သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ အစိုးရကြားဝင်ဖြေရှင်းဖို့ ဒေသခံများတောင်းဆို


ရခိုင်ဒုက္ခသည်များ (Khine Murn Chun (Citizen Journalist)

ရခိုင်မြောက်ပိုင်း စစ်ရေးပဋိပက္ခကို ငြိမ်းငြိမ်းချမ်းချမ်းအဖြေရှာဖို့ စစ်တွေ ဒေသခံတွေနဲ့ ရဟန်းသံဃာတွေက အစိုးရကိုတင်ပြထားရာမှာ၊ ဒီလိုလားချက်တွေကို အစိုးရက မဖြေရှင်းပေးဘူးဆိုရင် ရခိုင်တပြည်လုံးအတိုင်းအတာနဲ့ ဆန္ဒဖော်ထုတ် သွားမယ့်အကြောင်း တတ်ကြွလှုပ်ရှားသူတွေက သတိပေးလိုက်ပါတယ်။ ဗွီအိုအေ သတင်းထောက်ကိုဇော်ထက် သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်တွင်း မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ စစ်ပွဲတွေကြောင့် ဖြစ်လာတဲ့မတည်ငြိမ်မှုတွေကို အစိုးရက ကြားဝင်ကိုင်တွယ်ဖြေရှင်းပေးဖို့ စစ်တွေဒေသခံတွေနဲ့ ရဟန်း သံဃာတွေ အချက်၎ချက်နဲ့ တောင်းဆိုလိုက်ပါတယ်။ မေလဆန်းပိုင်းမှာ ကျင်းပခဲ့တဲ့ စစ်တွေဒေသခံနဲ့ ရဟန်းသံဃာတွေနဲ့ အစည်းအဝေးအရ အခုလိုဆုံးဖြတ်လိုက်တာဖြစ်ပြီး ဒေသခံတွေ နောက်ဆုံးသတ်မှတ်ထားတဲ့ မေလ ၁၇ရက် အထိ အစိုးရက တုံ့ပြန်မှုမရှိဘူးဆိုရင် မေလ၁၉ ရက်မှာ စစ်တွေမြို့မှာ ဆန္ဒဖော်ထုတ်တာတွေ စလုပ်သွားမယ်လို့ ဆန္ဒဖော်ထုတ်မှု ဖြစ်မြောက်ရေးကော်တီမှာပါဝင်တဲ့ အနောက်တံခါးဒေသ ကူညီစောင့်ရှောက်ရေးအဖွဲ့ခေါင်းဆောင် ဦးအောင်ဌေးက ပြောပါတယ်။

“ အခုလက်ရှိဖြစ်နေတဲ့ အခြေအနေမှာတော့ ပြည်သူတွေကတော့ အကုန်လုံးပူးပေါင်းပါဝင်ပြီး ဖြစ်နေတဲ့ပြဿနာတွေကို အမြန်ဆုံးရပ်တန့်သွားအောင်ဖြေရှင်းချင်တဲ့ ဆန္ဒတွေကတော့ ရှိတာပေါ့ ၁၇ မြို့နယ်အနေနဲ့ ပူးပေါင်းပါဝင် ဆန္ဒပြနိုင်အောင်မြို့နယ်ချင်း ချိတ်ဆက်ထားတာတွေတော့ လုပ်ထားတာပေါ့။ ရက်အခြေအနေအရ တအားနီးကပ်သွားပြီး ငြိမ်းစုစီဥပဒေကလည်းရှိတဲ့အတွက်ကြောင့် ငြိမ်းစုစီဥပဒေဘောင်တွင်းမှာ ဝင်အောင်တော့ကြိုးစားရမှာပေါ့။ တကယ်လို့တချို့မြို့နယ်တွေမှာက အခြေအနေအရ ချက်ချင်းအကောင်အထည် မဖော်နိုင်ပေမဲ့ မပြနိုင်ဘူးဆိုရင်လည်း သူတို့ရဲ့သဘောထားတခုခုလောက်တော့ အစည်းအဝေးထုတ်ပြချက် ထုတ်ပြန်ချင်ထုတ်ပြန်မှာပေါ့။ ဘာပဲဖြစ်ဖြစ်အဲဒါတွေကလည်း ရခိုင်ပြည်သူတွေရဲ့ သဘောထားဆန္ဒတခုခုအနေနဲ့ကတော့ ထွက်ပေါ်လာမယ်လို့တော့ယူဆကြပါတယ်။”

ရခိုင်ပြည်နယ်မှာ ဇန်နဝါရီလဆန်းပိုင်းကစပြီး တိုက်ပွဲတွေပိုပြင်းထန်လာပါတယ်။ အခုဆိုရင် စစ်ရှောင်တွေဟာ ၃၇၀၀၀ လောက်ရှိပြီဖြစ်ပြီး စစ်တွေထိဒုက္ခသည်တွေရောက်လာတဲ့အတွက် တိုက်ပွဲကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံ့အကြီးအကဲတွေက စဉ်းစားပေးသင့်ကြောင်း ဆန္ဒဖော်ထုတ်မှု ဖြစ်မြောက်ရေးကော်မတီရဲ့ နာယက တာဝန်ယူထားတဲ့ ဆရာတော် ဦးစန္ဒာဝရ ကအခုလိုမိန့်ပါတယ်။

“ စစ်ပွဲတွေရပ်ထားတာ တိုင်းငါးတိုင်း ရှိတယ်ပေါ့နော် အဲဒီအထဲမှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ချန်လှပ်ပြီးတော့ ထားခဲ့တယ်ဆိုရင် တိုက်ပွဲတွေဖြစ်နေပြီဆိုရင်တော့ နှစ်ဘက်အတွက် မကောင်းဘူးပေါ့လေ။ ကိုယ်တို့ကတိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွှတ်ရမယ်ဆိုပြီးတော့ ဆောင်ပုဒ်လေးတွေနဲ့ အလုပ်လုပ်နေကြတယ်ဆိုတော့ တိုင်းရင်းသားစည်းလုံးညီညွှတ်ဖို့ အတွက် ဘာတွေလုပ်သင့်သလဲ ဒီတိုက်ပွဲခင်းကျင်းနေလို့ဖြစ်မလားဆိုတာတွေကိုတော့ နိုင်ငံ့အကြီးအကဲတွေက စဉ်းစားပေးဖို့ကောင်းတယ်လို့ ဘုန်းကြီးပြောချင်တယ်။”

တပ်မတော်အနေနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ အပစ်ရပ်စဲပြီး ဆွေးနွေးပွဲလုပ်ဖို့၊ ဒေသခံတွေလယ်ယာစိုက်ပျိုးရေးစတင်ချိန်မှာ အစိုးရက ကူညီပေးဖို့၊ စစ်ရှောင်တွေရဲ့ စားဝတ်နေရေးနဲ့ ပညာရေးအတွက်တာဝန်ယူပေးဖို့နဲ့ ကူညီတဲ့အဖွဲ့အစည်းတွေကို လွတ်လွတ်လပ်လပ်သွားခွင့်ပြုဖို့နဲ့ တိုက်ပွဲအတွင်းသေဆုံးသွားရတဲ့ ကျေးရွာတချို့က ဒေသခံတွေဖြစ်ရပ်မျိုး နောင်မဖြစ်အောင် ဥပဒေနဲ့အညီဆောင်ရွက်ပေးဖို့ နိုင်ငံတော်အစိုးရကို စစ်တွေဒေသခံတွေနဲ့ ရဟန်းသံဃာတွေက တောင်းဆိုထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG