သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စစ်ရှောင်ဒုက္ခသည်တွေ သောက်သုံးရေ ပြတ်လပ်


ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ဘုရားနားက ရေတွင်းမှာ ဒေသခံတွေ ရေလာခပ်စဉ် (သြဂုတ်၊ ၀၄၊ ၂၀၁၅)
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ဘုရားနားက ရေတွင်းမှာ ဒေသခံတွေ ရေလာခပ်စဉ် (သြဂုတ်၊ ၀၄၊ ၂၀၁၅)

စစ်ဖြစ်ပွားရာနေရာတွေကနေ ဘေးလွတ်ရာကို ပြေးနေရတဲ့ ထောင်ချီတဲ့ ရခိုင်စစ်ပြေးဒုက္ခသည် သောက်သုံးရေပြတ်လပ်မှုနဲ့ ရင်ဆိုင်နေကြရတဲ့ အကြောင်း စခန်းတွေအထိ ကိုယ်တိုင်သွားရောက် ကူညီပေးနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပြောပါတယ်။ စခန်းတွေထဲက ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေအတွက် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားမှုတွေ ရှိလာနေသလို အခြေခံ သောက်သုံးရေပြတ်လပ်လာရင် ကျမ်းမာရေးအခြေအနေ ပိုဆိုးဝါးလာမယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ထဲမှာ လမ်းပမ်းဆက်သွယ်ရေး အခြေအနေဟာ အတော်လေးကို ဆိုးဝါးလာနေတဲ့အနေအထားဖြစ်နေတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်လာလို့ စစ်ဘေးဒဏ်သင့်နေတဲ့ ရခိုင်ပြည်နယ်တွင်း မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ပုဏ္ဍားကျွန်း မြို့နယ် ခြောက်မြို့နယ်ထဲမှာ ယာယီ ဒုက္ခသည်စခန်းပေါင်း ၄၆ စခန်းအထိ ရှိသွားပြီဖြစ်ပြီးထဲက စစ်ရှောင်ပြည်သူတွေ အပါအဝင် ကျေးရွာတွေထဲမှာပဲ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်စုစုပေါင်း အခုနောက်ဆုံးအချိန်အထိ ၂၈,၆၀၀ ကျော် ရှိသွားပြီလို့ စစ်ရှောင်စခန်းတွေအထိ စာရင်း လိုက်လံကောက်ယူထားတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ဧပြီလဆန်းက ထုတ်ပြန်ထားပါတယ်။

ဒီစစ်ပြေး စစ်ရှောင်ပြည်သူတွေအတွက် အရေးပေါ် သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့လည်း ရသေ့တောင်မြို့နယ်တွင်းက စစ်ရှောင်ဒုက္ခသည် စခန်းတွေဖြစ်တဲ့ စေတီပြင်၊ အိုးဖောက်စတဲ့ စခန်းတွေကို ကိုယ်တိုင်သွားရောက် ကူညီပေးခဲ့တဲ့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဒီကနေ့ သူသွားရောက်ခဲ့တဲ့ စခန်းတွေရဲ့အခြေအနေကို အခုလိုပြောပြပါတယ်။

"အခု ဒီရသေ့တောင်မြို့နယ်ကပေါ့နော် စေတီပြင်ကို ရောက်ရှိနေပါတယ်။ အဲ့ဒီ စေတီပြင်နားမှာရှိတဲ့ အိုးဖောက်၊ အိုးဖောက်ဆိုတာ အုတ်ဖိုကျေးရွာပေါ့ နောက်တခါ ဇေယာမြိုင် ၃၊ ၄၊ ၅ ရွာ လောက်မှာ ကျမတို့ ကယ်ဆယ်ရေးတွေ ပေးပါတယ်။ ကယ်ဆယ်ရေးပေးတာက စစ်ဘေးရှောင်တွေက အိုးဖောက် အုတ်ဖိုမှာဆိုရင် ၁,၀၀၀ ကျော်ရှိပါတယ်။ နောက်တခါ အောင်ဇေကုန်း၊ ဒီဘက်က အောင်ဇေကုန်း ကျေးရွာမှာဆိုလည်း ၆၀၀ ကျော် ရှိပါတယ်။ နောက် သဖန်းဆိပ်၊ သဖန်းဆိပ်မှာဆိုလည်း ၁၀၀ နီးပါး ရှိပါတယ်။ ဒီ ရသေ့တောင်မြို့နယ်ရဲ့ နေရာ ၈ ခုလောက်မှာ စစ်ဘေး ဒုက္ခသည်တွေ အများကြီး ရောက်နေကြတာ ဖြစ်တဲ့အတွက် ကျမတို့ကလည်း ကူညီနိုင်သလောက် အခုလောလောဆယ်မှာ ကူညီပေးနေပါတယ်ရှင့်။ ဆန်အိတ် အပါအဝင် တခြားလူတွေ လာရောက်တဲ့ အလှူတွေနဲ့ အဲ့ဒီ အိုးဖောက်နယ်မြေမှာဆိုရင် နောက်ထပ် ၁ ပတ်လောက်ပဲ သုံးစွဲလို့ရမယ်ပေါ့နော်။ အဲ့တော့ နောက်ထပ် တပတ်လောက်ဆိုရင် ဒီဆန်တွေက ကုန်နိုင်ပါတယ်။ နောက်တခုက ကျမတို့ ဒီရသေ့တောင်မြို့နယ်မှာတော့ နွေရာသီလည်း ရောက်လာပြီ။ နောက်တခါ ရေကလည်း ခမ်းသွားတော့မယ် ဖြစ်လာပါပြီ။ သောက်ရေရော၊ ချိုးရေအတွက်ရော အင်မတန် အခက်အခဲတွေဖြစ်နေပါတယ်။"

ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးမွေးဖွားပြီးကာစ မိခင်တွေ၊ လူမမည်ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်တဲ့ လူနာတွေအပါအဝင် စစ်ပြေးစစ်ရှောင် ဒုက္ခသည်တွေအတွက် အရေးပေါ် သောက်သုံးရေ လိုအပ်နေပြီး အဲ့ထဲကတချို့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ စ ခံစားနေကြတယ်လို့လည်း ဒေါ်ခင်စောဝေက ပြောပြပါတယ်။

အခုလို ရခိုင်ပြည်နယ်ထဲ စစ်ရေးပဋိပက္ခတွေ ပြင်းထန်လာပြီး ထောင်ချီတဲ့ စစ်ရှောင်ပြည်သူတွေ ဘေးလွတ်ရာကို ပြေးနေရတဲ့ အခြေအနေမှာတော့ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က အမြန်ဆုံး ညှိနှိုင်းဖြေရှင်းအဖြေရှာကြဖို့ ဒေသခံတွေက လိုလားနေကြတယ်လို့လည်း ရခိုင်ပြည်နယ် ရမ်းဗြဲမြို့က ဒေသခံတွေနဲ့ ကိုယ်တိုင်သွားရောက် တွေ့ဆုံနေတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောပြပါတယ်။

"ဒီရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ စစ်ကြောင့် သူတို့ အင်မတန် စိုးရိမ်ကြကြောင်း သူတို့ မေးမြန်းကြပါတယ်။ ဘယ်တော့များ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ဒီရခိုင့်တပ်မတော်နဲ့ မြန်မာ့တပ်မတော်ကို ငြိမ်းချမ်းရေးစားပွဲဝိုင်းထဲကို ပါဝင်လာအောင် ဘယ်လိုတွန်းအားပေးနေလဲ... ဒါနဲ့ ပတ်သက်ပြီး မေးခွန်းကတော့ အတော့်ကို မေးကြပါတယ်ရှင့်။ ကျမ လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ လုပ်နိုင်တဲ့ ကိစ္စတွေကို အထူးသဖြင့် ဆောက်ရွက်တယ်။ အထူးသဖြင့် သက်ဆိုင်ရာကိုလည်းပဲ ကျမတို့ တွန်းအားပေးတယ်။ နိုင်ငံရေးဖြစ်စဉ်တွေမှာနေပြီးတော့ မိမိ ယုံကြည်ရာ ဒီမိုကရေစီအရေးတွေကို ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် တိုင်းရေးသားတန်းတူရေးတွေကို ကိုယ့်ရဲ့ ယုံကြည်ရာအတိုင်း လျှောက်လမ်းကြတဲ့အတွက်ကြောင့်မို့ ဒီလက်နက်ကိုင် အချင်းချင်း တိုက်ခိုက်တဲ့အခါမှကျလို့ရှိရင်တော့ အထိအခိုက်တွေရှိမယ်။ ဒါမဲ့ ကျမတို့အနေကတော့ အပြစ်မဲ့ပြည်သူတွေ လုံးဝမထိခိုက်ဖို့နဲ့ စစ်ဘေးရှောင်ပြည်သူတွေကိုတော့ အတတ်နိုင်ဆုံး ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရက တာဝန်ယူပေးဖို့ ကျမတို့က တိုက်တွန်းတယ်။"

စစ်ရေး တင်းမာမှုတွေကြောင့် ဒေသတွင်းဖွံ့ဖြိုးမှု နောက်ကျနေရတဲ့ ရခိုင်ပြည်နယ်ထဲ ရမ်းဗြဲမြို့နယ်လို နေရာမျိုးတွေမှာ လမ်းပမ်းဆက်သွယ်ရေး အခြေအနေဟာ အတော်လေးကို ဆိုးဝါးတဲ့ အနေအထား ဖြစ်နေတယ်လို့လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက သူမြင်ခဲ့တဲ့ အခြေအနေကိုလည်း ပြောပြခဲ့ပါတယ်။

လမ်းခရီး လုံခြုံရေး အခြေအနေအရ သွားလာရေးခက်ခဲသလို စခန်းတွေထဲ နွေရာသီဖြစ်လာချိန် ရေက ပြတ်လပ်ချိန်လည်းဖြစ်သလို စစ်ပြေးဒုက္ခသည် ထောင်ချီရှိနေတဲ့ စခန်းတွေထဲ သောက်သုံးရေ ရှားပါးပြတ်လပ်လာနေတာပါ။ ပိုများပြားလာတဲ့ စစ်ရှောင် ဒုက္ခသည်တွေ ရေအရေးပေါ် ရနိုင်ဖို့ ရေအရင်းအမြစ် ပေးလှူနိုင်ဖို့ စီစဉ်ကြပေမဲ့ ဒါပေမဲ့ သက်ဆိုင်ရာပြည်နယ် အစိုးရဘက်ကတော့ ဒုက္ခသည်တွေအရေး စီမံဆောင်ရွက်ပေးမှု အားနည်းနေသေးတယ်လို့ ကိုယ်တိုင်သွားရောက် ကူညီပေးနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံ ကူညီကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG