သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းအခြေအနေ ကန် မပြတ်စောင့်ကြည့်သုံးသပ်


ဝန်ကြီး Pompeo

ရခိုင်မြောက်ပိုင်းဒေသက လူမျိုးစုလိုက်ရှင်းလင်းဖယ်ရှားမှုဖြစ်ရပ်တွေနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ အမြဲမပြတ် စောင့်ကြည့် အကဲဖြတ်နေသလို၊ အသုံးအနှုံးတွေနဲ့ ပတ်သက်လို့လည်း မပြတ် သုံးသပ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဗွီအိုအေကို ပြောပါတယ်။ ၀န်ကြီး Pompeo ကို နိုင်ငံခြားရေးဌာနမှာ ဗွီအိုအေသတင်းထောက် Nike Ching က တွေ့ဆုံ မေးမြန်းထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ သမ္မတ Donald Trump နဲ့ ရှုရှားသမ္မတ Vladimir Putin တို့ ဖင်လန်နိုင်ငံ၊ Helsinki မြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ပြုလုပ်ခဲ့တဲ့ ထိပ်သီးစည်းဝေးပွဲကိစ္စ အပါအ၀င် မြန်မာနိုင်ငံက ရိုဟင်ဂျာအရေး၊ တရုတ်နိုင်ငံက ဘာသာရေး လွတ်လပ်ခွင့်ကိစ္စ စတဲ့ အကြောင်းအရာ အတော်များများကို နိုင်ငံခြားရေးဌာနဆိုင်ရာ ဗွီအိုအေ သတင်းထောက် Nike Ching နဲ့ တွေ့ဆုံ မေးမြန်းစဉ် အကျယ်တ၀င့် ရှင်းလင်း ပြောကြားခဲ့တာပါ။ အဲဒီ တွေ့ဆုံ မေးမြန်းမှုထဲက အစိတ်အပိုင်းတချို့ကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးမှာ ဖြစ်ပါတယ်။

မေး။ ဗုဒ္ဓဘာသာဝင် အများစုရှိတဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်း သုတ်သင်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ - တချို့က ဒါဟာ ဘာသာရေးအရ သုတ်သင် ရှင်းလင်းမှုပုံစံမျိုး ပြောဆိုနေကြတာတွေ ရှိပါတယ်။ တချိန်ထဲမှာဘဲ လူသတ်တယ်ဆိုတာဟာ တခြား ဘာသာတရားတွေလိုဘဲ ဗုဒ္ဓဘာသာဝင်တွေအတွက် အဆိုးရွားဆုံး လုပ်ရပ်ပါ။ ရိုဟင်ဂျာ ပဋိပက္ခဟာ ဘာသာရေးအရ ရှင်းလင်းသုတ်သင်မှုလို့ ၀န်ကြီးအနေနဲ့ သတ်မှတ်ပါမလား။

“လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားမှုနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ ကြေညာချက်တရပ် ထုတ်ပြန်ဖို့ နိုင်ငံခြားရေးဌာနအနေနဲ့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဆုံးဖြတ်ချက်တရပ် ချခဲ့ပါတယ်။ ဒါဟာ ဘာသာရေးနဲ့ ဆက်နွယ်မှု ရှိနေတယ်ဆိုတာလည်း ကျနော်တို့ သိထားပါတယ်။ ဒီကိစ္စမှာ အသုံးအနှုံးကို ကျနော်တို့ အင်မတန် သတိထားရပါတယ်။ ဒါကို ဆက်ပြီး သုံးသပ် သွားပါမယ်။ ဘာသာရေးလွတ်လပ်ခွင့်ဆိုတာဟာ နိုင်ငံခြားရေးဌာန လုပ်ငန်းတွေရဲ့ အချက်အချာကိစ္စဖြစ်ပါတယ်။ ကျနော်တို့လုပ်သမျှ လုပ်ငန်း အားလုံးအတွက်လည်း ဒီကိစ္စကို ဦးစားပေး ဆောင်ရွက်ပါတယ်။ ဒါကြောင့် အာရှတိုက်အတွင်းမှာ ဖြစ်တဲ့ကိစ္စတွေဟာလည်း ချွင်းချက်အဖြစ် ရှိမနေပါဘူး။”

မေး။ မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့ခွင့် ပိတ်ပင်တားမြစ်တဲ့ အရေးယူမှုမျိုး၊ နောက်ပြီးတော့ ရိုဟင်ဂျာအရေးကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ သဘောထားပြင်းထန်တဲ့ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ဘဏ္ဍာရေးအရ ပစ်မှတ်ထား အရေးယူတာမျိုး ချမှတ်ဖို့ အစီအစဉ်ရှိလား။

“ဒီကိစ္စမှာ သမ္မတရဲ့ရှေ့က ကျွန်ပြီး ကျနော် ကြိုမပြောချင်ပါဘူး။ ဒါပေမယ့် ဒီကိစ္စကို ကျနော်တို့အနေနဲ့ အင်မတန် အလေးထား ဆောင်ရွက်နေတယ် ဆိုတာကို သိစေချင်ပါတယ်။ လက်ရှိအစိုးရက လုပ်နိုင်တဲ့ကိစ္စ အများအပြားကို ထည့်သွင်း စဉ်းစား နေပါတယ်။ မြန်မာဘက်က ဒီကိစ္စမှာ လမ်းကြောင်းပြောင်း ဆောင်ရွက်တာကို ကျနော်တို့ မြင်တွေ့လိုပါတယ်။ အဲဒီလို လမ်းကြောင်း ပြောင်းတဲ့ပုံစံ အခုချိန်ထိတော့ မတွေ့ရသေးပါဘူး။ နောက်ပြီးတော့ အခုလုပ်နေတာတွေဟာ လက်ခံလို့မရဘူးဆိုတာကို အားလုံး နားလည် သဘော ပေါက်စေလိုပြီး အမေရိကန် ပြည်ထောင်စု အနေနဲ့ ဒီကိစ္စအတွက် လုပ်နိုင်တဲ့ နည်းလမ်းတွေ အများအပြားကို စဉ်းစား လုပ်ဆောင်နေတယ်ဆိုတာ သိစေချင်ပါတယ်။”

မေး။ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာမှာ တရုတ်အစိုးရက Uighur မွတ်ဆလင်တွေနဲ့ တိဘက် ဗုဒ္ဓဘာသာတွေအပေါ် ဖိနှိပ် ချုပ်ခြယ်တဲ့အကြောင်း ဖော်ပြထားပါတယ်။ ပထမဆုံးအနေနဲ့ အဲဒီထဲက တချို့ဟာ ခွဲထွက်ရေး သမားတွေ ဖြစ်တယ်ဆိုတဲ့ တရုတ်အစိုးရရဲ့ ပြောဆိုချက်ကို ၀န်ကြီးအနေနဲ့ ဘယ်လို တုန့်ပြန်လိုပါသလဲ? ဒုတိယ အချက်အနေနဲ့ အဲဒီလို ဖိနှိပ် ချုပ်ခြယ်မှုတွေမှာ ပါဝင် ပတ်သက်နေတဲ့ တရုတ်အရာရှိတွေအပေါ် ခရီးသွားလာခွင့် ပိတ်ပင်တာ၊ အမေရိကန်မှာရှိတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ထိန်းချုပ်ထားတာမျိုးတွေ လုပ်ဆောင်ဖို့ အစီအစဉ်ရှိပါလား?

“တရုတ်အစိုးရဟာ ဒီကိစ္စမှာ မှားယွင်းတဲ့ဘက်မှာ ရှိနေတယ်လို့ ကျနော်တို့ ထင်ပါတယ်။ ဘာသာရေးလွတ်လပ်ခွင့် ဖိနှိပ် ချုပ်ခြယ်မှုနဲ့ ဆက်နွယ်တဲ့ နိုင်ငံဖြစ်တာကြောင့် ကျနော်တို့ စိုးရိမ်တဲ့နိုင်ငံ ဖြစ်တယ်ဆိုတာကို နိုင်ငံခြားရေးဌာနက ရှင်းရှင်းလင်းလင်း ပြောကြားထားပြီး ဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်း ဘာသာရေးလွတ်လပ်ခွင့်ဟာ စိုးရိမ်ရတဲ့ အခြေအနေကို ရောက်နေတယ်ဆိုတာ ကျနော်တို့ နားလည်ပါတယ်။ တဘက်မှာလည်း အမေရိကန်ပြည်ထောင်စုဟာ တရုတ်နိုင်ငံအပါအ၀င်၊ နိုင်ငံအတော်များများနဲ့ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးအပါအ၀င် အကြောင်းအရာ အတော်များများအတွက် ကျယ်ပြန့်ပြီး နက်နဲရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေ ရှိနေတာပါ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘာသာရေးလွတ်လပ်ခွင့်လို အခြေခံကျတဲ့ လူ့အခွင့်အရေးကိစ္စကို ကျနော်တို့နဲ့ ထိတွေ့ ဆက်ဆံတဲ့ နိုင်ငံတိုင်းနဲ့ ဆွေးနွေးတဲ့အခါ ထည့်သွင်း ဆွေးနွေးတယ်ဆိုတာကို ခင်ဗျားတို့ ပရိတ်သတ်တွေအားလုံး သိစေချင်ပါတယ်။”

ဒါကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဗွီအိုအေသတင်းထောက် Nike Ching နဲ့ တွေ့ဆုံ မေးမြန်းစဉ် ဖြေကြား သွားခဲ့တာတွေပါ။

ဝန်ကြီး Pompeo ဟာ ကမ္ဘာတ၀ှမ်း ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကိစ္စတွေအတွက် အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လုပ်ဆောင်မှုတွေကို ပထမဆုံးအကြိမ်အဖြစ် ဗွီအိုအေ အသံလွှင့်ဌာနနဲ့ တွေ့ဆုံပြီး ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


ရခိုင်မြောက်ပိုင်းအခြေအနေ အမေရိကန် စောင့်ကြည့်သုံးသပ်
please wait

No media source currently available

0:00 0:01:57 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG