သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလစွပ်စွဲချက်အပေါ် စုံစမ်းရေးများ စတင်


ရခိုင်စုံစမ်းရေးကော်မရှင် ခရီးစဉ် (MOI)
ရခိုင်စုံစမ်းရေးကော်မရှင် ခရီးစဉ် (MOI)

ရခိုင်မောင်တောဒေသအခြေအနေနဲ့ပတ်သက်လို့ လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာပါ အချက်လက်အများစုဟာ မှားယွင်းနေတာကြောင့် ၊ ဖြစ်နေတဲ့ အခြေအနေဟာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလ မဟာမင်းကြီး သုံးသပ်ယူဆချက် ဟာ မှန်ကန်မှုမရှိနိုင်ဘူးလို့ အစိုးရ စုံစမ်းရေးကော်မရှင်အတွင်းရေးမှူး ဦးဇော်မြင့်ဖေက ဗွီအိုအေကို ပြောပါတယ်။ ကော်မရှင်အနေနဲ့ အရင်တုန်းက အစီရင်ခံထုတ်ပြန်ဖို့ လျာထားတဲ့ရက်ကို ရွှွေ့ဆိုင်းခဲ့ရပြီး၊ စွပ်စွဲချက်တွေအပေါ် ထပ်မံ ပြန်လည်စစ်ဆေးဖို့ အစိုးရက တာဝန်ပေးတာကြောင့်၊ အခု မောင်တောဒေသမှာ ကော်မရှင်အဖွဲ့ဝင်တွေ အဖွဲ့တွေခွဲပြီး ပြန်လည်စစ်ဆေးမှုတွေလုပ်နေပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ ကိုယ်တိုင်လည်း မောင်တောဒေသမှာ ရောက်ရှိနေတဲ့ မောင်တောဒေသ စုံစမ်းရေးကော်မရှင် အတွင်းရေးမှုး ဦးဇော်မြင့်ဖေကို ဗွီအိုအေ သတင်းထောက် ကိုထက်အောင်က ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူက အခုလိုစဖြေပါတယ်။

ဦးဇော်မြင့်ဖေ။ ။ ကျနော်တို့ သူတို့စပါးခင်းတွေ စပါးရိတ်ပြီးတော့ ကောက်ရိုးပုံတွေ နွားတွေ၊ တိရိစ္ဆာန်ကို လွတ်ကျောင်း စနစ်နဲ့ လုပ်ထားတာကို ကျနော်တို့ တွေ့နေရတယ်။ မွတ်စလင်တွေနဲ့ စကားပြောတဲ့အခါလည်း ကျနော်တို့နဲ့ လှိုက်လှိုက်လဲှလဲှပါ။ သူတို့ထဲမှာလည်း အေးအေးချမ်းချမ်းနေတဲ့လူတွေလည်းရှိတယ်၊ အဲလိုပေါ့ ဆူဆူပူပူလုပ်ပြီးတော့ သူတို့ကို ခြိမ်းခြောက်နေတဲ့လူတွေလည်း သူတို့အထဲမှာရှိတယ်။ ကျနော်တို့နဲ့ စကားပြောနေတဲ့အချိန်မှာပဲ ဘယ်သူကိုတော့ ခြိမ်းခြောက် သွားပြီဆိုပြီးတော့ သိနေရတယ်။ သတ်မယ်တို့ဆိုပြီးတော့။

ကိုထက်အောင်။ ။ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာကတော့ ဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မွတ်စလင်အသိုင်းအဝိုင်းအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွှန်နေတယ်ဆိုပြီးတော့ စွပ်စွဲပြောဆိုနေတာတွေပါ ပါတယ်ခင်ဗျ။ အဲဒါနဲ့ ပတ်သက်လို့ရော အန်ကယ်တို့ဘာများတွေ့ရှိထားပါသလဲ ဒီတခေါက်ခရီးစဉ်မှာလေ။

ဦးဇော်မြင့်ဖေ။ ။တော်တော်များများက မဟုတ်ပါဘူး။ ဖြစ်ရပ်မှန်နဲ့ လွဲနေပါတယ်။ အင်မတန်မှ Exaggerate လုပ်ထားပါတယ်။ အဲဒီ တဘက်ကိုရောက်သွားတဲ့ လူတွေက သူတို့ပြောချင်သလိုပြောတော့တာပေါ့။ အဲဒီ သူတို့ပြောတဲ့ရွာတွေကို ကျနော်တို့က တရွာချင်းကိုရောက်တာ၊ ကျနော်တို့ သွားချင်တဲ့နေရာတွေကို၊ ကျနော်တို့ သွားချင်တဲ့ အိမ်ကို ကျနော်တို့ ဝင်တော့တာပဲ။

ကိုထက်အောင်။ ။ဒီ သူတို့စွပ်စွဲ သလို တစုံတရာ သံဿရဖြစ်စရာ အကြောင်းပြချက်မှ တွေ့ရှိတာမျိုးမရှိဘူးဆိုတဲ့ သဘောလား။

ဦးဇော်မြင့်ဖေ။ ။ရှိတာတော့ ရှိတာပဲဗျာ၊ စစ်သားပဲ စစ်တပ်ကလာတဲ့အခါကျတော့ ရန်သူက ဘယ်မှာရှိသလဲ သူတို့မပြောဘူးလားဆိုတာတွေတို့ ဒီလိုလေးတွေနဲ့ သူတို့ လက်နက်ရှာတာတို့၊ ပစ္စည်းရှာတာတို့ ဒါတွေကတော့ တွေ့ရတယ်။ လူကို တန်းစီပြီး ရှာတယ်ဆိုတာတွေ။ သို့သော်လည်း သူတို့ပြောသလို အဲဒီရွာတွေမှာဖြင့် လူမရှိတော့ဘူး၊ လုပ်နိုင်ကိုင်နိုင်တဲ့ လူမရှိတော့ဘူး ငတ်ငတ်ပြတ်ပြတ်ပဲ ဖြစ်နေပြီဆိုတာကတော့ လုံးဝမဟုတ်ဘူး ။ သတ်သတ်ကြီး ဒီလို လူမျိုးတုံးအောင်သတ်ဖို့ဆိုတာကတော့ ဝေလာဝေးပေါ့ခင်ဗျ။ မိန်းမတွေကို တန်းစီပြီးတော့ မတရားသဖြင့်လုပ်နေတယ်ဆိုတာလည်း မတွေ့ရဘူး။ သို့သော်လည်း တချို့သောကိစ္စမှာတွေတော့ ရှိတာပေါ့ဗျာ Individual ပေါ့ အဲဒါတွေကတော့ သူတို့ အရေးယူသွားမှာပါ။

ကိုထက်အောင်။ ။ဟုတ်ကဲ့ တချို့သောကိစ္စတွေကရော ဘယ်လို ကိစ္စမျိုးတွေပါလဲ ခင်ဗျ။

ဦးဇော်မြင့်ဖေ။ ။တချို့သောကိစ္စဆိုတာက ဥပမာ တပ်ကလူကြီးကို မေးတဲ့အခါမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရှေ့ကတင်ပြီးတော့ နောက်ကနေ သူတို့ ဝင်ရတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရှေ့ကဝင်တယ်၊ သူတို့ကနောက်ကနေလိုက်တယ် အိမ်ထဲဝင်ပြီဆိုရင် ။ အဲဒီမှာ မေးတယ်ရှာတယ်ဖွေတယ်ဆိုတာက ဒီရပ်ကွက်လူကြီးရဲ့ရှေ့မှာပါပဲ သူတို့လုပ်ရတာတွေ။ သူတို့ ကြမ်းချင်သလို ၊ သူတို့လုပ်ချင်သလိုတော့ လုပ်လို့မရဘူး။ ဒါပေမယ့် သူတို့ ရိုက်တာပြုတာတွေတော့ ဖြစ်နိုင်ပါတယ်။ ရိုက်ပါတယ်၊ ရိုက်သွားတယ် အဲဒါ ကျနော်တို့က ရိုက်တာကို မရိုက်ပါဘူးဆိုတာကတော့ ပြောလို့ခက်တယ်။

ကိုထက်အောင်။ ။ တဘက်နိုင်ငံက မွတ်စလင်အသိုင်းအဝိုင်းကို အင်တာဗျူးပြီးတော့ မေးမြန်းထားတာကို တွေ့ရပါတယ်ခင်ဗျ။ အန်ကယ်တို့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့အနေနဲ့ကော တဘက်နိုင်ငံကို သွားရောက်ပြီးတဲ့အခါကျတော့ လေ့လာစုံစမ်းစစ်ဆေးဖို့ အစီအစဉ်ရှိပါသလားခင်ဗျ။

ဦးဇော်မြင့်ဖေ။ ။ကျနော်တို့နိုင်ငံသားဆိုရင်တော့ စုံစမ်းလို့ကောင်းတာပေါ့ဗျ၊ တဘက်နိုင်ငံကို ရောက်နေတဲ့လူတွေက တဘက်နိုင်ငံသားပါဆိုတဲ့ အထောက်အထား၊ ကျနော်အဲဒါကို ဒီက ဘဂါၤလီတွေကိုမေးတယ်၊ မင်းတို့ တဘက်နိုင်ငံမှာတော့ အဲလိုတွေပြောနေပြီ မင်းတို့ဘယ်လိုလုပ်ကြမှာတုန်းဆိုတော့ သူတို့က သွားစစ်ရင်တောင်ကောင်းတယ် အထောက်အထားနဲ့ သေချာစစ်ရမယ်လို့ပြောတယ်။ သူတို့ ဘဂါၤလီနိုင်ငံတွေကို မသွားနိုင်ဘူးတဲ့ အဲဒီဘက်က သူတို့ကို လက်မခံဘူးတဲ့ ။ အဲဒီတော့ သူတို့အစီရင်ခံစာမှာ လူ ၆ သောင်း ၊ ၇ သောင်းနီးပါလောက် အဲဒီမှာ ရှိနေပါတယ်ဆိုတာကို သူတို့က ဒီလိုပြောတယ်။ ကျနော်တို့ ရရှိတဲ့ ကိန်းဂဏန်းတွေအရကတော့ အများဆုံးရှိနိုင်ရင် ၃ သောင်းကျော် ၊ ၄ သောင်းနီးပါးလောက် ရှိနိုင်တယ်လို့ ကျနော်တို့က တွက်လို့ရတယ်။ နောက်ပြီးတော့ အဲဒီမှာ ထွက်ဆိုတဲ့ဟာတွေ မိန်းမတွေကို ဘယ်လိုလုပ်ပါတယ်၊ ဘာပြုတယ် ဆိုတာ ထွက်ဆိုတဲ့ မိန်းမတွေရှိတယ်၊ အဲဒီရွာတွေ အိမ်တွေ ကျနော်တို့ရောက်တယ်၊ တချို့ဟာတွေက အဲဒီအိမ်၊ အဲဒီရွာတွေက မိန်းမတွေမဟုတ်ဘူး။ တချို့တော့ ဟုတ်တယ်၊ ဒါပေမယ့် ဖြစ်စဉ်တွေက တခြားစီဖြစ်နေတယ်။ ရွာက သိတဲ့ ဖြစ်စဉ်နဲ့ သူတို့ ဟိုမှာပြောတဲ့ ဖြစ်စဉ်နဲ့ မတူဘူးဖြစ်နေတယ်။

ကိုထက်အောင်။ ။အန်ကယ်တို့ကိုယ်တိုင် အခုလှုပ်ရှားနေတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ယုံကြည်စိတ်ချဖွယ်ရာမရှိဘူး၊ နိုင်ငံတကာ လေ့လာသူတွေမပါဘူးဆိုပြီး ကုလသမဂ္ဂ က ထပ်ပြီးတော့ စွပ်စွဲထားပါတယ် ။ အဲဒီအပေါ်မှာရော အန်ကယ်ဘာများပြောချင်ပါသလဲခင်ဗျ။

ဦးဇော်မြင့်ဖေ။ ။သူတို့လည်း ကျနော်တို့ဘက်က ဘင်္ဂါလီတွေကို လာမေးဖို့ ကောင်းတယ်ခင်ဗျာ ၊ ကျနော်တို့ နိုင်ငံထဲက ဘင်္ဂါလီတွေကို။ လာမေးရင် ကျနော်တို့က သူတို့ကို ဘယ်လိုချဉ်းကပ်သလဲ၊ လူလိုသူလို ချဉ်းကပ်သလား၊ အပေါ်စီးနဲ့ ချဉ်းကပ်သလားဆိုတာ သူတို့မေးကြည့်ဖို့တောင်ကောင်းပါတယ်။ ပြောတာဆိုတာ စုံစမ်းတာ၊ လျှို့ဝှက်ထားတာတွေ ဘင်္ဂါလီအကြမ်းဖက်သမားတွေကလည်း ရှိသေးတာကို၊ သူတို့က အဲဒါ သူတို့ report မှာလုံးဝမပါဘူး၊ ဘင်္ဂါလီအကြမ်းဖက်သမားတွေက နှိပ်စက်ပါတယ်ဆိုတာကို လုံးဝဖော်ထုတ်ထားခြင်းမရှိဘူး စာရင်းအရ ပြောရင် ၁၃ ယောက်အသတ်ခံထားရပြီ။

ဗွီအိုအေ သတင်းထောက် ကိုထက်အောင်က မောင်တောဒေသမှာ ရောက်ရှိနေတဲ့ မောင်တောဒေသ စုံစမ်းရေးကော်မရှင် အတွင်းရေးမှုး ဦးဇော်မြင့်ဖေကို ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG