သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မြောက်ပိုင်း အစွန်းရောက် စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုတိုးလာ


ARSA တပ်ဖွဲ့ယခင်မှတ်တမ်းဓာတ်ပုံ (Photo: ARSA Facebook)
ARSA တပ်ဖွဲ့ယခင်မှတ်တမ်းဓာတ်ပုံ (Photo: ARSA Facebook)

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင် မောင်တော မြို့နယ်တွေမှာ အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်အဖွဲ့တွေအဖြစ် အာရက္ခတပ်တော်က ရည်ညွှန်းဖေါ်ပြတဲ့ ARSA နဲ့ RSO ARA စတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ အာရက္ခတပ်တော် AA ကြား မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားတာတွေရှိတယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်သူတွေကပြောပါတယ်။ အစွန်းရောက် စစ်သွေးကြွအဖွဲ့တွေဟာ ဒေသခံတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘူးသီးတောင်၊ မောင်တော စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာအများဆုံးနေထိုင်တဲ့ ဘူးသီးတောင် မောင်တော မြို့နယ်တွေကို အာရက္ခတပ်တော် AA ဘက်က ပြီးခဲ့နှစ်က တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်ပေမယ့် အစွန်းရောက် လက်နက်ကိုင်တွေ အဖြစ် အာရက္ခတပ်တော်က ရည်ညွှန်းသတ်မှတ်တဲ့ ARSA အပါအဝင် တခြားအဖွဲ့တွေနဲ့ အာရက္ခတပ်တော် အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေပါတယ်။

ဘူးသီးတောင် မောင်တော ဒေသမှာရှိနေတဲ့ အဲဒီ လက်နက်ကိုင်တွေဟာ AA တပ်ကို ဦးတည် တိုက်ခိုက်တာမဟုတ်ပဲနဲ့ အဲဒီဒေသအတွင်းနေထိုင်တဲ့ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြန်ပေးဆွဲတာတွေ ကို လုပ်ဆောင်နေတယ်လို့ ရခိုင်စစ်ရေး စောင့်ကြည့်နေသူတဦးက ပြောပါတယ်။

“သေချာတာက သူတို့ အာရက္ခတပ်တော်ကို စစ်ရေးအရ ဖိအားပေးနိုင်စွမ်းမရှိဘူး၊ နောက်တခုကတော့ စစ်ကိုလည်းသူတို့ ပိုင်ပိုင်နိုင်နိုင်တိုက်နိုင်တဲ့ အစွမ်းမရှိဘူးဆိုတာ သူတို့ဘာ သူတို့လည်း သိထားပုံရ တယ်၊ အဲတာကြောင့် သူတို့က အာရက္ခတပ်တော်ကို အဓိက ပစ်မှတ်ထားတယ်ဆိုတာထက် အဲဒေသ အတွင်းမှာရှိကြတဲ့ ပြည်သူလူထုကို ရွှေးပြီးတော့ ပစ်မှတ်ထားတာပေါ့၊ တနည်းပြောရင်တော့ AAကို သွယ်ဝှိုက်တဲ့နည်းနဲ့ စစ်ရေး အရ ခြိမ်းခြောက်တယ်လို့ ပြောရမှာပဲ။ ဘာကြောင့်လဲ ဆိုတော့ မင်းတို့ ဒီနယ်မြေထဲက မထွက်သွားဘူးဆိုရင် ဒီနယ်မြေကို ငါ့တို့ကို မပေးဘူးဆိုရင် ငါတို့ မင်းတို့ပြည်သူတွေ ကို ဘယ်လို လုပ်မယ်ဆိုတဲ့ ဟာမျိုးကို သူတို့ ဖမ်းဆီးပြီးတော့ သတ်ဖြတ်တာတွေ ညည်းပမ်းနိုပ်စက် တာတွေကို Videoဖိုင်တွေနဲ့ ထုတ်ပြန်လာတာတွေ တွေ့ရတယ်။”

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့မှာလည်း မောင်တော ကြိမ်ချောင်း ကနေ တောင်ပြိုလက်ဝဲကို လာတဲ့ ကားတစ်စီးကို အကြမ်းဖက် အစွန်းရောက် လက်နက်ကိုင်အဖွဲ့တွေက ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသမီး (၁၆) ဦးထဲက တစ်ဦးသေ ဆုံးပြီး တချို့ ဒဏ်ရာရရှိခဲ့တယ်ဆိုပြီး AA က သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် အကြမ်းဖက် လက်နက်ကိုင် တွေက ရခိုင်ဒေသခံတွေကို ဖမ်းဆီး နှိပ်စက်နေတဲ့ ရုပ်သံဖိုင်တွေလည်း လူမှုကွန်ယက် တွေပေါ်မှာ ပြန့်နှံ့ခဲ့ပါတယ်။ ရုပ်သံတွေနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုချက်တော့ မရရှိခဲ့ပါဘူး။

ဘူးသီးတောင် မောင်တော ဒေသမှာရှိတဲ့ ARSA အပါအဝင် တခြား အကြမ်းဖက်လက်နက်ကိုင်တွေ ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ပဋိပက္ခအတွင်းမှာ လူသိများလာတဲ့အဖွဲ့တွေဖြစ်ပြီး အခုဆိုရင် အရင်ကထက် လူအင်အား လက်နက်အင်အားတွေ တိုးလာနေတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

ဘူးသီးတောင် မောင်တောဒေသကို အာရက္ခတပ်တော် AA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အချိန်မှာ အဲဒီဒေသကို ကာကွယ်ဖို့ အကြမ်းဖက်အဖွဲ့တွေကို စစ်ကောင်စီက စစ်သင်တန်းတွေ ပေးပြီး လက်နက်တွေ တပ်ဆင်ပေးထားတယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်နေသူတွေက ပြောပါတယ်။ ဒါကြောင့်လည်း ဒီလက်နက်ကိုင်အဖွဲ့တွေ အင်အားကြီးလာတာလို့ သုံးသပ်ပါတယ်။

“ ကျနော်တို့ ၂၀၁၇ပတ်ဝန်းကျင်လောက်မှာ ဘဂ်လားဒေရှ့် ဘက်ကို ထွက်သွားကြတဲ့ မွတ်ဆလင်ဒုက္ခသည်တွေဟာဆိုရင် ဒုက္ခသည်တွေ စခန်းတွေကနေ တချို့က အတင်းအဓ္ဓမ ARSAအဖွဲ့ တွေထဲကို သိမ်းသွင်းခံရတာတွေ ရှိသလို တချို့ကျတော့လည်းနဂိုကတည်းက စိတ်ဓာတ်အခံနဲ့ ဒီအဖွဲ့အစည်းတွေထဲကို ရောက်သွားတာမျိုးတွေ ရှိကြတယ်၊ ဆိုတော့ တဖြေးဖြေးနဲ့ အင်အားကောင်းလာတယ်လို့ယူဆလို့ရတယ်။ အခုလက်ရှိ ဘူးသီးတောင် မောင်တောထဲမှာရှိတဲ့ မွတ်ဆလင်တွေဟာလည်း လျှို့ဝှက်ပူးပေါင်းတာတွေရှိကောင်းရှိနိုင်တယ်၊ အခုအချိန်မှာ စစ်ကောင်စီဘက်ကလည်း လက်နက်ကို တရားဝင်တပ်ဆင်ပေးထားတာဆိုတော့ စစ်သင်တန်းတွေလည်း တရားဝင်ပို့ချတာ တွေလုပ်ခဲ့တယ်ဆိုတော့ ရခိုင်ပြည် မြောက်ပိုင်းမှာ ရှိကြတဲ့ မွတ်ဆလင်တော်တော်များများက RSO ARSAအဖွဲ့ထဲကို ရောက်သွားတာရှိခဲ့တယ်၊ အဲတာကြောင့်လည်း တဖြေးဖြေးသူတို့ အင်အားကောင်းလာတယ်လို့ ပြေလို့ရတာပေါ့။ “

လက်ရှိမှာတော့ ဘူးသီးတောင်မောင်တောဒေသမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေအားလုံးကို AA ဘက်က သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီသင်တန်းပေး အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်အဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိ အရာရှိတွေအပါအဝင် တပ်သားတော်တော်များများကို ဖမ်းဆီးထားနိုင်တဲ့အကြောင်း AA အဖွဲ့က ပြောပါတယ်။ ထွက်ပြေးလွတ်မြောက်နေတဲ့ အကြမ်းဖက်အဖွဲ့တွေကို လိုက်လံရှာဖွေ တိုက်ခိုက်နေတယ်လို့လည်း AA က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ARSA RSO ARA စတဲ့ အဖွဲ့အစည်းတွေနဲ့ သူတို့ပတ်သက် ဆက်နွယ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် တရားဝင် ငြင်းဆိုထားတာ မရှိသလို ဝန်ခံပြောဆိုတာလည်း မရှိပါဘူး။

အာရက္ခတပ်တော် AA အနေနဲ့ ဘူးသီးတောင်မောင်တောဒေသမှာရှိနေတဲ့ အစွန်းရောက် လက်နက်ကိုင် အဖွဲ့တွေရဲ့ အရေးကို ချက်ချင်းဖြေရှင်းလို့ ရနိုင်မှာမဟုတ်ဘူးလို့လည်း ရခိုင်စစ်ရေးစောင့်ကြည့်နေ သူတဦးကပြောပါတယ်။

“ ဒါက အချိန်အတိုင်းအတာတခုအထိ ကြာမယ်လို့ ပြောလို့ရတယ်၊ဘာလို့လည်းဆိုတော့ ကျနော်တို့ အခု စစ်ကောင်စီကို တိုက်နေကြတဲ့တော်လှန်ရေးတပ်ဖွဲ့တွေလို စစ်မျက်နှာဖွင့်ပြီးတော့ ထိုးစစ်ကို ကျားကုတ်ကျားခဲဆင်နေရတာမဟုတ်ဘူး။ တဖက်မှာ ခိုကြောင်ခိုးဝှက် တနည်းပြောမယ်ဆိုရင်တော့ ပြောက်ကျားစနစ်ပေါ့နော် အဲဒီပုံစံနဲ့ ARSAဘက်က လှုပ်ရှားနေတာရှိတာကြောင့် အာရက္ခတပ်တော် အနေနဲ့ ဒီပြဿနာကို ဖြေရှင်းမယ်ဆိုရင် အချိန်ယူပြီးဖြေရှင်းရမယ်။”

အစွန်းရောက် လက်နက်ကိုင်တွေဟာ ဘူးသီးတောင်မောင်တောက မေယုတောင်တန်းတွေမှာ ခြေကုတ်ယူပြီးတော့ အာရက္ခတပ်တော် AA ရဲ့ ဒေသ အုပ်ချုပ်ရေးလုပ်ငန်းတွေကို နှောင့်ယှက်နေသလို AAတပ်ဖွဲ့ဝင်တွေကို မကြာခဏ လာရောက်ပစ်ခတ်တာတွေကြောင့် AAတပ်ဖွဲ့ဝင်တချို့သေဆုံး ဒဏ်ရာရတာတွေလည်း ရှိတဲ့အကြောင်း AA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အဲဒီဒေသမှာနေထိုင်တဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကိုလည်း နည်းမျိုးစုံနဲ့ ခြိမ်းခြောက်နေတဲ့အတွက် ဒေသခံတွေအကြား စိုးရိမ်ထိတ်လန့်နေကြပါတယ်။

အယ်ဒီတာမှတ်ချက် - အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့ ဆိုသော အသုံးအနှုန်းကို ပြင်ဆင်ထားပါသည်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG