သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရသေ့တောင်အနီး ၁၇ ရွာမှာ တပ်က နယ်မြေရှင်းလင်းရေးလုပ်ဖို့ ဒေသခံတွေထွက်ခိုင်းထား


ရခိုင်ပြည်နယ်မှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်တချို့။ (အောက်တိုဘာ ၀၃၊ ၂၀၁၃)
ရခိုင်ပြည်နယ်မှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်တချို့။ (အောက်တိုဘာ ၀၃၊ ၂၀၁၃)

[Zawgyi/Unicode]

ရခိုင်ပြည်နယ် ရသေ့တောင် ကျောက်တန်းရွာအနီး ၁၇ ရွာကို တပ်မတော်ကနေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်မှာမို့လို့ ဒေသခံတွေ ခေတ္တတိမ်းရှောင်ကြဖို့ ဒေသခံအာဏာပိုင်တွေ သတိပေးထုတ်ပြန်လိုက်တဲ့နောက် ဒေသအတွင်း တိုက်ပွဲတွေ ပြင်းထန်လာတဲ့ အခြေအနေကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေမှာ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ဖို့အတွက် ဒေသခံ ကျေးရွာသားတွေ ကျေးရွာကနေ ခေတ္တရှောင်တိမ်းနေထိုင်ကြဖို့ ရခိုင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးအမိန့်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကနေ ဇွန်လ၂၅ ရက်နေ့မှာ အမိန့်ထုတ်ပြန်ထားတာပါ။

အမိန့်ထုတ်ပြန်ပြီး ဒီကနေ့နေ့လယ်ပိုင်းမှာ ကျောက်တန်းကျေးရွာနဲ့ အောင်သာစည်ကျေးရွာအကြားမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးနေတယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ကျောက်တန်းရွာနဲ့ အောင်သာစည်ရွာဘက်မှာ မြန်မာစစ်တပ်ဘက်က ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်မို့လို့ တိုက်ပွဲကတော့ အပြင်းအထန်ဖြစ်နေတာ ရှိတယ်ဗျ။ ဒီနေ့နေ့လယ် ၁၂ လောက်ကနေ စပြီးတော့ဖြစ်နေတာ။ ဆိုတော့ အခုအချိန်ထိ တိုက်ပွဲရလဒ်ကတော့ မြန်မာစစ်တပ်ဘက်ကအနဲ့ ဆုံး ၃၀ အထက်ကျဆုံးတာ ရှိတယ်ဗျ။ နောက်ဒဏ်ရာရတဲ့ သူလည်း ရှိတယ်။ မြန်မာစစ်တပ်ဆီကနေ လက်နက်ခဲယမ်း မီးကျောက်တွေလည်း ကျနော်တို့ သိမ်းဆည်းရထားတာ ရှိတယ်။”

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာဘက် တိုက်ပွဲအခြေအနေကို မသိရသေးပေမဲ့ ဒေသအတွင်းနေထိုင်သူတွေ လုံခြုံရေးအတွက် ယာယီတိမ်းရှောင်ခိုင်းရတာလို့ တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ကျနော် အဲဒီထိတွေ့မှု ဖြစ်ပွားတဲ့ဟာ အသေးစိတ် မသိသေးဘူး။ အဲဒီဘက်မှာတော့ ကျနော်တို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေရော၊ ပြည်နယ်မှာ ရှိတဲ့နယ်လုံအဖွဲ့ကရော အဲဒီမှာနယ်မြေနဲ့ ပတ်သက်ပြီးတော့က AA အဖွဲ့တွေ ဝင်ရောက်နေရာယူတဲ့အတွက်ကြောင့်မို့လို့ နယ်မြေလုံခြုံရေးဆောင်ရွက်မယ်ဆိုပြီး ကျနော်တို့ ပြည်သူလူထု ထိခိုက်မှု မရှိစေရေး တရားဝင်စာထုတ်ပြီးတော့ အကြောင်းကြားထားတာ ရှိပါတယ်။ အခုချင်းဖြစ်တဲ့ တိုက်ပွဲအခြေအနေ ကျနော်လည်း မသိသေးပါဘူး။”

ဒီနေ့တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ထိခိုက်မှုများတယ်လို့ AA ဘက်ကပြောနေပေမဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

လက်ရှိကျောက်တန်းကျေးရွာအုပ်စုထဲက ရွာသားတော်တော်များများဟာ ရွာကနေ တိမ်းရှောင်နေကြပြီလို့ ပြိန်းတောကျေးရွာသား ကိုစံအောင်က ဆိုပါတယ်။

“အခုအဲဒီနယ်မြေမှာ များသောအားဖြင့် ရွာက စွန့်ခွာတာ များနေပြီး။ ရွာမှာ မရှိသလောက်ဖြစ်နေပြီး ကျောက်တန်းရွာထဲကို။ ပြိန်းတောမှာတော့ နည်းနည်း ရှိသေးတယ်။ ထီးစွဲ၊ အောင်သာစည်၊ ရေပုတ် အဲဒီရွာတွေမှာ အကုန်လုံး တယောက်မှ မရှိတော့ဘူး။ အကုန်လုံးက ဒီရသေ့တောင်ကို ရောက်နေပြီး။ ရသေ့တောင် မရောက်တဲ့သူတွေကျ ဟိုဘက် လမုန်းတိုင်၊ လိုင်ဂွင်ရွာ၊ နွားတင်းကုတ် အဲဒီရွာထဲ ရောက်နေတယ်။”

ဒီနေ့မှာ စစ်ရှောင်တွေ ထပ်မံရောက်ရှိနေလို့ လက်ရှိ ရသေ့တောင်မြို့အတွင်း စစ်ရှောင်ဦးရေ ၄၀,၀၀၀ ခန့်ရှိနေပြီလို့ အကူညီပေးအဖွဲ့ဝင်ကိုဘက္ကာကဆိုပါတယ်။

“ဒီနေ့မြို့ပေါ်ကို ရောက်လာတာတဖွဲဖွဲပဲ။ မနက်ကတည်းကရောက်တာ အခုထိ အများကြီးပဲ ရောက်တုန်းပဲ။ ခန့်မှန်းခြေတော့ ရသေ့တောင်မြို့နယ် မြောက်ဘက်ခြမ်း အခြေအနေက ဟိုအရင် ၂၀,၀၀၀ ကျော်၊ ၃၀,၀၀၀ နီးပါးလောက် ရှိတယ်။ အခုပါ ပေါင်းလိုက်လို့ ရှိရင် အဲဒီမှာ ၄၀,၀၀၀ နီးပါးလောက်ရှိတယ်။”

ကျောက်တန်းအုပ်စုကျေးရွာကနေ ခေတ္တရှောင်တိမ်းနေထိုင်ကြဖို့ အမိန့်ထုတ်ပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွါးလာသလို ကျေးရွာသားတွေလည်း နေရပ်စွန့်ခွာထွက်လာကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လအတွင်းမှာ ကျောက်တန်းကျေးရွာ စာသင်ကျောင်းအတွင်း တပ်မတော်က ရွာသားတွေကို ခေါ်ယူစစ်ဆေးနေစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ရွာသား ရှစ် ဦးသေဆုံးပြီး ခြောက် ဦး ဒဏ်ရာရရှိသွားခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့လို့ ရွာသားတွေ စိုးရိမ်စိတ်နဲ့ တိမ်းရှောင်ခဲ့ကြတာပါ။

ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေမှာ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားတဲ့အပေါ် မဖြစ်သင့်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးအတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောပါတယ်။

“မလုပ်သင့်တဲ့ကိစ္စလို့ဘဲမြင်တယ် ကျနော်တို့က။ အဲဒီရွာအကုန်လုံးကို စစ်ဆင်ရေးလုပ်ဖို့အတွက် တိမ်းရှောင်ရမယ် ဆိုတဲ့အခါကျတော့ အခုလောလောဆယ်မှာ မိုးရာသီ လယ်ယာလုပ်ငန်းတွေအကုန်လုံးက ရပ်တန့်အလဟသဖြစ်သွားမှာပေါ့။ နောက်တခုက အဲဒီကျောက်တန်းတဝိုက်မှာ ထုတ်ပြန်ချက်ထုတ်ထားတဲ့ရွာ ၁၇ ရွာရှိတယ်ဗျာ။ ကျောက်တန်း တဝိုက်လူတွေအကုန်လုံးဆိုလို့ရှိရင် ၃၀,၀၀၀ ကျော်လောက်ရှိမယ်။ ဘယ်နေရာသွားနေမှာလဲ။ နောက်ပြီးတော့မှ COVID ကပ်လည်း ရှိနေတဲ့အခြေအနေမျိုးမှာ တခြားမှာသွားနေဖို့ဆိုတာကလည်း မဖြစ်သင့်တဲ့ကိစ္စတခုပေါ့နော်။ အရမ်းကို အန္တရာယ်များတယ်။ ဒီလူတွေအတွက်ကို ဘာမှပြင်ဆင်ထားမှု မရှိဘူးပေါ့နော်။”

ရသေ့တောင်မြို့နယ်၊ နယ်မြေခံတပ်ရင်းက တပ်မိသားစုဝင် ၃ ဦးကို ဇွန်လ ၂၄ ရက်က AA တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားခဲ့ပါတယ်။ ဒီလိုဖမ်းဆီးရတာဟာ မြန်မာ့တပ်မတော်က သုံးစွဲနေတဲ့အစ္စရေးနိုင်ငံလုပ် စစ်မြေပြင်သုံး Skylark I-LEX အမျိုးအစား မောင်းသူမဲ့ကင်းထောက်လေယာဉ်ငယ် တစ်စင်းကို AA ဘက်က သိမ်းဆည်း ရရှိခဲ့ပြီး ၎င်းယာဉ်ကို လာရှာတဲ့ ခမရ(၅၃၆) တပ်ဖွဲ့ဝင်တွေရဲ့သား သုံး ဦးကို ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ AA ဘက်က ထုတ်ပြန်ထားပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ စစ်ရေးပဋိပက္ခဖြစ်စဉ်မှာ မသင်္ကာသူတွေကို အပြန်အလှန်ဖမ်းဆီးမှုတွေရှိသလို စစ်ရေးကာလအတွင်း ရွာသား ၂၀၀,၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]


















XS
SM
MD
LG