သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းထားတဲ့စစ်သားတွေ ပြန်လွှတ်လိုပေမဲ့ လက်ခံမယ့်သူ မရှိသေးကြောင်း AA ပြော


ရခိုက်လက်နက်ကိုင် AA အဖွဲ့ (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
ရခိုက်လက်နက်ကိုင် AA အဖွဲ့ (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

(Zawgyi/Unicode)

စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေအတွင်း အရပ်သား ထိခိုက်သေဆုံးသူတွေနဲ့ ဖမ်းဆီးခံရသူတွေ တိုးလာနေပါတယ်။ တပ်မတော်ဘက်ကလည်း အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ရှိသလို ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်ကလည်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဖမ်းဆီးစစ်ဆေးနေတာတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက AA အဖွဲ့က ဖမ်းဆီးထားတဲ့ တပ်မတော်သား စစ်သုံ့ပန်းတွေထဲက ၄ ဦးကို AA အဖွဲ့က ပြန်လွှတ်ပေးဖို့ ပြောဆိုထားပေမဲ့ ဆက်သွယ်လာသူ မရှိသေးဘူးလို့ ခိုင်သုခက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ပလက်ဝတိုက်ပွဲအတွင်းမှာ ရခိုက်လက်နက်ကိုင် AA အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ တပ်မတော်သား စစ်သုံ့ပန်းတွေက ဒဏ်ရာပြင်းထန်ရရှိထားတဲ့ လေးယောက်ကို ပြန်လွှတ်ပေးမယ်လို့ AA အဖွဲ့က ထုတ်ပြန်ထားပေမယ့် အခုအချိန်ထိတာဝန်ရှိသူတွေ ဆက်သွယ်လာတာ မရှိဘူးလို့ ခိုင်သုခက ပြောပါတယ်။

"မတ်လ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ဖမ်းဆီးထားတဲ့ မြန်မာစစ်တပ်ရဲ့ တပ်မ ၇ လက်အောက်ခံ ခမရ ၇ က အကုန်လုံး ဆိုရင်တော့ တပ်ရင်းမှူးအပါအဝင် ၃၈ လောက်ရှိမယ်။ တပ်ရင်းမှူး တယောက်ရယ် ဗိုလ်ကြီး လေးယောက်ရယ်ပေါ့။ အဲဒီ ၃၈ ယောက်မှာ နှစ်ယောက်ကတော့ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ သေသွားတယ်။ အကုန်လုံးဒဏ်ရာရတာကတော့ ၂၅ ယောက် အဲဒီမှာ လေးယောက်က ဒဏ်ရာပြင်းထန်တယ်။ အဲဒီဒဏ်ရာပြင်းထန်တဲ့ လေးယောက်ကို လာယူမယ့် သူရှိရင်ပြန်ပြီးတော့ လွဲပေးမယ်လို့ ထုတ်ပြန်ထားတာ ရှိတယ်။ အခုအချိန်ထိ အဲဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ သူ့ရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ မြန်မာ စစ်တပ်ဘက်ကရော မြန်မာအစိုးရဘက်ကရော ဘာမှ ဆက်သွယ်လာတာတော့ မရှိသေးဘူး။ စစ်သုံ့ပန်းတွေကို ပြန်လွတ်ပေးနိုင်ရေး ကိစ္စနဲ့ ပတ်သတ်လို့တော့ သူတို့ရဲ့ မိခင်ဌာနဖြစ်တဲ့ မြန်မာစစ်တပ်က ပိုပြီးတော့ အက္ခရာကျတာတော့ပေါ့နော်။ လက်အောက်ငယ်သားတွေပေါ်မှာ ဘယ်လောက်ထိ စာနာမှုရှိသလဲ ရဲဘော်ရဲဖက်စိတ်ဓာတ်ဘယ်လောက်ရှိသလဲ။ ဘယ်လောက်ထိ သနားကျင်နာစိတ်ရှိသလဲဆိုတာကတော့ သူတို့ရဲ့ သူတို့အပေါ်မှာ မူတည်တယ်။ ကျနော်တို့ကတော့ စောင့်ကြည့်ရမှာပေါ့။အခုအချိန်ထိတော့ ဘာမှဆက်သွယ်လာတာ မရှိသေးဘူး။"

ဒဏ်ရာရတဲ့ စစ်သုံ့ပန်းတွေကို အချိန်မှီ ခွဲစိတ်ကုသမှုတွေ မပြုလုပ်နိုင်ဘူးဆိုရင် သူတို့ရဲ့ အသက်အန္တရာယ် အတွက်စိုးရိမ်ရပြီး ကျန်တဲ့ စစ်သုံ့ပန်းတွေကိုတော့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ စစ်သုံ့ပန်းစည်းမျည်း စည်းကမ်းတွေနဲ့ ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒါအပြင့် တပ်မတော်ဘက်ကလည်း စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့နယ်နဲ့ ပလက်ဝ နယ်စပ်က တင်းမကျေးရွာတွေမှာ မနေ့ စတင်ပြီး ဒေသခံတွေကို ဖမ်းဆီးထားတယ်လို့ တင်းမကျေးရွာ သူတစ်ဦးက ပြောပါတယ်။

"တိုက်ပွဲတွေတော့ ဖြစ်နေတယ်။ ဒါပေမဲ့ ရွာထဲမှာတော့ မဖြစ်တော့ဘူး။ ရွာအနားမှာ စစ်သားတွေပဲရှိတာ။ တင်းမမှာ အရင်က လူတွေကို မဖမ်းဘူး။ မနေ့က စဖမ်းတာ ဒီနေ့လည်း ဖမ်းနေတယ်တဲ့ ရွာကလူတွေနဲ့ အဆက်အသွယ်ရတယ် ရွာကို ဝင်ပြီးတော့ ဖမ်းနေတယ်တဲ့ သေနတ်တွေနဲ့လည်း ပစ်နေတယ်တဲ့။ ထွက်ပြေးနေတဲ့ သူတွေ များတယ်။ ဒီနေ့ဆိုရင်လည်း ကျမတို့ ရွာသားတွေ ထွက်ပြေးလာကြတယ်။ ကျောက်တော်ကိုတော့ မရောက်သေးဘူး သူတို့က လမ်းလျှောက်လာရတာဆိုတော့။ ကျမအစ်ကိုနဲ့ အဆက် အသွယ် ရတယ် လူ၂၀၀ လောက်ပါတယ်တဲ့ သူတို့ တစ်ညလုံး ကုလားတန်မြစ်ကို ကူနေကြတာတဲ့ အခြေအနေ တော်တော်ဆိုးနေပြီ။"

သူဟာ လက်ရှိအချိန်မှာ ကျောက်တော်မြို့နယ်က စစ်ရှာင်စခန်းတခုမှာ နေထိုင်နေတာဖြစ်ပြီး တင်းမကျေးရွာမှာ ကျန်ခဲ့တဲ့ သူတွေကို စိုးရိမ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

"အဖေလည်း အခုဆိုရင် စစ်သားတွေနဲ့ စကားပြောနေလောက်ပြီ။ အဖေကိုလည်း စိုးရိမ်တယ်။ သူတို့က အသက်ကြီးတယ် ငယ်တယ်ဆိုပြီးတော့ စဉ်းစားတာမဟုတ်ဘူး သူတို့ လုပ်ချင်သလိုလုပ်နေကြတာ။ ရွာထဲကို ဝင်လာပြီဆိုရင် ကြက်တွေဖမ်းတယ်။ ဝက်တွေဖမ်းတယ်။ အဲတော့ သူတို့လုပ်ချင်လုပ်တယ်လို့ ပြောတာ။"

တင်းမကျေးရွာအနီးမှာ ရှိတဲ့ ပြိုင်းတိုင်းကျေးရွာမှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေက တိုက်ပွဲပြင်းထန်ခဲ့သလို တပ်မတော်သားတွေက ပြိုင်းတိုင်းကျေးရွာ တစ်ခုလုံးကို မီးရှို့ဖျက်စီးခဲ့တာကြောင့် ကျောက်တော်မြို့ပေါ်ကို ထွက်ပြေးလာတဲ့ ပြိုင်းတိုင်းဒေသခံတဦးက စွပ်စွဲပြောဆိုပါတယ်။

"လက်နက်ကြီးနဲ့ ပစ်တော့ မီးလောင်တယ် ပြီးတော့ လေယာဉ်နဲ့ ပစ်တယ်။ အဲဒီမှာလည်း အိမ်တွေ တဝက်လောက် မီးလောင်သွားတယ်။ ကျန်တဲ့ အိမ်တွေကိုတော့ စစ်ကားတွေဝင်ပြီးတော့ မီးရှို့သွားတာပဲ စုစုပေါင်း ၂၅၃ ဆောင် မီးလောင်သွားတာ အကုန်လုံးပဲ။ အသေအပျောက်ရှိတယ်။ သေတာက ၆ ဦး ဒဏ်ရာ ရတာက ၁၂ ဦး လက်ရှိမှာတော့ ကျောက်တော် ကယ်ဆယ်ရေး စခန်းမှာနေကြတယ်။ တိုက်ပွဲဖြစ်တော့ ရွာသားတွေက ကြားထဲ မှာမြေစာခံနေရတယ်။ အရင်ကလို နေထိုင်ချင်တယ်။ ကိုယ့်အလုပ်ကို ကိုယ်လုပ်ပြီးတော့ သူများနေရာမှာ ဒုက္ခသည် အဖြစ်နဲ့ အနေဆင်းရဲ အစားဆင်းရဲ ကျနော်တို့က ဖြစ်နေကြ တယ်။ "

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းမှာ အရပ်သားတွေ ဖမ်းဆီးခံနေရတာတွေ နေအိမ်တွေကို မီးရှို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သတ်ပြီး မေးမြန်းဖို့ တပ်မတော်ဖက်က တာဝန်ရှိသူတွေကို ဗွီအိုအေက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ရခိုင်မြောက်ပိုင်းမှာ ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေသလို တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည် ၁၂၀,၀၀၀ အထိရှိနေပြီး အရပ်သားထိခိုက်သေဆုံး ဒဏ်ရာရတာတွေ ဖမ်းဆီးခံရတာတွေလည်း တနေ့ထက်တနေ့ များပြားလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG