သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးပြင်းထန်လာနိုင်ဟု ရခိုင်လူထုကို AA သတိပေး


ရက္ခိုင့်တပ်မတော် (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
ရက္ခိုင့်တပ်မတော် (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

မြန်မာစစ်တပ်နဲ့ AA ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်တို့ကြား ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင်း တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး နှစ်ဘက် အကျအဆုံး ရှိတဲ့အတွက် စစ်ရေးပိုပြင်းထန်လာမယ့်အနေအထားဖြစ်လို့ ဒေသခံရခိုင်ပြည်သူတွေ သတိထားသွားလာနေထိုင်ကြဖို့ ရခိုင်လက်နက်ကိုင်တပ်ဘက်က သတိပေးပြောဆိုလိုက်ပါတယ်။ လက်နက်ကြီးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်နေတာမို့ ရခိုင်ပြည်သူတွေက စိုးရိမ် ကြောက်လန့်နေကြပြီး စစ်ရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာအဖြေရှာဖို့ကိုလည်း ရခိုင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ က တိုက်တွန်းပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် ဆက်ပြောပြပါမယ်။

စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်တွင်းက မြို့နယ်တွေထဲ ဘူးသီးတောင်မြို့နယ်မှာတော့ မနေ့စနေနေ့က မြန်မာအစိုးရတပ်နဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AA တို့ကြား နှစ်ဘက်ရင်ဆိုင်တိုက်ပွဲ ပြင်းပြင်း ထန်ထန်ဖြစ်ပွားပြီး နှစ်ဘက်အကျအဆုံးရှိလို့ စစ်ဆင်ရေးတွေ ပိုပြင်းထန်လာနိုင်ပြီး အခြေအနေဟာ ပိုဆိုးလာနိုင်တယ်လို့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင် AA ရဲ့ ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“တိုက်ပွဲဖြစ်တာက မနေ့က ဘူးသီးတောင်မြို့နယ်ထဲမှာ ။ စေတီတောင်ရွာရဲ့ အရှေ့မြောက်ဘက်က တောင်တန်းမှာဖြစ်တာ ။ အဲဒီမှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်တယ်ခင်ဗျ။ ဖြစ်တာကတော့ မနက် ၁၀ နာရီလောက်က ဖြစ်တာ ၃ နာရီလောက်ကတော့ ကြာတာပေါ့နော် တိုက်ပွဲ ကြာချိန်က ဆိုတော့ အဲဒီမှာ မြန်မာစစ်တပ် ဘက်ကနေပြီးတော့ အပြင်းအထန် ထိုးစစ်ဆင်တာ ။ ၂ ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်တယ်။ မြန်မာစစ်တပ်ကတော့ ကျဆုံးတာ ၂၀ လောက်ရှိတယ် မနေ့က ။ ကျနော်တို့ ရခိုင့်တပ်မတော်ဘက်ကလည်း တဦးကျဆုံးပြီးတော့ ဒဏ်ရာရတာ တချို့ရှိတယ် ဆိုတော့ မနေ့ကတော့ တိုက်ပွဲကတော့ ပြင်းပြင်းထန်ထန်ဖြစ်တယ်။ နောက်ပြီးတော့ ညပိုင်းမှာလည်း တကြိမ်ပြန်ဖြစ်တာရှိတယ်။ ဆိုတော့ တိုက်ပွဲက ဒီနေ့မှာလည်း ဒီနေ့ မနက်မှာ မြန်မာစစ်တပ်ဘက်ကနေပြီးတော့ ထပ်ပြီး ထိုးစစ်ဆင်တဲ့အတွက် မနက် ၈ နာရီခွဲလောက်မှာ တိုက်ပွဲ စဖြစ်တယ်။

မေး။ ။ အဲဒီတော့ အခုလက်ရှိဖြစ်နေတာက ရခိုင်မှာက ၆ မြို့နယ် ထဲမှာ ပြင်းပြင်းထန်ထန်ဖြစ်နေတာ ဆိုတဲ့ အခါကျတော့ ဒီ ကျန်တဲ့ နေရာမှာတွေရော စစ်ရေးအခြေအနေက ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ ဒီမြောက်ဦးမြို့ ထဲမှာလည်း အထုဒီ မြောက်ဦးရယ် ၊ မြင်းပြားရယ်အဲဒီဘက်မှာလည်း မြန်မာစစ်တပ်က အင်အားတွေ ထပ်ဖြည့်နေတာရှိတယ်။ လူအင်အားရော လက်နက်အင်အားရော ထပ်ပြီးတော့ ဖြည့်နေတာရှိတယ်။ နောက် ဒီ ပလက်၀ မြို့နယ်ဘက်မှာလည်း သူတို့ ဒီ တပ်မ ၇၇က စစ်အင်အား ၁၀၀၀ ကျော်ထပ်ပြီးတော့ ဖြည့်တယ် ဆိုတော့ မြန်မာစစ်တပ်ဘက်ကတော့ သူတို့ လူအင်အား ၊ လက်နက်အင်အား၊ အလုံးအရင်းနဲ့ ရခိုက်ဘက်ကို အင်အားဖြည့်တာတွေ တွေ့ရတယ်။ အဲဒါကြောင့်မို့လို့ တိုက်ပွဲကတော့ ဆက်ပြီး ပြင်းထန်လာနေတဲ့ အနေအထားရှိတယ်။”

စစ်ပိုဖြစ်လာနိုင်တဲ့အနေထားကြောင့် အဲ့ဒီ့နေရာတွေက ဒေသခံရခိုင်ပြည်သူတွေ သတိထားသွားလာကြဖို့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA က သတိပေးပြောကြားပါတယ်။

“အတတ်နိုင်ဆုံးတော့ ဒီ မြောက်ပိုင်းမှာ ခရီးမသွားကြဖို့ပေါ့နော်။ ဘာဖြစ်လဲဆိုတော့ မြန်မာစစ်တပ်က တွေ့ရင် သူတို့ မမေးမမြန်းပဲနဲ့ ပစ်နေတာတွေရှိတယ်။ ဆိုတော့ အဲဒါ အသွားအလာတွေ ဆင်ချင် ဖို့ပေါ့နော်။ မိသားစုတွေ နောက် ရွာသားတွေကနေပြီးတော့ တစုတစည်းထဲ နေထိုင်ကြဖို့ပေါ့နော် အဲဒါတွေ ကျနော်ပြောချင်တာပေါ့။”

အခုလိုဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး မြန်မာ့တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါဘူး။

အခုလို စစ်ရေးပဋိပက္ခတွေပြင်းထန်ပြီး လက်နက်ကြီးကျည်တွေကျလို့ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရတဲ့ စစ်ဘေးသင့်ပြည်သူတွေအတွက် လိုအပ်တဲ့စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူညီတွေ သွားရောက်ပေးပို့တဲ့အချိန် အခက်ခဲနဲ့ရင်ဆိုင်နေရပါတယ်။ စခန်းတွေထဲ သောက်သုံးရေပြတ်လပ်နေလို့ သောက်ရေပို့ဖို့ကိုတောင် ခွင့်ပြုချက်မရခဲ့ဘူးလို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက သူကိုယ်တိုင် ရင်ဆိုင်ခဲ့ရတဲ့အခြေအနေ အခုလိုရှင်းပြပါတယ်။

“ဒီ စေတီပြင်၊ ချောင်ဝနားမှာ ရေတပ်တခု အခြေစိုက်ပြီးရှိနေပါတယ်။ အဲဒီတော့ အဲဒီ ရေတပ်ကိုပဲ လာသမျှ လှေတွေကတော့ စစ်ဆေးခံရတယ်၊ သူတို့ က စစ်ဆေးပြီးမှ လွှတ်ပါတယ်။ အဲဒါကြောင့် ဆရာမက လွှတ်တော်ကိုယ်စားလှယ်တဦးလည်းဖြစ်ပါတယ်။ အဲဒါ သူတို့ကို ပြောပြပါတယ်။ လူမှုအဖွဲ့အစည်းတွေက လှူလိုက်တဲ့ ပစ္စည်းတွေပါ။ ဆရာမလည်း ပြည်သူ့ကိုယ်စားလှယ် တဦးဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ဆရာမတို့ကို သွားခွင့်ပြုဖို့အတွက် တင်ပြပါတယ်။ ဆိုတဲ့အခါ မြို့နယ်က ထောက်ခံစာတွေလည်းပါတယ်၊ ရှင်းပြပါတယ် ကျနော်တို့က ဒါကို အထက် တင်ပြရမှာဖြစ်တဲ့အတွက် ဆရာမရေ ခဏလေးစောင့် ပေးပါလို့ ပြောပါတယ်။ အထက်ကို တင်ပြတဲ့အခါမှာ ဒါ သွားရောက်ခွင့်ကို မပြုဘူး။ ကျေးရွာတွေမှာဆိုရင် ရေလုံး၀ မရှိသလောက်ပါပဲ၊ အဲဒီအတွက်ကြောင့် သောက်သုံးရေတွေလည်း ပျက်နေတယ်။ အဲဒီအတွက်ကြောင့် ကျမအနေနဲ့ ရေစက် ၇၅ လုံးနဲ့ ကျမ အပါအဝင် လိုက်လာတဲ့ လူအချို့ကို သွားခွင့်ပြုပါဆိုပြီးတော့ တောင်းဆိုပါတယ်။ ဒါပေမယ့် ကျမတို့ကို သွားခွင့်မပြုပါဘူး။”

ရခိုင်မှာ စစ်မီးပိုတောက်လာနိုင်တဲ့ အရိပ်အယောင်တွေ တွေ့လာရလို့ ပြည်သူတွေ ပိုဒုက္ခရောက်လာနိုင်တဲ့အနေအထားမှာ စစ်ရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ နှစ်ဘက်စားပွဲဝိုင်းမှာ တွေ့ဆုံပြီး ငြိမ်းချမ်းစွာအဖြေရှာကြဖို့ကိုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် က တိုက်တွန်းပါတယ်။

“နိုင်ငံရေးစားပွဲဝိုင်းမှာ ဆွေးနွေးပါ။ ငြိမ်းချမ်းစွာ အဖြေရှာပါ။ ကောင်းမွန်တဲ့အဖြေ အဲဒီအဖြေတခု ကို ကျမတို့ ထွက်ချင်ပါတယ်။ အချင်းချင်းကြားမှာ မြေစာပင်ဖြစ်နေတာက ပြည်သူတွေဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် အမြန်ဆုံးငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးနိုင်ကြပါစေလို့ ကျမအနေနဲ့ တိုက်တွန်းလိုပါတယ်။”

အခုလက်တလောမှာတော့ စစ်ဖြစ်နေတဲ့ မြို့နယ်တွေထဲ ညမထွက်ရအမိန့် ထုတ်ပြန်ထားစဲဖြစ်သလို စစ်ရှောင်စခန်းတွေနဲ့ ကျေးရွာတွေထဲမှာပဲ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်အပါအဝင် စစ်ပြေးဒုက္ခသည်စုစုပေါင်း အခုနောက်ဆုံးအချိန်အထိ သုံးသောင်းငါးထောင့်တရာ ငါးဆယ့်သုံးဦးအထိ ရှိသွားပြီဖြစ်ပြီး လုံလောက်တဲ့စားနပ်ရိက္ခာ ဆေးဝါးအကူညီနဲ့ သောက်သုံးရေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတွေအထိ စာရင်း လိုက်လံကောက်ယူထားတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)က ဧပြီလ ၂၁ရက်နေ့ ဒီကနေ့နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG