သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မုန်တိုင်းအတွက် အရေးပေါ်ပြင်ဆင်မှုများဆောင်ရွက်


ရခိုင်မုန်တိုင်း(MOI)
ရခိုင်မုန်တိုင်း(MOI)

အနီရောင်အဆင့်သတ်မှတ်လိုက်ပြီဖြစ်တဲ့ မုန်တိုင်း ဝင်ရောက်တိုက်ခတ်နိုင်ခြေရှိတဲ့လမ်းကြောင်းက ပြည်နယ်တိုင်းတွေတွေမှာ အရေးပေါ် ကူညီကယ်ဆယ်ရေးနဲ့ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပေးနိုင်ဖို့ ဆေးရုံဆေးခန်း ယာယီကယ်ဆယ်ရေးစခန်းတွေထားရှိပြီး အရေးပေါ်ပြင်ဆင်ထားတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကဗွီအိုအေကိုပြောပါတယ်။ မုန်တိုင်းဝင်ရောက်ချိန် ကြိုတင်ပြင်ဆင်သင့်တာတွေ ရှောင်ရှားသင့်တာတွေကိုလည်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက အချိန်တပြေးညီသတိပေးနေသလို မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မုန်တိုင်းဖြစ်ပေါ်နေတဲ့အခြေအနေ အဆင့်ဆင့်ကို ထုတ်လွှင့်ပေးနေပါတယ်။ မုန်တိုင်းသတင်းတွေကို စဉ်ဆက်မပြတ်နားထောင်ကြဖို့နဲ့ ဒေသခံတွေ မုန်တိုင်းသတိရှိကြဖို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေကသတိပေးပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသကို နာရီပိုင်းအတွင်း ဖြတ်ကျော်ဝင်ရောက်မှာမို့ ရခိုင်ရကမ်းရိုးတန်းဒေသကို အနီရောင်အရေးပေါ်အခြေအနေ အဖြစ် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတ်မှတ်ထားပါတယ်။

ပထမဆုံး ကုန်းတွင်းပိုင်းကို ဝင်တိုက်တဲ့အခါ စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့ကို ဖြတ်ကျော်ဝင်ရောက် တိုက်ခတ်မှာဖြစ်ပြီး အမြင့်ဆုံး မိုင်(၄၅)မိုင်ကနေ မိုင်(၅၀)အထိ တိုက်ခတ်နိုင်ခြေရှိတယ်လို့ မူလက ကြေညာထားပေမယ့်၊ အခုတော့ ဒီထက်ပို ပြင်းထန်တဲ့ ဆိုင်ကလုံးမုန်တိုင်းအဆင့်ရောက်သွားပြီလို့ သိရပါတယ်။

အခုလို မုန်တိုင်းပထမဆုံး ဝင်ရောက်တိုက်ခတ်လာမယ့် ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေနဲ့ တခြားမြို့တွေမှာ မုန်တိုင်းအရေးပေါ်ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးဖို့ အရေးပေါ်ဆေးဝါးကုသမှုတွေ ပေးနိုင်ဖို့ ဆေးရုံဆေးခန်းတွေနဲ့ ယာယီကယ်ဆယ်ရေးစခန်းတွေကို အရေးပေါ်ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားမှုးချုပ်ဒေါက်တာသန်းထွန်းအောင်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

"ကျနော်တို့ကတော့ အဓိကတော့ အခုရခိုင်ပြည်နယ် ကျောက်ဖြူ၊ မြန်အောင်၊ မြေပုံ နောက်ပြီး အခြားတိုင်းနဲ့ ပြည်နယ်တွေလည်း ညွှန်ကြားချက်ထုတ်ထားပါတယ် ။ မုန်တိုင်းကတော့ ဖြတ်တော့ ဖြတ်နေပြီပေါေ့နာ်။ အဲဒါ ကျနော်တို့က ကြိုတင်ပြင်ဆင်ထားတယ် ဆေးဝါးစုဆောင်းဖို့ လိုအပ်တဲ့ အနွေးအထည်ဝတ်ဖို့၊ အအေးမမိအောင် ကြိုတင်ပြင်ဆင်ဖို့ လိုအပ်တဲ့ ဆေးဝါးကအစ ဘေးကင်းရာမှာနေဖို့၊ ရေဝင်မယ်ဆိုရင် ရေကတဆင့် ကူးစက်တဲ့ရောဂါတွေ ကျနော်တို့ကတော့ ကြိုတင်ပြီးတော့ လုံ့ဆော်ပြီးသားပါ။ နောက်ပြီးတော့ ဆေးရုံဆေးခန်းက လူနာတွေလည်း တချို့ဟာတွေပေါ့နော် ရွှေ့ဖို့စီစည်ထားပြီးသားဖြစ်ပါတယ်။"

မုန်တိုင်းအန္တရာယ်အတွေ့ကြုံရှိထားပြီးဖြစ်ပေမဲ့လို့ ကျောက်ဖြူဒေသခံတွေ အနေနဲ့ သက်ဆိုင်ရာက ထုတ်ပြန်နေတဲ့ မုန်တိုင်းသတင်း သတိပေးကြေညာချက်တွေကို စဉ်ဆက်မပြတ်နားစွင့်နေကြပြီး ကြိုတင်ပြင်ဆင် ထားသင့်တာတွေကို အရေးပေါ်ဆောင်ရွက်ထားဖို့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က တိုက်တွန်းပါတယ်။

"ဒီ ကျောက်ဖြူနဲ့ စစ်တွေကြားက မှန်တိုင်းနဲ့ ပတ်သက်လို့ပေါ့နော် ဒေသခံတွေလိုအပ်တာက မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ကြေညာတာကတော့ မုန်တိုင်းဟာ ၄၅ မိုင်- ၅၀ နှန်း လောက်ပဲ တိုက်မယ်ဆိုပြီး သတင်းထွက်နေတယ်ဆိုတော့ ဒေသခံတွေက ဒီလေလောက်ဆိုရင် ဖြစ်ရိုးဖြစ်စဉ်အဖြစ်က နည်းနည်းလေးလောက်ပဲပိုတယ်လို့ မှတ်ကြလိမ့်မယ်။ အဲဒါကြောင့် ဖြစ်ရိုးဖြစ်စဉ်အဖြစ်က နည်းနည်းလေးပိုတယ်ဆိုပြီး ပေါ့ပေါ့လျော့လျော့မနေပဲနဲ့ မုန်တိုင်းဟာမုန်တိုင်းပဲဆိုပြီးတော့ ကိုယ့်ဘက်က လိုအပ်တာတွေကို မုန်တိုင်းကြီးတခု ကျရောက်လာသကဲ့သို့ ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။ သတိဝီရိယရှိဖို့လိုတယ်။ တခါတလေကျရင် ပင်လယ်ထဲမှာ မုန်တိုင်းအားနည်းနေပေမယ့် ကုန်းပေါ်ဖြတ်ရင် ဒီထက်ပိုပြီးတော့ အားပြင်းတာတွေရှိတတ်တယ်။ အဲဒါကြောင့် သတိဝီရိယရှိဖို့ အင်မတန်အရေးကြီးတယ် ဒါလေးတချက်သတိပေးချင်ပါတယ်။"

ဒါ့အပြင် မုန်တိုင်းစတင်တိုက်ရိုက်တိုက်ခတ်မယ့် ကျောက်ဖြူမြို့နဲ့ စစ်တွေမြို့တွေမှာ သက်ဆိုင်ရာဘက်က အရေးပေါ်ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ထားသလို ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ အရေးပေါ်ပူးပေါင်းဆောင်ရွက်သင့်တာတွေကိုလည်း သတိနဲ့ဆောင်ရွက်ကြဖို့ ကျောက်ဖြူလွှတ်တော်ကိုယ်စားလှယ်က တိုက်တွန်းပါတယ်။

"တကယ်လို့ ဖြစ်လာရင်တော့ အဲဒီလို စီစဉ်ထားတာတော့ရှိပါလိမ့်မယ် ဘာပဲဖြစ်ဖြစ် ဒေသခံတွေအပေါ်မှာ စီမံခန့်ခွဲရတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ၊ အထူးသဖြင့်အာဏာပိုင်တွေအနေနဲ့ မုန်တိုင်းကြီးတယ် ငယ်တယ်၊ လေတိုက်နှုန်းများတယ် နည်းတယ် ဆိုတဲ့ မိုးလေဝသ သတင်းလောက်နဲ့ သူတို့ ချိန်ဆပြီးတော့ လုပ်ကိုင်ဖို့ထက် သဘာဝ ဘေးအန္တရာယ်တခုကျပြီဆိုရင် ဘယ်လိုအကူအညီတွေ ပေးရမလဲ ဆိုတာတွေကိုပါ လုပ်ထားဖို့လိုတယ်။ ဘေးအန္တရာယ်မကျရောက်ခင်နဲ့ ဘေးအန္တရာယ်ကျရောက်ပြီဆိုရင် ကြိုတင်ပြီးတော့ ဒေသခံတွေ လုပ်ဆောင်ထားရမယ့်ဟာတွေကိုလည်း ပေါ့ပေါ့လျော့လျော့မနေဖို့၊ အလေးအနက်ထားပြီးတော့ ပြည်သူတွေ နိုးနိုးကြားကြားရှိဖို့ဆိုတာကိုလည်း ဒေသခံ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ အမြဲတမ်း အသိပေးဖို့တော့ လိုအပ်တာပေါေ့လ။"

မကြာခင် တိုက်ခတ်လာတော့မယ့် ဆိုင်ကလုန်းမုန်တိုင်းရဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွန်မှုဦးစီးဌာနဘက်ကလည်း မုန်တိုင်းဖြစ်ပေါ်ချိန်နဲ့ မုန်တိုင်းတိုက်နေချိန် နောက် မုန်တိုင်းတိုက်ခတ်အပြီး ဆောင်ရွက်ရမယ့် မုန်တိုင်းသတိပေးပညာေ့ပးကြေညာချက်တွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်နေသလို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အနေနဲ့လည်း မုန်တိုင်းဖြတ်သန်းသွားနိုင်တဲ့ လမ်းကြောင်းတွေမှာရှိတဲ့ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်မီးသတ်စခန်းတွေမှာ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား အရေးပေါ် အသင့်စုဖွဲ့ပြင်ဆင်ထားရှိနေဆိုတာကိုလည်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG