သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည် မေယုတောင်တန်းလုံခြုံရေး တိုးမြင့်


ရခိုင်ပြည်နယ်ရှိလုံခြုံရေးရဲများ (ဇွန်လ ၂၀၁၂)
ရခိုင်ပြည်နယ်ရှိလုံခြုံရေးရဲများ (ဇွန်လ ၂၀၁၂)

ရခိုင်ပြည်နယ်တွင်းရှိ အကြမ်းဖက်သမားတွေခိုလုံနေတယ်လို့ ယူဆရတဲ့ မေယုတောင် တန်းပေါ်ကို နယ်မြေရှင်းလင်းရေးတွေ တိုးမြင့်လုပ်ဆောင်သွားမယ်လို့ ပြည်တဲရေးဝန်ကြီး ဌာနကဒုဝန်ကြီးကပြောဆိုလိုက်ပါတယ်။ ဒေသတွင်းမှာ အခြေအနေတွေတည်ငြိမ်မှု မရှိသေးပေမယ့် ဖွံ့ဖြိုးရေးကိုဆက်တိုက်လုပ်သွားမယ်လို့ ပြည်နယ် အစိုးရကပြောပါ တယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေသတင်းဌာ နကမေခကပြောပြမှာပါ။

အကြမ်းဖက်သမားတွေ ခိုအောင်းနေတယ်လို့ ယူဆရတဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ မေယုတောင်တန်း ပေါ်မှာ နယ်မြေရှင်းလင်းပေးဖို့ ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ရခိုင်အမျိုးသား ပါတီက လွှတ်တော်ကိုယ်စားလှယ်က တင်ပြတောင်းဆိုခဲ့ပါတယ်။ ဒီအပေါ် ပြည်တဲရေး ဝန်ကြီး ဌာနက ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ခုလိုပြောဆိုလိုက်တာပါ။

“ရသေ့တောင်မြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်တို့နှင့် ဆက်စပ်လျက်ရှိတဲ့ မေယုတောင်ကြောတဝိုက် လူသူအရောက်နည်းတဲ့ ချောင်များလျှိုများ ချိုင့်ဝှမ်းများမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆက်မပျက် ရှင်းလင်းတဲ့အခါမှာ ၂၀၁၇ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှာ တကြိမ် ၊ ဇူလိုင်လ ၃၀ ရက်နေ့မှာ တကြိမ် ၊ အကြမ်းဖက်သောင်းကျန်းသူများရဲ့နေရာများကို ဖော်ထုတ်နိုင်ခဲ့ပြီး လူနေ ယာယီတဲများ၊ လက်နက်နဲ့ ယမ်းများ ၊ အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့တဲ့အပြင် အကြမ်းဖက်သမား ၃ ဦးကိုလည်း အသေဖမ်းဆီးရမိခဲ့ပါတယ်။ ဆက်လက်စုံစမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် နယ်မြေခံရဲတပ်ဖွဲ့တို့ တပ်မတော်နဲ့ ပူးပေါင်းပြီး မေယုတောင်ကြောတွင် နယ်မြေရှင်းလင်းရေးလုပ်ငန်းကိုလည်း တိုးမြင့်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားအပ်ပါတယ်။”

နယ်မြေရှင်းလင်းရေးနဲ့ပတ်သတ်ပြီး လုပ်ဆောင်မယ့် အသေးစိတ်ကိုတော့ ထုတ် ဖော်မပြောဆိုပါဘူး။ တပ်မတော်ဘက်ကတော့ ရခိုင်ပြည် နယ် မြောက်ပိုင်းမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားပါတယ်။ အခုလို တပ်တွေ ထပ် တိုးပြိးချထားလိုက်တာဟာ ဒေသခံပြည်သူတွေရဲ့ လုံခြုံမှုအတွက် စိုးရိမ်တာကြောင့်ဖြစ်တယ်လို့ ပြည်နယ်အစိုးရ ဘက်ကပြောဆိုထားပါတယ်။ ရသေ့ တောင်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၁ရွာမှာ လည်း ညမထွက်ရ အမိန့်ထုတ်ပြန် ထားပါ တယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၄ရက်နေ့က ဘင်္ဂလီလူမျိုးတွေနေထိုင်တဲ့ အောက်နန်းကျေးရွာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်လည်ရန်ပြုခဲ့တာ တွေရှိခဲ့တာကြောင့် အဲဒီနေရာနဲ့ အနီး တဝိုက်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာပါ။ မောင်တောဒေသမှာအတွက် ထုတ် ပြန်ထားတဲ့ ညမထွက်ရအမိန့်ကလည်းခုထိမရုတ်သိမ်းသေးပါဘူး။

ပြည်နယ်အစိုးရဘက်ကတော့ တပ်မတော်နဲ့ရခိုင်ဒေသတွင်း လုံခြုံမှုရှိအောင်လုပ်ဆောင်နေတဲ့ လက်တွဲဆောင်ရွက်မယ်လို့ပြောပါတယ်။ ဒါ့အပြင် ဒေသတွင်းတည်ငြိမ်မှုမရှိသေးပေမယ့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုတော့ ဆက် တိုက်လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပြီး ပြည်နယ်ဘက်က လုပ်ဆောင်မယ့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ပတ်သတ်လို့ ပြည်နယ်အစိုးရ အတွင်းရေးမှုး ဦးတင်မောင်ဆွေက အခုလိုပြောပြပါတယ်။

“တည်ငြိမ်အေးချမ်းမှုဖြစ်လာတာနှင့်အမျှ ကျနော်တို့က ဖွံ့ဖြိုးရေးအတွက်ကို လုပ်မယ်။ အခုလောလောဆည် မောင်တောနယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေ စားဖို့သောက်ဖို့အဆင်ပြေဖို့အတွက် ၂ လစာ ရိက္ခာတွေ ကျနော်တို့ ထောက်ပံ့ပေးနေတယ်။ လယ်ယာလုပ်ငန်းတွေလုပ်နိုင်ဖို့အတွက် ကျနော်တို့ လယ်ယာသုံးစက်ကရိယာတွေပံ့ပိုးပေးမယ်။ မိုးစပါးပြီးရင်ဆောင်းသီးနှံတွေ စိုက်ပျိုးနိုင်ဖို့အတွက် သီးနှံတွေထောက်ပံ့ပေးမယ်။ နောက်ပြီးရွာတွေမှာ ငါးကန်တွေတူးပေးမယ်။ တိုင်းရင်းသားတွေ စိတ်ဓါတ်ပိုင်းဆိုင်ရာအတွက် သင်တန်းတွေ ၊ ဆွေးနွေးပွဲတွေ ဒီဟာလေးကို ကျနော်တို့ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။”

လက်ရှိ လုံခြုံရေးတိုးမြင့်ဆောင်ရွက်နေတာမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၂နဲ့ ၁၃ရက်တွေမှာ မသင်္ကာ ဖွယ်တွေ့ရှိရတဲ့ သူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားပါတယ်။ ဒီလူတွေကိုစစ်ဆေးတာမှာ နေအိမ်တွေကိုမီးရှို့တာမှာပါဝင်ခဲ့သူ တွေပါတယ်လို့လည်း ပြောဆိုထားပါတယ်။

မောင်တောအကြမ်းဖက်မှုနောက်ပိုင်းမှာ အပြစ်မဲ့အရပ်သားတွေလုပ်ကြံခံနေရတာတွေ ၊ပျောက်ဆုံးနေတာတွေဟာခုချိန်ထိမရပ်သေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကျန်းမာရေးဝန်ထမ်းတဦးပျောက်ဆုံးလျက်ရှိပါတယ်။ ထုတ်ပြန်ထားတဲ့စာရင်းတွေအရ ၂၀၁၇ ဇွန်လကုန်ထိလုပ်ကြံသတ်ဖြတ်ခံရတာ အယောက် ၄၀နီးပါးသေဆုံးခဲ့ပြီး အယောက် ၃၀နီးပါး ဖမ်းဆီးခံရလို့ ပျောက်ဆုံးလျက်ရှိနေပါတယ်။

ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ကုလအ ထူးသံတမန် မစ်ယန်ဟီးလီကတော့ ဒေသတွင်းလုံခြုံ ရေးတိုးလိုက်တာနဲ့ပတ်သတ်ပြီး ဒါဟာ စိုးရိမ်ဖွယ်ရာအခြေအနေတခု ဖြစ်နေ တယ်လို့ ထုတ်ပြန်ပြောဆိုထားတာရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG