သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စစ်ပြေးဒုက္ခသည် တသောင်းကျော်ထိ တိုးလာ


ရခိုင်စစ်ပြေးဒုက္ခသည်များ (သတင်းဓါတ်ပုံ-Khine Murn Chun )
ရခိုင်စစ်ပြေးဒုက္ခသည်များ (သတင်းဓါတ်ပုံ-Khine Murn Chun )

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဒေသခံ ရွာသား (၃၀၀)နီးပါး စစ်ဘေး တိမ်းရှောင်နေရပါတယ်။ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာ စစ်တပ်ကြား တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေဟာ ခုချိန်မှာ သောင်းဂဏန်းအထိ ရှိလာနေပြီး တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ ရွာသားတွေကို တပ်မတော်က မသင်္ကာလို့ ဖမ်းဆီးတာတွေလည်း ပိုများလာနေပါတယ်။ တိုက်ပွဲတွေ ပြင်းထန် နေဆဲ ရခိုင်ပြည်နယ်ဘက်က နောက်ဆုံးအခြေအနေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မနေ့က အင်္ဂါနေ့မှာ ပုဏ္ဏားကျွန်းမြို့နယ် “မြတ်လှဲရွာ”အနောက်ဖက် တောင်တန်းပေါ်မှာ AAအဖွဲ့နဲ့ တပ်မတော် တို့အကြားတိုက်ပွဲပြင်းထန်စွာဖြစ်ပွား ခဲ့တယ်လို့ AAပြန်ကြားရေး တာဝန်ခံ ခိုင်သုခ ကပြောပါတယ်။

“မတ်လ(၁၂)ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ် “မြတ်လှဲရွာ”အနောက်ဖက် တောင်တန်း ပေါ်မှာ ဗမာလက်နက်ကိုင်တပ်ရဲ့ တပ်မ(၂၂)လက်အောက်ခံ တပ်တွေနဲ့တိုက်ပွဲဖြစ်ပွား ခဲ့တာရှိတယ်။ ဗမာစစ်တပ်ဖက်ကနေပြီးတော့ တမနက်လုံးပေါ့ နော်။ သူတို့ လက်နက်ကြီးတွေနဲ့ လှမ်းပြီးတော့ ပစ်တာရှိတယ်။ ထိုးစစ်ကို နံနက်(၁၁)နာရီလောက်မှ သူတို့ စတင် တယ် ဗျ။ မြေပြင်ထိုးစစ် အဲဒီမှာ သူတို့ဖက်မှာ ပြန်ပြီးတော့ တပ်လန့် ရှိတယ်။ အဲဒီမှာ အရာရှိတဦးအပါအဝင် (၅)ဦး ကျဆုံးပြီးတော့ တပ်လန့် ထားတယ်။ နေ့လယ် တနာရီလောက်မှာတခါ သူတို့ဘက်ကထပ်ပြီး ထိုးစစ်ဆင်လာတာ ရှိတယ်။ အဲဒီမှာလဲသူတို့ထပ်ပြီးတော့ တပ်လန့်ထားတယ် ဒုတိယအကြိမ်။ အဲဒီမှာလဲ နောက်ထပ်(၅)ဦး ကျဆုံးတာ ရှိတယ်။ ပြီးတော့ ရဟတ်ယာဉ်(၂)စီးနဲ့လာပြီးတော့မှ သူတို့တနာရီလောက်တောင် ဗုံးကြဲ တိုက်ခိုက်တာရှိတယ်။”

မနေ့ကတိုက်ပွဲမှာမြန်မာ့တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှု များပြားတယ် လို့ AAဘက်က ပြောဆိုထားသလို VOA အနေနဲ့သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မတ်လ(၉)ရက်နေ့ကလဲ ချင်းပြည်နယ် ပလက်ဝမြို့နယ် ပြင်ဆိုရွာအနီးက တပ်မတော် ဗျူဟာကုန်းတပ်စခန်း တခုကို AAဘက်က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း စစ်အသုံးဆောင်ပစ္စည်း မော်တော်ယာဉ် အမြောက်အများ သိမ်းဆည်းရရှိခဲ့ပြီး စစ်သုံ့ပန်း (၁၁)ဦး ကိုပါ လက်ရ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ခိုင်သုခကဆိုပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေထဲ အရပ်သားတွေလည်း ပါဝင်နေပြီး စီစစ်နေ ဆဲလို့ ခိုင်သုခက ဆက်ပြောပါတယ်။

“စစ်သုံ့ပန်း(၁၁)ဦးက ကျွန်တော်တို့ဖမ်းဆီးရမိတာရှိတယ်။ စစ်သုံ့ပန်းကို ကျွန်တော်တို့စစ်ဆေးတဲ့အခါတော့ (၇)ဦးကနေပြီးတော့ အရပ်သားတွေဖြစ်နေတာ စစ်ဆေး တွေ့ရှိရတယ်။ စစ်တပ်နဲ့အတူပါလာတဲ့ အရပ်သားတွေ။ အဲဒီ အရပ်သား(၇)ဦး ကို ကျွန်တော်တို့ဖက်က မကြာခင်မှာ လွှတ်ပေးသွားဖို့ ရှိတယ်ဗျ။ စစ်ဖက်က လူတွေကိုတော့ ကျွန်တော်တို့ဆက်ပြီးတော့ ထိန်းသိမ်းထားတယ်။”

ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါရွာအနီးနားမှာဖြစ်တဲ့ ဒီရက်ပိုင်းအတွင်းတိုက်ပွဲကြောင့် ရွာသား(၃၀၀) နီးပါး ယိုးတရုတ်နဲ့ အထက်မြတ်လှဲရွာ မှာ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေတယ်လို့ ယိုးတရုတ်ရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ဆို ပါတယ်။

“တိုက်ပွဲဖြစ်တော့ သူတို့ကြောက် ပြီးတော့ ထွက်ပြေးလာကြတာ။ စားသောက်နေထိုင်ရေး ကတော့ ဒီမှာ ယိုးတရုတ်ကျေးရွာကဘဲ အကူညီပေးထား တယ်။”

မန့က ရဟတ်ယာဉ်နှင့် ပစ်ခတ်တာမှာ ဗုဒ္ဓေါရွာကအိမ်၂ လုံး ကျည်ဆံတွေကျ လို့ အမိုးအကာတွေ ပျက်စီးခဲ့ကြောင်း ရွာသားတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတာနဲ့ပက်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး နဲ့ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူကို အကြိမ်ကြိမ် ဆက်သွယ်ပေမယ့်လည်း ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခပြင်းထန်လာတာနဲ့အမျှ လုံခြုံရေးအရ စစ်ဆေးမှုတွေကလဲ ဒေသအတွင်း သွားလာရေးမှာ အခက်တွေ့နေပါတယ်။

မနေ့ညပိုင်းက မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာမှာ လူနာတဦး အပါအဝင် လူနာသွားပို့တဲ့ ကျေးရွာသားတွေ နာရေးကူညီရေးအဖွဲ့အပေါင်း (၁၀)ဦးကို နယ်မြေခံ စစ်တပ်က ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ပြည်နယ် လွှတ် တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် ကအခုလိုပြောပါတယ်။

“လူနာရယ် ကျောင်းတောင်က ကျွန်တော်တို့နာရေးကူညီမှုအသင်းက လူငယ်(၆)ဦးရယ် ကားသမား(၃)ဦးရယ် သူတို့က ည(၁၀)နာရီဝန်းကျင်လောက်မှာပေါ့နော်။ အဲဒီအချိန်မှာ မြောက်ဦးကိုမရောက်ခင် ချောင်းသစ်ဆိုတဲ့နေရာမှာ မြောက်ဦးမြို့နယ်ရဲ့ တပ် တခုဖြစ်တဲ့ (၅၄၀)တပ်ရင်း ကနေပြီးတော့ သူတို့ကားကိုတားတယ်။ သူတို့ကို မသင်္ကာလို့ ဆိုပြီးတော့ လူနာ လှမောင်ဝင်းရယ် ကျောင်းတောင်က နာရေးကူညီမှု အသင်း က (၆)ဦးရယ်။ ကားသမား(၃)ဦးရယ်။ အဲဒီ(၁၀)ဦးကို သူတို့ခေါ်သွားတယ်ခင်ဗျ။"

လက်ရှိ ဖမ်းဆီးခံထားရတဲ့ သူတွေပြန်လည်လွတ်မြောက်ရေးအတွက် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ ကနေ နယ်လုံဝန်ကြီးကို မေးမြန်းထားတယ်လို့ ဦးထွန်းသာစိန်က ဆက်ပြောပါတယ်။

“လွှတ်တော်ဥက္ကဌ ကနေပြီးတော့ သက်ဆိုင်ရာနယ်လုံ ဝန်ကြီးကိုအကြောင်းကြားတယ်။ သက်ဆိုင်ရာ နယ်လုံ ဝန်ကြီး ကတော့ မြောက်ဦးမှာ ဘဲရှိပါတယ်။ ဒါသူတို့ မသင်္ကာလို့ စစ်ဆေးနေ ပါတယ်။ အပြစ်မရှိလို့ရှိရင် ပြန်လွှတ်ပေးပါ့ မယ် ဆိုပြီးတော့ ခုကတော့ရဲနဲ့ စရဖက စီစစ်နေပါတယ်လို့ လွှတ်တော်ဥက္ကဌ ကိုအကြောင်းပြန်လာပါတယ်။”

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ရွာသား(၁၀၀၀၀)ကျော် စစ်ဘေးတိမ်းရှောင် နေရသလို စားသောက်နေထိုင်ရေးမှာ အခက်တွေ့နေပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတွေ အပါအဝင်အုပ်ချုပ်ရေးမှူးတွေကိုလဲ မတရားအသင်း ဆက်သွယ်မှုပုဒ်မနဲ့ ဖမ်းဆီးမှုတွေများပြားလာတာကြောင့် မြို့နယ်တချို့ က အုပ်ချုပ်ရေးမှူးတွေ တာဝန်ကနေနုတ်ထွက်တာတွေရှိ နေ သလို လုံခြုံရေးအရ ရဲဌာနတွေကိုလည်း ရုပ်သိမ်းလာတာတွေ ရှိနေခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG