သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲရပ်ပေမယ့် လမ်းပိတ်ခံ ဒုက္ခရောက်နေတဲ့ ရခိုင်ရွာသားများ


 နှစ်ဘက်တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ပြီး စစ်တွေမြို့သို့ ထွက်ပြေးလာကြရသူများ။ (၂၉ ဇွန်၊ ၂၀၂၀)
နှစ်ဘက်တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ပြီး စစ်တွေမြို့သို့ ထွက်ပြေးလာကြရသူများ။ (၂၉ ဇွန်၊ ၂၀၂၀)

[Zawgyi/Unicode]

အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသမှာ လမ်းပန်းဆက်သွယ်ရေး ပိတ်ပင်ထားတာကြောင့် ဒေသခံတွေ သွားရေး၊ လာရေးနဲ့ ကျန်းမာရေးပိုင်ဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အကြောင်းပြောချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ရဲ့ အနောက်မြောက်ဘက်မှာ ရှိတဲ့ တောဖျားချောင်းဒေသမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကုန်ပိုင်းလောက်က တိုက်ပွဲ ဖြစ်ပွားတာတွေရှိခဲ့ပြီး ဒေသခံတွေ အဓိက သွားလာနေကြတဲ့ ပုဏ္ဏားကျွန်းနဲ့ တောဖျားချောင်းလမ်းကို ပိတ်ထားခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီ တောဖျားချောင်းဒေသမှာ တိုက်ပွဲမဖြစ်တာ တစ်နှစ်ကျော်လောက်ရှိလာပေမဲ့လည်း ပိတ်ထားတဲ့ ကုန်းလမ်းတွေ ပြန်မဖွင့်သေးသလို လူဦးရေ ၅၀,၀၀၀ လောက် အားကိုး နေရတဲ့ ပိုးရွှီပြင်တိုက်နယ် ဆေးရုံမှာလည်း ဆရာဝန်မရှိတာကြောင့် မခိုင်ခိုင်သန်းဟာ သူ့ရဲ့ သားဦးလေးကို ဆုံးရှူံးခဲ့ရပါတယ်။

“ကျမတို့က ပုဏ္ဏားကျွန်းဆေးရုံကို ကွမ်းတောင်ကနေ တဆင့်သွားရတာ။ ကွမ်းတောင်က နေပြီး သွားရတာ ၃ နာရီလောက်ကြာမယ် ထင်တယ်။ လမ်းမှာတော်တော်ကြာ သွားတယ်။ အဲဒီအချိန်အတွင်းမှာ ကလေးက သေသွားတာ။ ရေလမ်းတဆင့် ကုန်းလမ်းတဆင့် ဆိုတော့ တော်တော်ကြာသွားတယ်။ အဲဒီမှာ သေသွားတာလို့ ထင်တယ်။”

မခိုင်ခိုင်သန်းကတော့ လမ်းပန်းဆက်သွယ်ရေးနဲ့ တစ်ခုတည်းသော တိုက်နယ်ဆေးရုံမှာ ဆရာဝန်မရှိတာကြောင့် သူ့ရဲ့ရင်သွေးလေးကို ဆုံးရှူံးလိုက်ရတဲ့အတွက် နောက်လူတွေ သူ့လိုမဖြစ်ရဖို့ ပိတ်ထားတဲ့ လမ်းတွေကို ပြန်ဖွင့်ပေးဖို့နဲ့ ပိုးရွှီပြင်တိုက်နယ်ဆေးရုံမှာ ဆရာဝန်တစ်ယောက် ခန့်ထားပေးစေချင်တယ်လို့ ပြောပါတယ်။

“တော်တော်လေးကို ဝမ်းနည်းတာပေါ့။ ကိုယ်က မျှော်လင့်ထားသလို ဖြစ်မလာတော့ သားဦးကလည်း ယောကျာ်းလေးဆိုတော့ ပိုပြီးတော့ နှမြောတာပေါ့။ ကိုယ့်လိုမျိုး သူများကို အဲဒီလို မျိုးမဖြစ်စေချင်း အဲဒါကြောင့် လမ်းပန်းဆက်သွယ်ရေးနဲ့ ဆရာဝန်လိုအပ်တယ်လို့ ထင်ပါတယ်။”

ရခိုင်ပြည်နယ်မှာလူဦးရေ ၃.၁ သန်း နေထိုင်နေကြီး လူ ၁၀၀ မှာ ၈၀ ကျော်လောက်က ကျေး လက်ဒေသတွေမှာ နေထိုင်ကြတာဖြစ်တယ်လို့ ၂၀၁၄ သန်းခေါင်စာရင်းမှာ ဖော်ပြ ထားပြီး ကျန်းမာရေး ဝန်ထမ်းကတော့ လက်ရှိစာရင်းအရ ၄,၄၆၃ ဦးရှိတယ်လို့ ရခိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

ကုန်းလမ်းတွေ ပိတ်ထားတာကြောင့် ဒေသခံတွေဟာ ရေလမ်းခရီး တစ်ခုတည်းကိုပဲ အားကိုးနေရတဲ့အတွက် ကျန်းမာရေးနဲ့ လမ်းပန်းဆက်သွယ်အခက်အခဲတွေ ကြုံတွေ့နေရတာဖြစ်တယ်လို့လည်း ပိုးရွှီပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ပြောပါတယ်။

“ကုန်းလမ်းကလည်း ပိတ်ထားတယ်ဆိုတော့ ကုန်းလမ်းကလည်း သွာလို့ မရတော့ဘူး။ အဲဒါကြောင့် ရေလမ်း လမ်းခရီးကို အဓိကသွားနေရတယ်။ ရေလမ်းကလည်း ပိုးရွီပြင်ကနေ ပုဏ္ဏားကျွန်းကို သွားတဲ့ အခါ သုံးနာရီ ကျော်လောက်ကြာတယ်။ အဲဒီတော့ လူနာတွေက အခက်အခဲကြုံရတယ်။ ကလေးတွေ သေတာတို့ အရေးပေါ်လူနာတွေ ဆေးရုံကို အချိန်မီမရောက်ဘဲ သေတာတွေ လည်းရှိတယ်။ ဒီမှာက ဒီတိုက်နယ်ဆေးရုံတစ်ခုကိုပဲ မှီခိုပြီးတော့ အားကိုးနေရတာ။ ဒီချောင်းက အရင်ကတည်း ဖွဲ့ဖြိုးတိုးတက်မှု နောက်ကျ ကျန်ခဲ့တာ။ ကျနော်တို့ တောဖျားချောင်းကို ဆရာဝန်တစ်ယောက်နဲ့ ကုန်းလမ်းခရီးကို ဖွင့်ပေးစေချင်ပါတယ်။”

တောဖျားချောင်းဒေသမှာ ကျေးရွာအုပ်စု ၆၀ ကျော်နဲ့ လူဦးရေ ၅၀,၀၀၀ ကျော်လောက် နေထိုင်ကြတာဖြစ်ပြီး အများစုကတော့ တောင်ယာလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြတာလည်းဖြစ်ပါတယ်။

လက်ရှိမှာလည်း ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ရပ်ဆိုင်းနေတာကြောင့် တောဖျားချောင်းဒေသခံတွေ အဓိက အားကိုးနေရတဲ့ ကုန်းလမ်းကို ပြန်ဖွင့်ပေးစေချင် တယ်လို့ ပိုးရွှီပြင်မဟာမိတ်လူမှု ကယ်ဆယ်ရေးအသင်းရဲ့ လူငယ်စည်းရုံးရေးမှူး ကိုရဲဆွေ မောင်က ပြောပါတယ်။

“အရင်တုန်းကဆိုရင်တော့ ဒီနေရာတွေမှာ တိုက်ပွဲတွေ ရှိခဲ့တယ်။ ဒီနေရာမှာ တပ်မတော် သားတွေလည်းရှိတယ်ဆိုတော့ ကျနော်တို့ကလည်း ဒီလမ်းက မသွားရဲကြဘူးလေ။ လမ်းပိတ် ထားတာလည်း ၂ နှစ်ကျော်လောက်ကြာနေပါပြီ။ ဖြစ်နိုင်ရင်တော့ ဒီလမ်းကို ဖွင့်ပေးစေချင်တယ်။ အခုက တိုက်ပွဲ မရှိတော့တာလည်း ကြာပြီဆိုတော့လေ။ ဒီလမ်းကို ဖွင့်ပေးရင် ကျနော်တို့ ဒေသက လူတွေလည်း အဆင်ပြေသွားကြမှာပါ။”

နိုဝင်ဘာလ ၈ ရက်နေ့က ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က ဒေသတွေမှာ ပြန်လည်ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးပေးဖို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ကမ်းလှမ်းချက်ကို တပ်မတော်က လက်ခံခဲ့ပြီးနောက် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းနေတာ ၂ လလောက် ရှိနေပြီးဖြစ်ပေမဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မြို့နယ်တချို့မှာတော့ ဒေသခံတွေဟာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေတုန်းပဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


[Unicode Version]














XS
SM
MD
LG