ အနည်းအကျဉ်း ရှိခဲ့ပေမယ့် မြောက်ဦးနဲ့ မင်းပြား နယ်စပ်ဘက်က တောင်တန်းတွေအပေါ် တပ်မတော်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု များပြားနေတယ်လို့ AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခကပြောပါတယ်။

“ဒီနေ့မှာတော့ တိုက်ပွဲ နည်းနည်းပါးပါး ထိတွေ့မှုတွေလောက်တော့ ရှိတယ်။ ဗမာစစ်တပ်ဘက်ကတော့ လက်နက်ကြီးတွေနဲ့ တနေကုန် လှမ်းပစ်နေတာရှိတယ်။ မြောက်ဦးမြို့နယ်ထဲမှာရော နောက်ပြီးတော့ မြောက်ဦးနဲ့ မင်းပြားအစပ် အဲဒီဘက်မှာ ပစ်နေတာရှိတယ်။”

မြောက်ဦးမြို့နယ် ဆင်အိုး ကျေးရွာဘက်မှာလဲ လက်နက်ကြီးတွေ ပစ်ခတ်သံကြားနေရလို့ ဒေသခံရွာသားတွေ ကြောက်လန့်နေကြတယ်လို့လည်း ချိတ်ချောင်းကျေးရွာမှူး ဦးမောင်သိန်းထွန်းက ပြောပါတယ်။

“လေးမြို့မြစ်ရဲ့ အပေါ်ဘက် ကုန်းချောက် အဲဒီမနက် လေယာဉ်တွေနဲ့ သွားတာမြင်တယ်။ ဆင်အိုးအပေါ်ပိုင်းရော အဲဒီ နေရာတွေကနေပြီးတော့ သူတို့ လက်နက်ကြီးတွေနဲ့ ဘယ်လိုသဘောနဲ့ ပစ်နေလဲ မသိဘူးလေ… ကျွန်တော်တို့က။ လက်နက်ကြီးတွေ တဂျိန်းဂျိန်း ပစ်နေတယ်ဆိုတော့ ကြောက်ကြတာပေါ့။ အဲဒီဘက်က ရွာသားတွေလဲ တဘက်က ရွာတွေမှာ နောက်ပြီး မြောက်ဦး အဲဒီလို ကယ်ဆယ်ရေး စခန်းတွေမှာဘဲ ပုန်းခိုနေရတယ် သူတို့ကလည်း။”

ဆင်အိုးကျေးရွာ အထက်ဘက်ကို တပ်မတော်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ် လို့လည်း မြောက်ဦးမြို့နယ် စစ်ရှောင်စခန်းကို သွားရောက်နေတဲ့ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

“အမြှောက်ကတော့ (၁၀) မိနစ်တကြိမ် (၁၅) မိနစ ်တကြိမ် ဒီလိုမျိုး ပစ်နေတာ ရှိပါတယ်။ မြောက်ဦးရဲ့ အရှေ့ဘက်က ကြားရတယ်။ ဒုက္ခသည်စခန်း (၆) ခုကို ကျနော် ပတ်ပြီးတော့သွားတယ်။ အဲဒီမှာ ဒုက္ခသည်တွေနဲ့ တွေ့တယ်။ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ သူတွေနဲ့ တွေ့တယ်။ အဲဒီအချိန်မှာပဲ လှမ်းကြားနေရတာ။ ဆင်အိုးနဲ့မြောက်ဦး အကြားပေါ့… တိုက်ပွဲ ဖြစ်နိုင်တာများတယ်။”

မနေ့ကလည်း ရသေ့တောင်မြို့နယ် ခရုချောင်းနဲ့ပဲ သဒူရွာအကြားမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရွာသား ၁၀၀၀ ခန့် နေရပ်ကနေ စွန့်ခွာထွက်ပြေးနေရတယ်လို့ ပဲသဒူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သာလှိုင်က ပြောပါတယ်။

“တိုက်ပွဲဖြစ်တာက မနေ့က (၁၀) နာရီခွဲလောက်က ဖြစ်တာ။ (၃) နာရီ (၁၅) မိနစ်ကစပြီး လေယာဉ်နဲ့ လာပစ်တာ။ ရဟတ်ယာဉ်က ၂ စီးနဲ့ လာပစ်တာ။ ဟိုမှာရွာသားတွေက လုံခြုံတဲ့ နေရာမှာတော့ ထွက်ပြေးရတာပေါ့။ ကျနော်တို့ ဒါပဲ သဒူရယ်၊ ကျောက်အိုးပုတ်ရယ်။ နောက်ပြီး ခရုချောင်းဘက်က ထွက်ပြေးရတာပေါ့။ အခု စုစုပေါင်း ထွက်ပြေးနေတဲ့ဟာ ၁၀၀၀ ကျော်ကျော်လောက်တော့ ရှိမယ်။”

ခရုချောင်း ရွာသားတွေဟာ ဈေးခေါင်းရွာမှာ တိမ်းရှောင်နေရသလို အခုချိန်ထိ ရွာမပြန်ရဲသေးဘူး လို့ သူကဆိုပါတယ်။

မနေ့က ရေသေ့တောင်မြို့နယ်နဲ့ မြောက်ဦးမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပက်သက်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“မနေ့ကတော့ ကျနော်တို့ ရေစိုးချောင်းဘက်မှာ ဖြစ်ခဲ့တာတော့ ရှိတယ်။ ရေစိုးချောင်းမှာ နေ့ခင်းပိုင်းမှာ ဖြစ်တယ်။ သာမန် ထိတွေ့မှုပါဘဲ။ (၂၆) ရက်နေ့ မနက် (၂) နာရီလောက်ကနေ (၅) နာရီလောက်က ဖြစ်သွားတာရှိတယ်။ ဟို…ကျောက်တော်နဲ့ မြောက်ဦးကြားမှာ လင်းမြွေတောင်ဆိုတာ ပြည်ထောင်စုလမ်းကြီးရှေ့မှာ လမ်းလုံခြုံရေး အဖွဲ့နဲ့ ကျနော်တို့ AA (၁၅၀) လောက်နဲ့ ဖြစ်တာ။ ရန်သူ့ဘက်ကတော့ ကျနော်တို့ အလောင်းတွေ၊ လက်နက် ဆက်စပ်ပစ္စည်းတွေ ရပါတယ်။”

မနေ့က မြောက်ဦးမြို့နယ်လင်း မြွေတောင်တိုက်ပွဲမှာ နှစ်ဘက် အကျဆုံးတွေ ရှိနေခဲ့တယ်လို့ ရက္ခိုင့်တပ်မတော် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက အခုလိုပြောပါတယ်။

“မြောက်ဦးမြို့လင်း မြွေတောင်မှာ အခြေပြုထားတဲ့ ဗမာစစ်တပ်ရဲ့ (၂၇၀) အဲဒီ တပ်ရင်းကို ကျနော်တို့ ရက္ခိုင့်တပ်မတော် ရဲ့ ကွန်မန်ဒို စစ်ကြောင်းကနေပြီးတော့ ဝင်ရောက် တိုက်ခိုက်ခဲ့တာရှိတယ်။ မနက် (၅) နာရီလောက်မှာတော့ အပြတ်အသတ် ချေမှုန်းပြီးတော့ ကျနော်တို့ဘက်က အောင်မြင်စွာနဲ့ ပြန်ဆုတ်ခွါခဲ့တယ်။ အဲဒီတိုက်ပွဲမှာ ဗမာစစ်တပ်ဘက်ကတော့ ထိခိုက်ကျဆုံးမှု စုစုပေါင်း (၅၀) ကျော်ရှိခဲ့တယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက် ကျဆုံးမှု အနည်းဆုံးနဲ့ နေပြီးတော့နော် အထိရောက်ဆုံး တိုက်ခိုက်နိုင်ခဲ့တယ်လို့ ပြောလို့ရတယ်။”

နှစ်ဘက် ထိခိုက်ကျဆုံးမှု အရေအတွက်ကိုတော့ တပ်မတော်ဘက်ကနေ ထုတ်ပြောခြင်း မရှိခဲ့ပါဘူး။ ဖေဖေါ်ဝါရီနဲ့ မတ်လ ၂ လအတွင်း AA နဲ့ မြန်မာအစိုးရတပ်တို့ကြား တိုက်ပွဲပေါင်း ၁၀၀ နီးပါး ဖြစ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA အဖွဲ့တို့ စစ်ရေး ပဋိပက္ခဖြစ်စဉ်အတွင်း ကျေးရွာသား (၂၀၀၀၀) ကျော် ဒုက္ခသည်အဖြစ် စစ်ဘေး တိမ်းရှောင်နေရသလို ဒေသအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုခံရမှု ဖမ်းဆီး ရိုက်နှက်ခံရမှု တိုက်ပွဲအတွင်း ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုတွေကလည်း တနေ့တခြား မြင့်တက်လာနေတယ်လို့ ဒေသအတွင်း လူမှုအဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG