သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေစိုးရိမ်နေရ

ယခင်မှတ်တမ်းရုပ်ပုံ | Cox's Bazar မှာရှိတဲ့ ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းကိုတွေ့ရစဉ် (ဇွန် ၂၊ ၂၀၂၀)
ယခင်မှတ်တမ်းရုပ်ပုံ | Cox's Bazar မှာရှိတဲ့ ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းကိုတွေ့ရစဉ် (ဇွန် ၂၊ ၂၀၂၀)

ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းက ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ မွတ်ဆလင်အမျိုးသားတွေကို မွတ်ဆလင်အကြမ်းဖက်အဖွဲ့တွေက ဖမ်းဆီး ခေါ်ဆောင်တာတွေရှိနေတာကြောင့် ဒုက္ခသည်စခန်းအတွင်းက အမျိုးသားတွေ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ မွတ်လင်ဒုက္ခသည်တဦးက ပြောပါတယ်။ အကြမ်းဖက်မွတ်ဆလင်အဖွဲ့တွေဟာ ဒုက္ခသည်စခန်းက လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်ပြီး လူသစ်စုဆောင်းပေးနေတာ ဖြစ်တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကိုတော့ ကိုရဲမွန်က တင်ပြထားပါတယ်။


ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်းက မွတ်ဆလင်ဒုက္ခသည် စခန်းတွေမှာရှိတဲ့ အသက် ၁ဝ နှစ်ကနေ အသက် ၆ဝ အောက်အမျိုးသား ၅ဝ၀ ကျော်လောက်ကို ဒီရက်ပိုင်းအတွင်းမှာပဲ ARSA, RSO, ARA စတဲ့ မွတ်ဆလင်အကြမ်းဖက်အဖွဲ့တွေ ဖမ်းဆီးခေါ်ဆောင် သွားတာရှိတယ်လို့ မွတ်ဆလင်ဒုက္ခသည်တဦးကပြောပါတယ်။

“ အခုခေါ်သွားတာကတော့ RSO ကပဲ ခေါ်သွားတာ၊ အစက သူတို့ အစီအစဉ်ကတော့ သူတို့နဲ့ ပူးပေါင်းပါဝင်တဲ့သူတွေကိုပဲ ခေါ်ဖို့စီစဉ်ရှိတာ ဒါပေမဲ့ ဒီမှာ အောက်ခြေမှာ လာပြီးတော့ သူတို့က အဲလို မလုပ်ဘူး၊ ရတဲ့လူတွေကို ကလေးတွေကို ၁၁ နှစ် ၁၂ နှစ် ၁၃ နှစ် ၁၄ နှစ် အရွယ်ရှိတဲ့ ကလေးတွေကိုတောင်မှ သူတို့က ဖမ်းဆီးပြီးတော့ ခေါ်သွားတာရှိတယ်။”


အဲဒီ မွတ်ဆလင် အကြမ်းဖက်အဖွဲ့တွေအနေနဲ့ ဒုက္ခသည်စခန်းက မွတ်ဆလင် အမျိုးသားတွေကို ဖမ်းဆီးခေါ်ဆောင်ပြီးတော့ စစ်ကောင်စီကို ပို့ပေးနေတာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ RSO က သူတို့ အဖွဲ့ထဲဝင်ဖို့ ခေါ်သွားတယ်လို့ ပြောပေမယ့် ဒါပေမဲ့ ဟိုမှာ သွားပြီးတော့ ပို့ပေးလိုက်တာကတော့ အကုန် စစ်ကောင်စီကိုပဲ ပို့ပေးလိုက်တယ်၊ အဲမှာ သွားတဲ့သူတွေက ဒီကို ဖုန်းဆက်တာတွေရှိတယ်၊ ဖုန်းဆက်တဲ့အချိန်မှာ သူတို့ပြောခဲ့တယ်.. ဘယ်လိုလည်းဆိုတော့ ကျနော်တို့ကို ဒီမှာ လာအပ်ခဲ့တယ် စစ်ကောင်စီကို လာအပ်တယ်၊ ဒီမှာ အခက်အခဲနဲ့ နေရတယ်၊ ရှေ့တန်းကို သွားရတယ် အမြဲတမ်း။ ဒါ့ကြောင့် ကျနော်တို့အတွက် ဆုတောင်း ပေးပါ ကျနော်တို့ အသက်ရှင်လျက် ပြန်လာနိုင်မှာ မဟုတ်ဘူးလို့ အဲလိုပြောတယ် သူတို့က။”

လက်ရှိမှာတော့ ဘင်္ဂလားဒေရှ့် ဒုက္ခသည်စခန်းမှာရှိတဲ့ အသက် ၁ဝ နှစ်အထက်နဲ့ အသက် ၆ဝ အောက် အမျိုးသားတွေ အားလုံးနီးပါးဟာ အကြမ်းဖက်အဖွဲ့တွေရဲ့ ဖမ်းဆီးမှုတွေကနေ လွတ်မြောက်ဖို့ ဘေးလွတ်ရာကို ထွက်ပြေးပုန်းနေကြရတယ်လို့ မွတ်ဆလင်ဒုက္ခသည် တဦးက ပြောပါတယ်။

“ အခု ဒုက္ခညသည်စခန်းမှာ ၆ဝ အောက် ၁ဝ နှစ်အထက် ကလေးတွေ လူတွေ မရှိဘူး၊ အကုန် ရှောင်နေကြရတယ်၊သူတို့က စခန်းကို အဓိကထားတာ မဟုတ်ဘူး တွေ့တဲ့နေရာကနေ သူတို့က ဆွဲယူသွားတာပဲ မစားမသောက်ပဲနဲ့ ရှောင်နေကြရတာ အဲတာကြောင့် လူတွေ အင်မတန် ဒုက္ခရောက်နေကြတယ်။”

မွတ်ဆလင်အများစု နေထိုင်တဲ့ ရခိုင်မြောက်ပိုင်းက မောင်တော ဘူးသီးတောင်မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ AA ကြား တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေတာဟာ လနဲ့ချီ ရှိနေပြီး စစ်ကောင်စီဘက်က တပ်စခန်းတွေ တပ်မဌာနချုပ်တွေကို တခုပြီးတခု လက်လွတ်ဆုံးရှုံးနေရတာလည်း ဖြစ်ပါတယ်။

အခုလို စစ်ရေးအရ ဆုံးရှုံးမှုတွေရှိနေတဲ့ စစ်ကောင်စီဟာ မွတ်ဆလင် အကြမ်းဖက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ အဲဒီဒေသတွေမှာနေထိုင်တဲ့ မွတ်ဆလင်တွေကို အတင်းအဓမ္မ စစ်သားစုဆောင်းပြီးတော့ သူတို့ အကျိုးစီးပွားအတွက် အသုံးချနေတယ်လို့လည်း အာရက္ခတပ်တော် AA ဘက်က မေလ ၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူ(USIP)ရဲ့ လေ့လာချက် စာတမ်းတခုမှာလည်း စစ်ကောင်စီဟာ မွတ်ဆလင်တွေကို စစ်သားသစ်စုဆောင်းပြီး သင်တန်းပေးရာမှာ ဂျီဟတ်ဒ်ဝါဒနဲ့ ဟောပြောစည်းရုံးနေတယ်လို့ စစ်သားအဖြစ် စုဆောင်းခံရာက နေထွက်ပြေးလာသူတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီးတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေစိုးရိမ်နေရ
please wait

No media source currently available

0:00 0:03:40 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG