သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်တန်းရွာအဖြစ်အပျက် လူ့အခွင့်အရေးကော်မရှင်သွားရောက်စုံစမ်း


မေလ ၂ ရက်နေ့မှာ မြန်မာနိုင်ငံကြက်ခြေနီအသင်း MRCS နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC တို့မှဝန်ထမ်းများက ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တဲ့ ကျောက်တန်းကျေးရွာမှ လူနာ ၃ဦးကို စေတီပြင်တိုက်နယ်ဆေးရုံ မှ စစ်တွေအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ပေး (သတင်းဓါတ်ပုံ- ICRC Myanmar)
မေလ ၂ ရက်နေ့မှာ မြန်မာနိုင်ငံကြက်ခြေနီအသင်း MRCS နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC တို့မှဝန်ထမ်းများက ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တဲ့ ကျောက်တန်းကျေးရွာမှ လူနာ ၃ဦးကို စေတီပြင်တိုက်နယ်ဆေးရုံ မှ စစ်တွေအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ပေး (သတင်းဓါတ်ပုံ- ICRC Myanmar)

ထိန်းသိမ်းထားစဉ်အတွင်း တပ်မတော်က ပစ်ခတ်တာကြောင့် လူ ၇ ယောက် သေဆုံးခဲ့ရတဲ့ ရသေ့တောင်မြို့နယ်က ကျောက်တန်းကျေးရွာကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က လာရောက် စုံစမ်းခဲ့ပါတယ်။ ဖြစ်ရပ်ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်းကို သွားရောက်စစ်ဆေးသလို သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေကိုလည်း တွေ့ဆုံခဲ့ပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုမိုးဇော် တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာက ရွာသား ၂၇၀ ကျော်ကို တပ်မတော်က ဖမ်းဆီးစစ်ဆေးစဉ် မေလ ၂ ရက်နေ့ မနက်အစောပိုင်းမှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှုမှာ ရွာသား ၇ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရခဲ့တဲ့အပေါ် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က လာရောက် စုံစမ်းတာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးကော်မရှင်က ကျောက်တန်းရွာကို လာရောက်စုံစမ်းတာကို ဒေသခံရွာသားတစ်ဦးက အခုလို ပြောပါတယ်။

“သေသွားတဲ့ (သူတွေရဲ့) မိသားစုတွေနဲ့ တွေ့တယ်လို့ တွေ့လိုက်ပါတယ်။ အချုပ်ထဲကို ရောက်သွားတဲ့ (သူတွေရဲ့) မိဘတွေနဲ့လည်း တွေ့တာတော့ မြင်လိုက်ပါတယ်။ ပြီးရင် ဒဏ်ရာရတဲ့ သူတွေနဲ့လည်း တွေ့ချင်တယ်လို့ ပြောတယ်။ ဒဏ်ရာရတဲ့ သူတွေက ရွာမှာ မရှိဘူး ဖြစ်နေလို့။ ခနလေးပဲ။ နာရီဝက်လောက်ပဲ ကြာတယ် ပြန်သွားကြတယ် ရသေ့တောင်ကို။ ဒီမှာတော့ စစ်ဆေးတာတွေတော့ မရှိဘူး။ ရသေ့တောင်ကို ၂နာရီချိန်းထားတယ် ဒီနေ့။ အဲတော့ သေသွားတဲ့ ၇ ယောက်ထဲက မိသားစုတွေ ပါမယ်။ ပြီးရင် အချုပ်ကျ နေသူတွေရဲ့ မိသားစုတွေပါမယ် ထင်ပါတယ်။”

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင်က အခင်းဖြစ်ပွားတဲ့ ကျောက်တန်းကျေးရွာ စာသင်ကျောင်းကို သွားရောက်လေ့လာခဲ့သလို ရသေ့တောင်မြို့နယ် အထွေထွေအုပ်ချုပ်ဦးစီးဌာနမှာ ရွာသားတွေနဲ့ တွေ့ဆုံနေကြောင်း ပြောပါတယ်။

စုံစမ်းတွေ့ရှိချက်တွေကိုတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနကို တင်ပြသွားဖို့ရှိကြောင်းနဲ့ လောလောဆယ် စုံစမ်းဆဲဖြစ်ကြောင်း ဦးယုလွင်အောင်က အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့ကတော့ ထုံးစံအတိုင်းကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနပေါ့နော်။ ပြည်ထဲရေးနဲ့ ဆိုင်ရင် ပြည်ထဲရေးပေါ့။ ကာကွယ်ရေးနဲ့ဆိုင်ရင် ကာကွယ်ရေးပေါ့။ ဒီထက်နည်းနည်းကြီး ကျယ်တယ် ထင်ရင် သမ္မတပေါ့။ ကျနော်တို့က တင်ပြရမှာပေါ့နော်။ အခုလောလောဆယ်တော့ စုံစမ်းမေးမြန်းနေတုန်းဆိုတော့ ဘာမှ မပြောနိုင်သေးဘူးပေါ့နော်။ အခုတော့ ဇာတ်အိမ်က မပေါ်သေးဘူးပေါ့နော်။ ရွာသားတွေ ပြောတဲ့ အသံပဲ ကြားနေရတာ။ ကျနော်တို့ မေးမြန်းနေတုန်းပဲ ရှိပါသေးတယ်ဗျနော်။”

ကျောက်တန်းရွာမှာ လူ ၂၇၅ ယောက်ကို ဖမ်းဆီးပြီးနောက် တပ်မတော်က ပစ်ခတ်လို့ လူ ၇ယောက်သေဆုံးတဲ့အပေါ် စုံစမ်းစစ်ဆေး အရေးယူဖို့အတွက် ရခိုင်အမျိုးသားပါတီက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို မေလ (၂) ရက်နေ့ရက်စွဲနဲ့ တိုင်ကြားစာ ပေးပို့ထားခဲ့ပါတယ်။

မေလ ၃ ရက်နေ့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီအခင်းဖြစ်ပွားတာနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလို ပြောဆိုထားပါတယ်။

“ကျောင်းထဲမှာရှိနေတဲ့ ဖမ်းဆီးထားတဲ့အဖွဲ့တွေကနေပြီး ညာသံပေး အော်ဟစ်ပြီးတော့မှ ရန်လိုတဲ့ အပြုအမူတွေနဲ့ လာတာရှိတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက် လာတာရှိတယ်။ တချို့ကတော့ အဲဒီပွဲစကတည်းက ထွက်ပြေးတာ ရှိတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရှိထားတဲ့ဘက်မှာ အစောင့်ချထားတဲ့ဘက်ကို လာတဲ့ အဖွဲ့တွေကို ပထမဆုံးတော့ ကျနော်တို့က လူအုပ်စုထိန်းသိမ်းတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ပြစ်မှုဆိုင်ရာကျင့်ထုံး ၁၃၁ အတိုင်းပဲ ဟန့်တားတယ်။ ဟန့်တားတယ်ဆိုတာတော့ အော်ဟစ်ပြီးတော့ကျ တားဆီးတယ်။ မရဘူး။ ပြီးရင်တော့ သေနတ် မိုးပေါ်ထောင်ဖောက်ပြီးတော့ကျ ခြောက်လှန့် ပစ်ခတ်တယ်။ လူစု မကွဲဘူး။ လူစုမကွဲတဲ့အပြင် အဲဒီထဲက တချို့လူတွေက လက်နက် လုမယ့် ပုံစံမျိုးထိ ဖြစ်လာတယ်။ ဒီပုံစံမျိုးတွေ ဖြစ်လာတဲ့အခါ မလွဲမရှောင်သာဘဲ ကျနော်တို့ ပစ်ခတ် ထိန်းသိမ်းခဲ့ရတာ ရှိတယ်။”

ထိန်းသိမ်းခံထားရသူတွေဟာ လုံခြုံရေးတပ်ဖွဲ့တွေကို ရန်မူလို့ ပစ်ခတ်တားဆီးတာ ဖြစ်တယ်လို့ တပ်မတော်ဘက်က ပြောဆိုပေမယ့် ဒေသခံတွေနဲ့ ဒဏ်ရာရသူတွေကတော့ ဒါကိုငြင်းပါတယ်။ စိတ်မနှံ့သူတဦးကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေဘက်က တမင် ပစ်ခတ်တာလို့ ဆိုနေပါတယ်။ ဒီဖြစ်ရပ်ကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ကုလသမဂ္ဂနဲ့ HRW လူ့အခွင့်အရေးအဖွဲ့တို့က မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းကလည်း ဒီဖြစ်စဉ်ကို ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးမှာဖြစ်ကြောင်းနဲ့ ဥပဒေနဲ့ မညီတဲ့ ဆောင်ရွက်ချက်တွေရှိရင် ပြင်းပြင်းထန်ထန် အရေးယူသွားမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ကျောက်တန်းရွာက ဖမ်းဆီးခံရသူ ၂၇၅ ယောက်မှာ လူ ၄ ယောက်က AA တပ်ဖွဲ့ဝင် ၂ ဦးကို သံသယရှိသူအဖြစ် ဖမ်းဆီးထားပြီး တရားဥပဒေအရ အရေးယူမှာဖြစ်ကြောင်း ၄ ဦးမှာ ထွက်ပြေးခဲ့ကြောင်းနဲ့ ကျန်သူတွေကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG