သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းက IDP အရေအတွက် တင်ပြမှု အစိုးရနဲ့ အရပ်ဘက်အဖွဲ့တွေအကြား ကွာဟမှုရှိနေ


၂၀၁၈ ဒီဇင်ဘာတုန်းက ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးရွာရောက် စစ်ရှောင်များ (ဓါတ်ပုံ -MP Oung Thaung Shway)
၂၀၁၈ ဒီဇင်ဘာတုန်းက ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးရွာရောက် စစ်ရှောင်များ (ဓါတ်ပုံ -MP Oung Thaung Shway)

(Zawgyi/Unicode)

ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြတဲ့ စစ်ရှောင်အရေအတွက်ဟာ အစိုးရစာရင်းနဲ့ အရပ်ဘက်အဖွဲ့တွေ ကောက်ခံရထားတဲ့ စာရင်း ကွာဟနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပါမယ်။

ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြတဲ့ စစ်ရှောင်ဦးရေဟာ ၁၆၀,၀၀၀ ကျော် အထိရှိလာတယ်လို့ စစ်ရှောင်တွေကို စာရင်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး (REC) ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။ အခုလို REC က ထုတ်ပြန်ထားပေမဲ့လည်း အစိုးရရဲ့ စာရင်းမှာတော့ ဧပြီလ ၂၁ ရက်နေ့အထိ စစ်ရှောင်ဦးရေ ၇၀,၀၀၀ လောက်သာ ရှိနေတာပါ။

အခုလို အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာရင်းနဲ့ အစိုးရရဲ့ စာရင်းအရမ်းကို ကွာဟနေတာနဲ့ ပတ်သတ်ပြီး ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနက ဦးစီးအရာရှိ ဦးရဲမင်းဦးက အခုလိုပြောပါတယ်။

"ကျနော်တို့ကျတော့ ရပ်ကျေးတွေ မြို့နယ်ခရိုင် အဆင့်ဆင့်ရောက်လာတဲ့ စာရင်းတွေကို စုထားတာပေါ့နော်။ ကွာဟချက်တွေကတော့ ရှိမှာပေါ့နော်။ မြေပြင်အနေအထားအရ တကယ့်ကို ၂၀၁၈ နှစ်ပိုင်းကနေဆိုရင်တော့ သိန်းချီပြီးတော့ ရှိနေမှာပါ။ ဒုက္ခသည် အခုလောလောဆယ်တော့ ၆၉,၄၈၇ ဦးဆိုပြီးတော့ ဧပြီလ ၂၁ ရက်နေ့ စာရင်းမှာ တွေ့ရတာပေါ့။ ဘာကြောင့်ကွာဟချက် ဖြစ်ရတာလဲဆိုတော့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကောက်ယူမှုပုံစံတွေနဲ့ ထွေအုပ်တွေ အဆင့်ဆင့်ကောက်ယူမှုပုံစံတွေပေါ်မှာ မူတည်ပြီး ကွာသွားတာလား တခြား အကြောင်းအရာတွေကြောင့်လားဆိုတာတော့ မပြောတတ်ဘူးပေါ့နော်။"

ရခိုင်ပြည်နယ်အတွင်းမှာ ရှိနေတဲ့ စစ်ရှောင်တွေဟာ လက်ရှိအချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ကူညီမယ့်သူတွေ နည်းပါးလာတာကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ပိုပြီးတော့ ကြုံတွေ့လာရတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး (REC) က ပြောခွင့်ရ ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

"ဒီသင်္ကြန်ကာလမှာ ခရီးသွားပိတ်လိုက်တာတွေ ရှိတယ်။ နောက် COVID-19 နဲ့ ပတ်သတ်ပြီးတော့ လော့ဒေါင်း လုပ်တာတွေ အိမ်ထဲမှာပဲ နေဖို့ တိုက်တွန်းထားတာတွေ ရှိတော့ ကူညီပေးရေးအဖွဲ့တွေက ဒီကာလမှာ ဒီကိစ္စ တွေကို ရပ်ဆိုင်းထားတာကြတော့ ဒီဧပြီတစ်လလုံးမှာ ကူညီပေးတာတွေ မရှိတဲ့ အနေအထားဖြစ်သွားတယ်။ ဆိုတော့ စစ်ရှောင်တွေရဲ့ စားဝတ်နေရေး တော်တော်အခက်အခဲ ဖြစ်သွားတယ်။ ဧပြီ တလထဲမှာပဲ စစ်ရှောင် အရေအတွက်က ၆,၀၀၀၊ ၇,၀၀၀ လောက်တိုးသွားတာပေါ့နော်။"

အစိုးရဘက်ကတော့ ၂၀၁၈ ခုနှစ်အစပိုင်းကတည်းက စစ်ရှောင်တွေနဲ့ တိုက်ပွဲအတွင်း သေဆုံး ထိခိုက်ဒဏ်ရာရသူတွေကို ထောက်ပံ့လာခဲ့တာ ကျပ်သိန်းပေါင်း ၃၀,၀၀၀ ကျော်သွားပြီးလို့ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက ဦးစီးအရာရှိ ဦးရဲမင်းဦးကပြောပါတယ်။

"သိန်းပေါင်း ၃၀,၀၀၀ ကျော်သွားပြီ စစ်ရှောင်တွေကို ထောက်ပံ့တာ။ လူဦးရေကတော့ ၁၄၀,၀၀၀ ကျော်ရှိသွားပြီ ထောက်ပံ့ပေးခဲ့တဲ့ စာရင်းအရပေါ့။"

အစိုးရက ကူညီထောက်ပံ့ခဲ့တဲ့ လူဦးရေ ၁၀၀,၀၀၀ ကျော်ဟာပြီးခဲ့တဲ့ ၂၀၁၈ ကတည်းက စတင်ပြီးကူညီခဲ့ သူတွေဖြစ်ပြီး စစ်ရှောင်တွေအပြင် ထိခိုက်ဒဏ်ရာရသူတွေ သေဆုံးသူတွေနဲ့ နေရပ်ပြန်သွားသူတွေပါဝင်သလို လက်ရှိအစိုးရ စစ်ရှောင်စာရင်းထဲမှာ မပါတော့တဲ့ သူတွေလည်း ပါဝင်တာပါ။

စစ်ရှောင်စခန်းတွေမှာ ဧပြီလက စတင်ပြီးတော့ ပုံမှန်ပေးနေတဲ့ စားနပ်ရိက္ခာထောက်ပံ့မှု တွေ မရှိတဲ့အပြင် စခန်းတွေမှာရှိတဲ့ ယာယီတဲတွေဟာလည်း ပြိုပျက်လာနေပြီး မိုးစတင်ရွာသွန်းမှုတွေကြောင့် နေရာအခက်အခဲနဲ့ သောက်သုံးရေ ပြဿနာတွေကို ရင်ဆိုင်နေရတာကြောင့် စစ်ရှောင်တွေအတွက် စိုးရိမ်ရတဲ့ အခြေအနေတရပ်ဖြစ်လာတယ်လို့ REC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပဋိပက္ခအတွင်း အရပ်သားတွေအခုလို ဘေးဒုက္ခရောက်တာရှိသလို ထိခိုက် သေဆုံးမှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ စစ်ရာဇဝတ်မှုတွေ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ထပ်ဖြစ်လာနေသလားဆိုပြီး ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်ကလည်း မေးခွန်းထုတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


..............


[Unicode Version]












XS
SM
MD
LG