သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းအခြေအနေ အနည်းငယ်တိုးတက်မှုရှိ 


မောင်တောဈေးတနေရာ (မှတ်တမ်းဓါတ်ပုံ)
မောင်တောဈေးတနေရာ (မှတ်တမ်းဓါတ်ပုံ)

ပြီးခဲ့တဲ့နှစ်သြဂုတ်လအတွင်း ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လူတွေသိန်းနဲ့ချီထွက်ပြေးခဲ့တဲ့ အဖြစ်အပျက်တွေရှိခဲ့ရာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို VOA သတင်းထောက်တွေ အခုရောက်နေကြပါတယ်။ အဲဒီဒေသမှာ အခြေအနေတွေ တိုးတက်လာနေတယ်ဆိုပေမဲ့ ပုံမှန်အနေအထားကို ရောက်ဖို့တော့ အချိန်ယူရလိမ့် ဦးမယ်လို့ VOA သတင်းထောက် မေခက သုံးသပ်ပါတယ်။ အခုခရီးစဉ်အတွင်း လှေပျက်ပြီး မြန်မာပြည်ထဲပြန်ရောက်လာကြတဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်တချို့နဲ့လည်း မမေခတို့တွေ့ဆုံခွင့်ညရခဲ့ပါတယ်။ အခုခရီးစဉ်က မမေခရဲ့ ရခိုင်မြောက်ပိုင်း တတိယအကြိမ်ခရီးစဉ်ဖြစ်ပြီး တိုးတက်ပြောင်းလဲမှုတွေရှိလာတဲ့အကြောင်း မမေခက အခုလိုစပြီးရှင်းပြပါတယ်။

ဖြေ။ ။ အဓိကတော့ လမ်းပိုင်းပေ့ါနော် အစိုးရပြောထားတဲ့အတိုင်း လမ်းပိုင်းတွေမှာ လုပ်နေတယ်ဆိုတဲ့အစီအစဉ်တွေမှာ တချို့ ကျေးရွာတွေမှာဆိုရင် အလွယ်တကူသွားလို့ရနေပြီပေါ့နော် ။ အဲဒါကတချက်တွေ့တယ်၊ လုံခြုံရေးကတော့ အရင်တုန်းကထက်စာရင်တော့ ပိုပြီးလုံခြုံမှုရှိတယ်ဆိုတာကို ဒေသခံတွေကလည်းပြောလာတယ် နောက်တခုက မောင်တောမြို့ကလည်း အရင်ကထက် ပထမဦးဆုံးရောက်တဲ့အခါနဲ့ ယှဉ်ရင် တော်တော်လေးကွာခြားသွားတယ် ။ စည်စည်ကားကားဖြစ်လာတယ်။ ပိုပြီးတော့ တိုးတက်လာတယ်ဆိုတဲ့ဟာမျိုးတွေကျနော်တို့ မြင်ခဲ့ရတယ်။

မေး။ ။ ဒါက အစိုးရရဲ့ အစီအမံနဲ့ သတင်းသမားတွေက လိုက်ပြီးတော့ ကြည့်နေရတာလား။ ဒါမှမဟုတ်ရင် သတင်းသမားတွေက သွားချင်တဲ့အတွက်ကြောင့်မို့လို့ အစိုးရက စီစဉ်ပေးရတာလားခင်ဗျ။

ဖြေ။။ ဒီဟာက ပြန်ကြားရေးဝန်ကြီးဌာနဘက်ကနေ လုပ်တယ်လို့ သိထားပါတယ်။ ကျမတို့ဆီက ဘယ်ကိုသွားချင်သလဲဆိုတာကို သူတို့တောင်းပါတယ်။ အခုအချိန်အထိကတော့ ကျမတို့ ရာသီဥတုဆိုးရွားလွန်းလို့ ကျမတို့ တချို့နေရာတွေကို မသွားနိုင်တာကလွဲရင် တတ်နိုင်သမျှအထိကို ကျမတို့ သွားလို့ရတယ်။

မေး။ ။ ကိုသိချင်တာတွေ မေးချင်တာတွေ ၊ စုံစမ်းချင်တာတွေ လွတ်လွတ်လပ်လပ်ရှိပါသလားခင်ဗျ။ သူတို့ရဲ့ ကန့်သတ်ချက်၊ တားမြစ်ချက်တွေရော ရှိပါသလားခင်ဗျ ။

ဖြေ။။ ကျမတို့ အဆိုပြုတဲ့နေရာတွေကို သွားခွင့်ရတာမှန်ပေမယ့် ဒီဟာတွေက အရင်ကျမတို့လာမယ်၊ ဘယ်သူတွေနဲ့ လာမယ်ဆိုတာတွေကို အစိုးရက နဂိုကတည်းက သိရှိပြီးသားပါ။ ဒါပေမယ့် အရင်တုန်းကထက်စာရင်တော့ ပွင့်လင်းမြင်သာမှုကတော့ အရင်တုန်းကထက်စာရင် ပိုပြီးရလာတယ် ဒါပေမယ့် လွတ်လပ်မှုရှိတယ်ဆိုတဲ့ ရာခိုင်နှုန်းအထိကိုတော့ ကျမတို့ ပြောလို့မရသေးပါဘူး။ လုံခြုံရေးအဖွဲ့တွေကတော့ ကျမတို့နဲ့အတူပါတယ်။ တချို့နေရာတွေက ကျမတို့ အခုအချိန်အထိ သွားလို့ရသေးတဲ့ နေရာမျိုးတွေ မဟုတ်သေးဘူး။ အစ္စလာမ် တချို့ရွာတွေဆိုရင် ကျမတို့ မိုးအရမ်းရွာတာမျိုးတို့ ၊ အရမ်းမှောင်တာမျိုးဆိုရင် ကျမတို့ လွတ်လွတ်လပ်လပ်သွားလို့နေရတဲ့ အနေအထားမျိုးမှာ မရှိသေးဘူးလို့ လုံခြုံရေးအဖွဲ့တွေကလည်း ပြောတယ်။ ပြောတော့ အဲဒီလိုနေရာမျိုးတွေဆိုရင် သူတို့ခေါ်လာတဲ့လူတွေကိုပဲ ကျမတို့ တွေ့ရတဲ့အနေအထားမျိုးမှာပဲ ရှိနေသေးတယ်။ လုံခြုံရေးကတော့ အကန့်အသတ်ကတော့ ရှိနေသေးတယ်ရှင့်။

မေး။ ။ အရင်တုန်းက ရောက်ခဲ့တဲ့နေရာတွေပဲ ပြန်သွားတာလား နေရာအသစ်တွေကိုရော ရောက်ခဲ့လား။

ဖြေ။။ နေရာအသစ်တွေကိုတော့ မရောက်သေးပါဘူး။ အခုအချိန်အထိတော့ ဒီပြဿနာ တွေဖြစ်သွားတဲ့နေရာတွေတော့ ကျမတို့ အဆိုပြုထားတယ်။ အဲဒီနေရာတွေ ဒီမှာလမ်းခရီးအရသွားလို့ရတဲ့နေရာတွေ တော်တော်များများကိုတော့ ရောက်ပါတယ်။ ဒီ အင်းဒင်လူသတ်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့ အင်းဒင်ရွာကိုရောက်တယ်။ နောက်ပြီးတော့ မြိုတိုင်းရင်းသားတွေကို ပြန်ပြီးတော့ နေရာချထားတဲ့နေရာတွေရောက်တယ်။ နောက်ဆုံးကျမတို့ ရောက်ခဲ့တဲ့နေရာကတော့ အစိုးရကနေပြန်ပြီးတော့ လှေပျက်သွားတော့ ကယ်တင်ထားတယ်ဆိုတဲ့လူတွေကို ခဏယာယီထားထားတဲ့ နေရာကိုရောက်တယ်။

မေး။ ။ အဲဒါ ရှင်းပြပါ လှေပျက်သွားတော့ဆိုတာက ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ မွတ်ဆလင်တွေ လှေပျက်တာလား

ဖြေ။။ ကျမတို့ တွေ့တာ လူ ၁၀၄ ယောက်ရှိပါတယ်။ အဲဒီ ၁၀၄ ယောက်ထဲမှာ အယောက် ၈၀ ကျော်ကျော်နီးပါးက ကျမတို့ ဒီရခိုင်ဒေသမှာ နေသွားတဲ့ အစ္စလာမ်ဘာသာဝင်ပေါ့နော် ၊ သူတို့အပြောကတော့ ရိုဟင်ဂျာလို့ပြောတာပေါ့နော် ။ အစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ လက်မခံသေးဘူး ပေါ့နော် အဲဒီလူတွေနဲ့ ကျမတို့ တွေ့ခွင့်ရတယ်။ အဲဒီလူတွေက မလေးရှားနိုင်ငံကို အလုပ်လုပ်ဖို့ဆိုပြီးတော့ သွားကြတာပါ။ အဲဒီထဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေလည်းပါပါတယ်။ အဲဒီတော့ အဲလိုသွားကြပေမယ့် ရာသီဥတုအခြေအနေကြောင့် လှေပျက်သွားတယ် ။ လှေပျက်သွားတော့ ဘူးသီးတောင်မှာ အဲဒီလူတွေကို အစိုးရကနေခေါ်ပြီးတော့ ယာယီနေရာချထားပြီးတော့ သူတို့ကို စိစစ်ဖို့လုပ်နေတယ်။ သူတို့အဓိက ရည်ရွယ်ချက်ကတော့ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ဖို့ ဘင်္ဂလားဒေ့ရှ် ငွေနဲ့ဆိုရင် ၁ သိန်းကျော်၊ ၂ သိန်းနီးပါးပေးပြီးတော့ မလေးရှားနိုင်ငံသွားဖို့လုပ်ကြတာပါ။

မေး။ ။ ဒုက္ခသည်စခန်းရောက် မွတ်ဆလင်တွေအကြောင်းနည်းနည်းရှင်းပြပါလား။

ဖြေ။။ သူတို့က မြန်မာအစိုးရက ပြန်လည်လက်ခံလုပ်နေတာတွေကို သူတို့သိတယ်လို့ ပြောတယ် သတင်းတွေလည်းကြားတယ်။ VOA နားထောင်ရတယ် ရေဒီယိုတွေလည်း နားထောင်ရတယ်။ ဒါပေမယ့် သူတို့ကို မေးတဲ့အချိန်မှာ မြန်မာအစိုးရက လက်ခံဖို့အတွက် ၂ နိုင်ငံ သဘောတူထားတဲ့အချက်အလက်တွေရှိတယ် အဲဒီအချက်အလက်တွေက အခုအထိ သူတို့လက်ထဲကို မရောက်လာသေးဘူး။ အဲဒီအချက်အလက်တွေလည်း သူတို့ မဖြည့်ရဘူးလို့ပြောတယ်။ မြန်မာနိုင်ငံကို ဘာကြောင့်ပြန်မလာချင်သလဲလို့ မေးတဲ့အခါမှာ တချို့ကတော့ ပြန်မလာချင်လို့ မလာဘူးလို့ပြောတယ်၊ တချို့ကတော့ ဒီထက်ကောင်းတဲ့ နေရာကိုသွားချင်တယ်လို့လဲပြောတယ်။

မေး။ ။သူတို့က ဒုက္ခသည်စခန်းကိုပြန်သွားမှာလား ရခိုင်ပြည်နယ်ဘက်မှာဆက်နေမှာလား

ဖြေ။။ အခုလက်ရှိအခြေအနေကတော့ အစိုးရဘက်က ဒီလူတွေအကုန်လုံးကို စိစစ်နေတယ်။ သူတို့ ကျေးရွာကလူတွေကို ခေါ်တွေ့တယ်။ အရင်ကျေးရွာတွေမှာ နေခဲ့တာ ဟုတ်မဟုတ်ဆိုတာကို သူတို့ စိစစ်နေတယ်။ ပြီးသွားတဲ့အခါမှာ ဒီလူတွေကို ဘယ်လိုလုပ်မလဲဆိုတာကို ကျမတို့ အစိုးရ တာဝန်ရှိသူတွေကိုမေးပါတယ်။ သူတို့က ဘာပြောသလဲဆိုတော့ ဒီလူတွေနဲ့ နွယ်တဲ့မိသားစုတွေကနေပြီးတော့ ဒီဘင်္ဂလားနိုင်ငံထဲက Camp တွေမှာ ကျန်နေသေးတယ်လို့ပြောတယ်။ ကျန်တဲ့မိသားစုတွေကိုလည်း သူတို့ဆက်ပြီးခေါ်ပေးတယ်။ အခုရောက်နေတဲ့လူတွေကိုတော့ သူတို့ သက်ဆိုင်ရာ ကျေးရွာတွေမှာ ယာယီအနေနဲ့ ထားပေးထားမယ်။ သူတို့ ဆွေးမျိုးတွေရှိရင် ဆွေးမျိုးတွေမှာ အပ်ပေးထားမယ်။ ဒါမှမဟုတ်သူတို့ နေခဲ့တဲ့အိမ်တွေမှာ ယာယီထားပေးထားမယ်။ ကျန်မိသားစုဝင်တွေကိုခေါ်မယ်၊ ခေါ်ပြီးသွားရင် အစိုးရက စီစဉ်ထားတဲ့ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်မှာ အဲဒီလူတွေကို အိမ်တွေရာတွေ မရှိဘူးဆိုရင် အိမ်တွေရာတွေပေးသွားမယ်၊ အိမ်တွေရာတွေရှိတယ် ပျက်စီးတာတွေရှိရင် ပြင်ဖို့ကိစ္စတွေကို ဆက်လုပ်သွားမယ်ဆိုပြီးတော့ အစိုးရက ပြောပါတယ်။”

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ဒေသ ရခိုင်ပြည်နယ်မြောက်ပိုင်း မှာရောက်နေတဲ့ VOA သတင်းထောက် မမေခရှင်းပြခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG