သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်က မူဆလင် လို့ခေါ်ဖို့ ကုလမှာတင်ပြ


ဂျနီဗာမှာ ကျင်းပနေတဲ့ ၃၂ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာအစိုးရ ကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်း ဆွေးနွေးစဉ်။
ဂျနီဗာမှာ ကျင်းပနေတဲ့ ၃၂ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာအစိုးရ ကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်း ဆွေးနွေးစဉ်။

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ဘင်္ဂလီလို့ခေါ်ပြီး သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်နေကြသူတွေနဲ့ပတ်သက်ပြီးတော့ “ရခိုင်ပြည်နယ်က မူဆလင်” လို့ သုံးနှုန်းပြောဆိုကြဖို့ မြန်မာအစိုးရက ကုလသမဂ္ဂမှာ မနေ့ သောကြာနေ့က ပထမဆုံးအကြိမ် တရားဝင် ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အပေါ် ညှင်းပမ်းနှိပ်စက်မှုတွေ အဓိကဖြစ်ပေါ်စေတာဟာ ဘာသာရေး အခြေခံဝါဒီကြောင့်ဖြစ်တယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Maina Kiai က သုံးနှုံးပြောဆိုခဲ့တဲ့အပေါ်မှာ တုန့်ပြန်ပြောကြားလိုက်တာဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။

ရခိုင်ပြည်နယ်မှာ ပဋိပက္ခဖြစ်နေတဲ့ လူမှုအသိုင်းအဝိုင်းနှစ်ဘက်ကြား နာမည် အသုံးအနှုန်းကြောင့် အခြေအနေတွေပိုပြီးဆိုးရွားမသွားရအောင် NLD အစိုးရ အနေနဲ့ ကြိုးစားကိုင်တွယ် သွားမှာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့လက ပြောဆိုခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ကမ္ဘာ့အသိုင်းအဝိုင်းတခုလုံးကို ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ဘယ်လို အမည်နဲ့ သုံးနှုန်းခေါ်ဆိုရမလဲ ဆိုတာ မြန်မာအစိုးရဘက်က ကုလသမဂ္ဂမှာ မနေ့က တရားဝင်ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ဂျနီဗာမှာကျင်းပနေတဲ့ ၃၂ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာအစိုးရကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်းက အခုလိုပြောဆိုသွားတာပါ။

"လူမှု အသိုင်းအဝိုင်းနှစ်ဘက်ကြားမှာ အဆင်ပြေပြီး အပြန်အလှန် ယုံကြည်မှုရဖို့ အတွက် “ရခိုင်ပြည်နယ်က မူဆလင်အသိုင်းအဝိုင်း”လို့ သုံးနှုန်းပြောဆိုဖို့ မြန်မာ အစိုးရအနေနဲ့ အားလုံးကို အကြံပြုတင်ပြချင်ပါတယ်။"

မနေ့က လူ့အခွင့်အရေးကောင်စီညီလာခံမှာ နိုင်ငံတကာမှာ ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြခွင့်နဲ့ပတ်သက်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Maina Kiai ရဲ့ အစီရင်ခံစာ အပေါ် မြန်မာအပါအဝင် အဖွဲ့ဝင်နိုင်ငံတွေက တုန့်ပြန်ဆွေးနွေး ခဲ့ကြတာပါ။ ဒီအစီရင်ခံစာမှာ ဘာသာ၊ အယူအဆ တင်းကျပ်တဲ့ အခြေခံဝါဒီတွေကြောင့် အကြမ်းဖက်မှုတွေဖြစ်ပေါ်စေ တဲ့နိုင်ငံတွေထဲ မှာ မြန်မာနိုင်ငံလည်း ပါဝင်နေ ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Kiai က ပြောဆိုခဲ့တာပါ။

"မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ညှင်းပမ်းနှိပ်စက်မှုအများအပြားကို အဓိကဖြစ်ပေါ်စေတာဟာ ဗုဒ္ဓဘာသာအခြေခံဝါဒီကြောင့်ဖြစ်ပါတယ်။"

အခုလို ကုလသမဂ္ဂအထူးကိုယ်စားလှယ်အနေနဲ့ မမှန်ကန်တဲ့ နာမည်တွေပေးပြီး သုံးနှုန်းပြောဆိုသွားတာကို မြန်မာအစိုးရက ထောက်ခံမှာမဟုတ်ကြောင်းနဲ့ အဲဒီလို မှန်ကန်မှုမရှိတဲ့အမည်တွေသုံးခြင်းအားဖြင့် အခြေအနေတွေကို ပိုပြီး ဆိုးရွားစေကြောင်း မြန်မာအစိုးရကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်းက တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံမှာ Buddhist Fundamentalist လို့ခေါ်တဲ့ ဗုဒ္ဓဘာသာအခြေခံဝါဒီ ဆိုတာမျိုးမရှိကြောင်းအခုလို ငြင်းဆိုသွားပါတယ်။

"မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာအခြေခံဝါဒီဆိုတာလို့ မရှိပါဘူး။ စေတနာ၊ မေတ္တာနဲ့ သည်းခံဖို့ စတာတွေကိုပဲ ဗုဒ္ဓက အဓိကပြောကြားခဲ့တာပါ။ ဒေါသ၊ အမုန်းနဲ့ သည်းခံတဲ့ တရားမရှိတာမျိုးကို ဗုဒ္ဓက သင်ကြားမပေးခဲ့ပါဘူး။ ကျမတို့မြေပေါ်မှာ ဘာသာ၊ အယူအဆ တင်းကျပ်တဲ့ ဘယ်အခြေခံဝါဒီမဆို ကျမတို့အသိုင်းအဝိုင်း အများစုက လက်မခံကြပါဘူး။"

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ ဇွန်လ (၁၃)ရက်နေ့ကနေ ဇူလိုင် (၁)ရက်နေ့အထိ ကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီညီလာခံမှာ ငြိမ်းချမ်းစွာစုဝေးဆန္ဒပြခွင့်ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Maina Kiai ကမနေ့ကတင်သွင်းတဲ့ အစီရင်ခံစာမှာ ဘာသာ၊ အယူအဆတင်းကျပ်တဲ့အခြေခံဝါဒီတွေဟာ တကမ္ဘာလုံးမှာ ကြီးထွားလာနေပြီး ငြိမ်းချမ်းစွာစုဝေးဆန္ဒပြခွင့်ကို စိုးရိမ်စရာကောင်းလောက်အောင် ခြိမ်းခြောက်နေကြောင်း သတိပေးပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG