သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းပဋိပက္ခကြောင့် စပါးရိတ်ဖို့ လယ်သမားတွေအခက်ကြုံ


(Zawgyi/Unicode)

တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ် ၅ ခုလောက်မှာ လယ်ဧက တ သိန်းကျော်လောက် စပါးရိတ်သိမ်းဖို့ အခက်ကြုံနေရတယ်လို့ ရခိုင်ပြည်နယ် လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌက ပြောပါတယ်။ လယ်သမားတွေဟာ တိုက်ပွဲကြောင့် လယ်ထဲကို မသွားရဲကြပဲ စပါးခင်းတွေကို ဒီအတိုင်း ပစ်ထားရတယ်လို့ ရသေ့တောင်မြို့နယ် ကျောက်တန်း ကျေးရွာက လယ်သမား တဦးက ပြောပါတယ်။ တောင်သူလယ်သမားတွေရဲ့ အခက်အခဲတွေကို အစိုးရဘက်ကလည်း တက်နိုင်သလောက် ကူညီပေးနေတယ်လို့ ပြောဆိုထားပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က ပေးပို့ထားတာပါ။

လက်ရှိ အစိုးရတပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ် ၅ခုလောက်မှာ လယ်ဧက တစ်သိန်းကျော်လောက် စပါးရိုက်သိမ်းဖို့ အခက်ကြုံနေရတယ်လို့ ရခိုင်ပြည်နယ် လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောပါတယ်။

"အထူးသဖြင့် ကျနော်တို့ ရခိုင်ပြည်မြောက်ပိုင်း တောင်းတန်းဒေသနဲ့ ဆက်စပ်တဲ့ ၈မြို့နယ် လောက်တော့ ရှိတယ်။ အဲဒီထဲမှာမှ မစိုက်ပျိုးနိုင်ခဲ့တဲ့ ဧရိယာတွေ ရှိခဲ့တယ်။ စိုက်ပျိုးနိုင်တဲ့ အထဲမှာပဲ လက်ရှိအနေအထားအရ ရိတ်သိမ်းနိုင်ဖို့ အခွင့်အလမ်းမရှိတဲ့ ရိတ်သိမ်းဖို့ တော်တော်အခက်အခဲ ရှိတဲ့ မြို့နယ်ကတော့ ၅ မြို့နယ်လောက် ရှိတယ်။ အဲဒီ ၅ မြို့နယ်မှာ ဧက ၁၂,၀၀၀ လောက် ရှိတာကို ကျနော်တို့ တွေ့ရတယ်။"

တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသကလယ်သမားတွေကို တပ်မတော်က AA ထောက်ခံအားပေးတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးစစ်ဆေးတာတွေ ရှိတာကြောင့် လယ်သမားတွေဟာ လယ်ထဲကို မသွားရဲကြဘဲ စပါးစိုက်ပျိုးထားတဲ့ လယ်ကွင်းတွေကို ဒီအတိုင်းပစ်ထားကြရတယ်လို့ သူကဆက်ပြောပါတယ်။

"မရိတ်သိမ်းနိုင်ဘူး ဆိုတာကတော့ ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြောရရင် တိုက်ပွဲဖြစ်တဲ့ ဒေသတွေပေါ့ အဲဒေသတွေမှာ စပါးရိတ်ဖို့အတွက် အနှောင့်အယှက်တော်တော် တွေ့ရတယ်။ ဘာမှတော့ တိုက်ပွဲမရှိဘူး။ ဒါပေမဲ့ အဲဒီ လယ်မြေတွေကို သွားရင် သူတို့က ဟိုဒီဘာဘာပေါ့။ AA ကို အားပေးတယ် ဆိုပြီးတော့ သံသယစိတ်နဲ့ ဖမ်းဆီးခံရတာတွေ ဟန့်တားတာတွေ ရှိတယ်။ အဲဒါကြောင့် အခက်အခဲ ရှိတယ်လို့ ကျနော်တို့ ပြောရမှာပေါ့နော်။

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာလည်း နှစ်ဘက်တိုက်ပွဲတွေ မကြာခဏ ဆိုသလို ဖြစ်ပွားနေတာကြောင့် စပါး ရိတ်သိမ်းဖို့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပြီး လယ်ဧက ၃၀၀ လောက် ပစ်ထားရတယ်လို့ ကျောက်တန်းဒေသခံ ဦးအေးမောင်က ပြောပါတယ်။

"လယ်ယာနဲ့ ပတ်သတ်ပြီး အခက်အခဲ ကြုံတာကို ပြောရမယ်ဆိုရင် နေ့တိုင်းလိုလို ကျနော်တို့ ကျောက်တန်း တဝိုက်မှာ နှစ်ဘက် တိုက်ပွဲတွေ ဖြစ်နေပါတယ်။ အဲဒါကြောင့် တောင်သူတွေဟာ ကိုယ့်လယ်ထဲသို့ မသွားရဲကြဘူး။ လက်နက်တွေ ပစ်နေတော့ တောင်သူတွေက အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။ အစိုးရနဲ့ လွတ်တောဘက်ကိုတော့ တောင်းတယ်။ မိုးတွင်းကနေပြီးတော့ နွေရာသီ စပါး ရိတ်သိမ်းမယ့်ဟာတွေ အခက်အခဲ ရှိမယ် အဲဒါကြောင့် ကျနော်တို့ဆီကို စက် တလုံးလောက် ပေးပါလို့ တောင်းထားတယ်။ ဒီမှာ မရိုက်ရတဲ့ လယ်ဧကကတော့ ဧက ၃၀၀ လောက်ရှိမယ်ထင်တယ်။ စိုက်ပျိုးထားတဲ့ စပါးတွေကို အဲဒီလိုသာ မရိတ်ဘဲ ပစ်ထားရမယ်ဆိုရင် ကျနော်တို့ မိုးတွင်းစားသောက်ရမယ့်ဟာ ကလေးတွေအတွက် ကျောင်းစားရိတ်ရော တစ်ခြား အထွေအထွေ စားရိတ်အကုန်လုံးပေါ့။ ကျနော်တို့ တောင်သူတွေကတော့ အဲဒီကရတဲ့ ဟာနဲ့ပဲ အသုံးပြုရတာကို။"

လက်ရှိရခိုင်ပြည်နယ်တွင်းမှာ နှစ်ဘက်တိုက်ပွဲတွေဟာ ယခင်ကထက် ပိုမိုပြင်းထန်လာတာဖြစ်ပြီး တောင်သူတွေရဲ့ အခက်အခဲကို အစိုးကလွဲပြီး ဘယ်သူမှ ဖြေရှင်းနိုင်မှာ မဟုတ်တာကြောင့် အစိုးရအနေနဲ့ တောင်သူလယ်သမားတွေကို ကူညီပေးစေချင်တယ်လို့လည်း ဦးကျော်ဇံက ပြောပါတယ်။

"ကျနော်တို့ ကတော့ မျော်လင့်ပါတယ်။ ဒီအချိန်မှာ အစိုးရလွဲရင် ကျနော်တို့ သိပ် အားကိုးဖို့ အခွင့်အလမ်း မရှိနိုင်ဘူးပေါ့နော်။ အစိုးရရဲ့ စီမံခန့်ခွဲမှု အောက်မှာပဲ တောင်သူလယ်သမားတွေရဲ့ အခက်အခဲက ရုန်းထွက်နိုင်လိမ့်မယ်လို့ ကျနော်တို့ ထင်တယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိ ကျနော်တို့ ထိုက်ထိုက်တန်တန် တွေ့ဆုံဆွေးနွေးတာ အဖြေရှာဖို့ ကြိုးစားတာ လယ်သမားတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးတာ မရှိသေးဘူးဗျာ။ ကျနော်တို့ ကတော့ တလျှောက်လုပ်နေတယ်။ လယ်သမားတွေနဲ့ တွေ့တယ်။ဒေသခံတောင်သူလယ်သမား ကိုယ်စားလှယ်တွေနဲ့တွေ့တယ်။ လက်ရှိအချိန်ထိတော့ တောင်သူလယ်သမားတွေကို ဖြစ်စေ၊ အဖွဲ့အစည်းတွေကို ဖြစ်စေ တွေ့တာလည်း မရှိသေးဘူး။ ဘယ်လိုဖြေရှင်မလဲ ဆိုတာကလည်း ခန့်မှန်းရခက်တယ်ပေါ့နော် အချိန်ကလည်း နီးစပ်လာပြီဆိုတော့။ ယေဘုယအားဖြင့် တွက်ကြည့်မယ် ဆိုရင် ရခိုင်ဒေသမှာ အထူးသဖြင့် အခုစစ်ဖြစ်နေတဲ့ သေဒမှာ တဧက က ၈၀နဲ့ ၁၀၀ကြားမှာ ပျမ်းမျ အထွက်နှုန်းရှိကြတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဘက်ကတော့ တောင်သူလယ်သမားတွေအတွက် ရှိတဲ့ စပါးရိတ်စက်တွေအားလုံးကို ပေးထားပြီးသားဖြစ်တယ်လို့ စိုက်ပျိုးရေး မွေးမြူရေး သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင် ကပြောပါတယ်။

"အခုလက်ရှိအချိန်မှာ တိုက်ပွဲရှောင်တွေကလည်း သူ့ဒုက္ခနဲ့ သူပါပဲ။ သူတို့မှာ အမှန်တကယ် အခက်အခဲ ရှိပါတယ်။ ရှိတော့ ကျနော်တို့ အစိုးရအဖွဲ့မှာလည်း ရှိတဲ့ စက်တွေကို ထုတ်ပေးထားတယ်။ စစ်တွေခရိုင်မှာ ၁၈စီး၊ ကျနော်တို့အစိုးရက ထုတ်ပေးထားပါတယ် တောင်သူတွေအတွက်။ ကျောက်တော်မှာ ၉ စီး၊မြောက်ဦးမှာ ၄ စီး၊ မင်းပြားမှာ ၂ စီး၊ နောက်တောင်ပိုင်းမှာ ဆိုရင် သံတွဲမှာ နှစ်စီးရှိတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်း နဲ့ ပူးပေါင်းပြီးတော့ မက်ကိုက အစိုးရဖွဲ့ကို လှူထားတဲ့ စက် ၁၁ စီးလည်း တောင်သူတွေ လက်ထဲမှာ ရှိပါတယ်။ နောက်ပြီးတော့ ဒီနေ့ပဲ အန္ဒိယလှူထားတဲ့ ရိတ်သိမ်း ခြွေစက် ၁၅ စီးကို တမြို့နယ် တစီးကျနဲ့ အကုန်လုံးကို ခွဲဝယ်ပေးပြီးသား ဖြစ်တယ်။ ကျနော်တို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာ ရှိတဲ့ စက်တွေအားလုံးက တောင်သူတွေ လက်ထဲမှာပဲရှိပါတယ်။ ကျနော်တို့ ပြည့်ပြည့်ဝဝမကူညီနိုင်တာက ဟုတ်ပါတယ်။ ပြည့်ပြည့်ဝဝ ကူညီနိုင်မယ်ဆိုရင် စက်အစီး တောင်ကျော်လိုပါတယ်။ ရခိုင်ပြည်နယ် အစိုးရမှာက အစီး ၆၀ လောက်ပဲရှိတယ်။ အဲတာအကုန်လုံးကို တောင်သူတွေကို ပေးထားပြီးသား ဖြစ်တယ်။"

ရခိုင်ပြည်နယ် အတွင်းက စပါးတွေဟာ တစ်ဧကမှာ တန် ၈၀ ကနေ တန် ၁၀၀ အထိအထွက် နှုန်းရှိပြီး တိုက်ပွဲတွေကြောင့် မိုးရာသီမှာ စပါးမစိုက်ပျိုးနိုင်တဲ့ လယ်ဧက ၃၀,၀၀၀ ကျော်အထိရှိတယ်လို့ တောင်သူလယ်သမားသမဂ္ဂကပြောဆိုထားပါတယ်။ စိုက်ပျိုးထားတဲ့ လယ်ဧက တော်တော်များများကို လည်း အခုအချိန်ထိ မရိတ်သိမ်းနိုင်ကြတာ ဖြစ်ပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းမှာ ဒေသတွင်း တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ ဒုက္ခရောက် နေကြတာကြောင့် နှစ်ဦးနှစ်ဘက် ဆွေးနွေးပြီးတော့ ငြိမ်းချမ်းရေးကို အကောင်ထည် ဖော်ဆောင်ရွက်ပေးစေချင်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]















XS
SM
MD
LG