သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် မင်းပြားနဲ့ ကျောက်တော်တိုက်ပွဲ ပြင်းထန်


ရခိုင်ပြည်နယ်က မြန်မာလုံခြုံရေးတပ်စခန်းတခု
ရခိုင်ပြည်နယ်က မြန်မာလုံခြုံရေးတပ်စခန်းတခု

တိုင်းရင်းသားညီနောင် မဟာမိတ် ၄ ဖွဲ့နဲ့ မြန်မာအစိုးရအကြား ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေချိန်မှာပဲ ရခိုင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲပါ။ ဒီကနေ့မှာ မင်းပြားနဲ့ ကျောက်တော်မြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဘက်က သေဆုံးမှုတွေ ရှိခဲ့သလို လက်နက်တွေလည်း သိမ်းဆီး ရရှိခဲ့တယ်လို့ AA တာဝန်ရှိသူတွေက ပြောပါတယ်။ တပ်မတော်ဘက်ကတော့ တိုက်ပွဲဖြစ်ပွားကြောင်း အတည်ပြုပေမဲ့ နှစ်ဘက် ထိခိုက်မှု အခြေအနေကိုတော့ မသိကြောင်း ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း စစ်ရေးတင်းမာဆဲ နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်းသတင်း ပေးပို့ထားပါတယ်။

မင်းပြားမြို့နယ်နဲ့ ကျောက်တော်မြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ဒီကနေ့မှာလည်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတာပါ။

ဒီကနေ့မနက်ပိုင်း မင်းပြားမြို့နယ် ရွှေကျင်ရွာအနီးမှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။

“ဒီမနက်မှာ မနက် ၉ နာရီကနေ ၉ နာရီ ၅၀ အထိပေါ့နော်။ မင်းပြားမြို့နယ်ထဲက ကျော်ကချောင်း တဝိုက်မှာ ဖြစ်တာ။ ပထမတိုက်ပွဲမှာတော့ လက်နက်ငယ် သုံး လက်နဲ့ အလောင်း သုံး လောင်း ကျန်ခဲ့တယ်။ ပြီးတော့ အဲဒီမှာ ဒုတိယပွဲကတော့ နေ့လယ်ပိုင်းပေါ့နော်။ ၁၂ ဝန်းကျင်လောက်ပေါ့ အဲဒီမှာ ပြန်ဖြစ်တာ။ အဲဒီမှာ ပစ္စတို တလက်လည်း ကျန်ခဲ့တာ ရှိတယ်။ အရာရှိလည်း ကျဆုံးတဲ့ အထဲပါ နိုင်တယ်ပေါ့။ ဗမာစစ်တပ်ဘက်ကတော့ လက်နက်ကြီးတွေနဲ့ သူတို့ တလျှောက်ပစ်နေတာ ရှိတယ်။ ခုနကတော့ ဟယ်လီကော်ပတာ သုံး စီးနဲ့ လာပြီးတော့ ပစ်သွားတာ ရှိတယ်။”

ဒီတိုက်ပွဲမှာ တပ်မတော်ဘက်က ရဟတ်ယာဉ်သုံးပြီး ပစ်ခတ်ခဲ့ရတဲ့အထိ ပြင်းထန်ခဲ့ပြီး AA ဘက်က လက်နက်နဲ့ စစ်ပစ္စည်းတွေ သိမ်းဆီးရမိတယ်လို့ ခိုင်သုခက ဆက်ပြောပါတယ်။

“မင်းပြားမြို့နယ်ထဲမှာ ဖြစ်တဲ့တိုက်ပွဲ နှစ်ကြိမ်မှာ အဲဒီမှာ သိမ်းဆီးရမိတဲ့ ပစ္စည်းအရေအတွက်ကတော့ ခြင်းတောင်း အလုံး ၂၀ ကျော်။ လက်နက်ငယ် ၇ လက်ပေါ့နော်။ အဲဒီမှာ ပစ္စတိုလ် တလက် အပါဝင်ပေါ့။”

ဒီကနေ့ မနက်ပိုင်းမှာလည်း AA အဖွဲ့နဲ့ မြန်မာစစ်တပ်တို့ ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ခိုင်သုခက ဆက်ပြောပါတယ်။

“ကျောက်တော်မြို့နယ် သပုန်ရွာနဲ့ သံပုရာဒေါင့်ရွာအကြားမှာ အဲဒီမှာ ဖြစ်နေတာဗျ။ အဲဒီတိုက်ပွဲမှာတော့ ဗမာစစ်တပ် ဘက်ကနေပြီးတော့ ကျဆုံးတာ ၁၀ အထက်ရှိတယ်ဗျ။”

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ တိုက်ပွဲဖြစ်ပွားကြောင်း အတည်ပြုပေမဲ့ တိုက်ပွဲအခြေအနေနဲ့ ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

“နောက်ဆုံး အခြေအနေက တိုက်ပွဲဖြစ်နေတာ ဒါပဲသိရတယ်။ အဲတာတွေ ဘာမှမသိရသေးဘူး။”

ဒီကနေ့မှာဖြစ်ပွားတဲ့ မင်းပြားနဲ့ ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှု များပြားတယ်လို့ AA ဘက်က ပြောဆိုခဲ့ပေမယ့် သီးခြား အတည်မပြုနိုင်သေးပါဘူး။

မနေ့ကလည်း ကျောက်တော်မြို့နယ် ကုလားတန်မြစ်အတွင်း မြန်မာစစ်သင်္ဘော နှစ်စီးကို AA ဘက်က နှစ်ကြိမ်တိုင်တိုင် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ သင်္ဘောထိခိုက်မှု မရှိခဲ့ဘူးလို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

ဒါပေမဲ့ ဒီလိုအပြန်အလှန် ပစ်ခတ်မှုအတွင်း ရေတပ်သင်္ဘောကနေ ပစ်ခတ်တဲ့ လက်နက်ကြီးဟာ သင်္ဂနက်နဲ့ စံပယ်လှ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့လို့ ရွာသား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံရွာသားတွေကပြောပါတယ်။

မနေ့က ကျောက်တော်မြို့နယ်၊ ကန်သုံးဆင့်ရွာအတွင်း လက်နက်ကြီး ကျရောက်ခဲ့လို့ ရွာသား တဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ကန်သုံးဆင့်ရွာအနီးက ကန်စောက်ဆရာတော်က မိန့်ပါတယ်။

“တိုက်ပွဲဖြစ်တာ မဟုတ်ဘူး ဒကာကြီး။ ည တနာရီလောက်က တောင်ပေါ်ကနေ လှမ်းပစ်လိုက်တဲ့ ပုံစံမျိုး။ ကန်သုံးဆင့်မှာလေ တဦးထဲပဲ။ ခြေထောက်မှာလား။ သူတို့ သွေးလွန်ပြီးတော့ သေတာတော့ပြောတယ်။ သူကညဆိုတော့လေ ဆေးခန်းတွေက သွားလို့ အဆင်မပြေတော့ အမှန်ကတော့ အချိန်မီသွားလိုက်ရင် သူကတော့ အသက်မီလောက်တယ်။ သွေးလွန်ပြီးတော့ သေသွားတာ အဲဒီလိုပုံစံမျိုး။”

ကန်စောင့်ရွာအနီး ကန်သုံးဆင့်ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ လူသေဆုံးမှုဖြစ်စဉ်မှာ ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာ မသိရဘူးလို့ ဆရာတော်က မိန့်ပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့အပါအဝင် မြောက်ပိုင်းမဟာမိတ် လေး ဖွဲ့ဟာ မြန်မာငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့နဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းကျိုင်းတုံမြို့မှာ တိုက်ပွဲတွေ ရပ်ဆိုင်းရေး နှစ်ဘက် သဘောတူညီမှု ရနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေမှုတွေ မနက်ဖြန် စက်တင်ဘာ ၁၇ ရက်နေ့မှာ စတင်ဖို့ ရှိနေပေမဲ့လည်း ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

[Unicode Version]


















တိုက်ရိုက် လင့်ခ်
XS
SM
MD
LG