သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသူတွေတိုး


ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။
ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။

ရခိုင်ပြည်နယ်မြို့တော်စစ်တွေအနီးမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အဖွဲ့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ထောင်နဲ့ချီတဲ့မြို့ခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ အကူအညီ ပေးနေသူတွေနဲ့ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ကျယ် ပြန့်လာတာနဲ့အမျှ ဒုက္ခသည်ပြဿနာလည်း ကြီးထွားလာနေတာပါ။ ရခိုင်ပြည်နယ်စစ်ရေးပဋိပက္ခ နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ကောင်စီရဲ့ ပြည်နယ်ရုံးစိုက်ရာ စစ်တွေမြို့အနီးမှာ စစ်ကောင်စီနဲ့ အာရက္ခ တပ်တော် AA ကြား ဒီလအစောပိုင်းကစလို့ လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်းတွေနဲ့ နှစ်ဘက်အပြန်လှန် ပစ်ခတ်နေကြပါတယ်။ အနီးအနားကကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြတာနဲ့ ပတ်သက်လို့ ရခိုင်စစ်ဘေးဒုက္ခသည်အရေးဆောင်ရွက်နေသူ တဦးဖြစ်တဲ့ ကိုဝေဟင်အောင်က VOA ကို အခုလို ပြောပါတယ်။

“အခုလက်ရှိအခင်းအကျင်းကဆိုလို့ရှိရင် စစ်တွေမြို့နဲ့ အနီးအနားပတ်ဝန်းကျင်က စစ်ကနည်းနည်း ပူလာပြီပေါ့။ ပြီးတော့ စစ်မြူးတဲ့သဘောရှိတယ်၊။ အပြန်အလှန်ထိုးစစ်ဆင်တဲ့အဆင့်တော့ မဟုတ်သေးဘူး။ ဒါပေမယ့် အပြန်အလှန် ပစ်ခတ်မှုတွေတော့ ရှိနေတယ်။ ဒါ့ကြောင့် အဲဒီနားမှာရှိနေတဲ့ ပြည်သူတွေက မနေရဲဘဲနဲ့ ဘေးလွတ်ရာကို ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်တွေက အခုရက်ပိုင်းအတွင်းမှာ သိသိသာသာ တိုးလာတယ်ဗျာ။”

အိုးအိမ်စွန့် ထွက်ပြေးနေကြသူတွေထဲမှာ စစ်တွေမြို့တခုတည်းမဟုတ်ဘဲ စစ်တွေအနီးမှာရှိတဲ့ ပေါက်တော မြို့နယ်အပိုင်က ကျေးရွာတွေ ဒေသခံတွေလည်းပါဝင်ပါတယ်။ လက်နက်ကြီးအန္တရာယ်ကိုစိုးရိမ်တာကြောင့် ထွက်ပြေးနေကြတာဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ အိုးအိမ်စွန့်ခွာထွက်ပြေးသူ ခန့်မှန်ခြေ ၄,၀၀၀ နီးပါး ရှိတယ်လို့ ကိုဝေဟင်အောင် ကဆက်ပြောပါတယ်။

“ခန့်မှန်းခြေကတော့ အိမ်ထောင်စုဆိုရင် တထောင်ပတ်ဝန်းကျင်လောက်တော့ ရှိမယ်ဗျာ။ လူဦးရေကတော့ အနည်းဆုံး ၃,၀၀၀၊ ၄,၀၀၀ ပတ်ဝန်းကျင်လောက်ရှိမယ်လို့ တွက်ဆတယ်။ စာရင်းကတော့ ကျနော် တိတိကျကျ မရနိုင်သေးဘူးဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က နီးစပ်ရာတွေကို ပြန့်ကျဲပြီးတော့ အဆင်ပြေမယ့်နေရာကို ဖြစ်သလို ခိုလှုံနေကြတဲ့အတွက် တိတိကျကျစာရင်းရဖို့ဆိုတာ မဖြစ်နိုင်သေးလို့ပါ။”

ရခိုင်ပြည်နယ်မြောက်မှာ စစ်တွေမြို့ကလွဲရင် ကျန်တဲ့ မြို့အားလုံးကို AA ဘက်က သိမ်းပိုက်ထိန်းချုပ်ထား တယ်ဆိုပေမယ့်လည်း စစ်ကောင်စီရဲ့ လေကြောင်း အန္တရာယ်ကြောင့် သိန်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေးပါဘူး။ စစ်ဘေးရှောင်တွေအတွက် စားဝတ်နေရးအခက်အခဲတွေနဲ့ နေ့စဉ်နဲ့ အမျှ ရင်ဆိုင်နေကြရပါတယ်။ စစ်ဘေးဒုက္ခသည်တွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီး ရွယ်အိုတွေ နာမကျန်းသူတွေနဲ့ နာတာရှည်ရောဂါသည်တွေလည်း ပါပါတယ်။

ကျန်းမာရေးမကောင်းသူတွေအတွက် ဆေးဝါးရရှိဖို့ အရေးတကြီးလိုအပ်နေသလို ဆောင်းရာသီမှာ အဝတ်အထည်၊ စောင်နဲ့ အမိုးအကာတွေလည်း လိုအပ်နေတယ်လို့ ရခိုင်စစ်ဘေးဒုက္ခသည် အရေးဆောင်ရွက်နေတဲ့ ကိုဝေဟင်အောင်က ပြောပါတယ်။

“ဒီကာလကလည်း သိတဲ့အတိုင်းပဲ။ ဆောင်းရာသီဆိုတော့ ကျနော်တို့ဘက်မှာ အအေးက ပိုလာတယ်။ စစ်ဘေးရှောင်တွေက တိုးလာတဲ့အတွက်ကြောင့် စစ်ဘေးရှောင်တွေက အနွေးထည်လိုအပ်ချက်ရယ် ပြီးတော့ စောင်လိုအပ်ချက်ရယ်၊ အမိုးအကာလိုအပ်ချက်က တော်တော်ကြီးးကြီးမားမားဖြစ်လာတယ်။ တခြား တဘက်မှာကျရင် အအေးတိုးလာတာနဲ့အမျှ ကျန်းမာရေးစောင့်ရှောက်မှုက သိသိသာသာလို အပ်လာတာကို မြေပြင်မှာ တွေ့နေရတယ်ခင်မျာ။”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တကျော့ပြန်တိုက်ပွဲတွေ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်း စတင်ဖြစ်ပွားခဲ့တာပါ။ အဲဓီအချိန်ကတည်းက ကုန်လမ်းရေလမ်းနဲ့ ကုန်စည်စီးဆင်းမှုတွေကို စစ်ကောင်စီက ပိတ်ဆို့ထားတာကြောင့် ဒေသတွင်း အခြေခံစားသောက်ကုန်တွေနဲ့ လူသုံးကုန်ပစ္စည်း တွေ ရှားပါးပြတ်လပ်နေပါတယ်။

ရခိုင်ပြည်နယ်အတွင်းအခြေအနေ စီးပွားရေးဟာ လည်ပတ်မှုလုံးဝ မရှိသလောက်နီးပါး ဖြစ်နေတာကြောင့် ဒေသခံနှစ်သန်းကျော် အငတ်ဘေးဆိုက်မယ့် အန္တရာယ်ရှိနေတယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ လပိုင်းတွေကတည်း က သတိပေးခဲ့တာပါ။ အခု ရက်ပိုင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ အခြေခံစားကုန် တချို့ ကုန်သည်တချို့က တင်သွင်းတာတွေနိုင်ပေမဲ့ ဆေးနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေ ဈေးတက်နေပြီး အထူးသဖြင့် အလုပ်အကိုင် ရှားပါးတဲ့ ပြသနာကို ရခိုင်ဒေသခံတွေ ရင်ဆိုငနေရတဲ့အကြောင်း ဒေသခံ ကူညီရေးအဖွဲ့တွေက ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG