သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ် ဒေသခံတွေ သေကျေထိခိုက်


စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) ကြားတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း ပျက်စီးသွားတဲ့ လူနေအိမ်တချို့ (မေ ၂၁၊ ၂၀၂၄)
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) ကြားတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း ပျက်စီးသွားတဲ့ လူနေအိမ်တချို့ (မေ ၂၁၊ ၂၀၂၄)

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA နဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု တွေကြောင့်အရပ်သားတွေ သေကျေထိခိုက်တာတွေနဲ့ အရပ်ဘက်အဆောက်အဦးတွေ ပျက်စီး ကုန်ကြောင်း ဒေသခံတွေက ပြောပါတယ်။ အထူးသဖြင့် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ သံတွဲနဲ့ တောင်ကုတ် မြို့နယ်တွေမှာ ထိခိုက်ပျက်စီးမှုများတယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်ရေးနောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။

စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AAကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတဲ့ ရခိုင်တောင်ပိုင်းကို စစ်ကောင်စီကလေကြောင်းကနေ ဆက်တိုက်ဆိုသလို တိုက်ခိုက်နေတာကြောင့် သေကျေထိခိုက် ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ကလည်း AA အဖွဲ့က ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်နေသူတဦးကပြောပါတယ်။

“ဒီကြားထဲမှာ သံတွဲမှာတော့ ခဏခဏ ဗုံးကြဲတာတော့ရှိတယ်။ မနေ့ကတော့ နန်းချောင်းရွာမှာ စစ်ရှောင်လာတဲ့သူတွေ၊နောက် စစ်ရှောင်ပြီးတော့ နေရပ်ပြန်လာတဲ့သူတွေ အနည်းငယ်ရှိကြတယ်။ အဲဒီနေရာကို ဗုံးကြဲသွားတာ စစ်ကောင်စီကအဲမှာ ၈ ယောက်လောက် ထိခိုက်ဒဏ်ရာရတယ်လို့ ကြားတယ်။”

တိုက်ပွဲတွေပြင်းထန်နေဆဲ တောင်ကုတ်မြို့နယ်မှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အတွင်း အရပ်ဘက်နေရာတွေကို ထိမှန်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

“မြို့ပေါ်ရပ်ကွက်ကိုတော့ တော်တော်များများ ဗုံးကြဲလို့ပျက်စီးသွားတယ်လို့ ကြားတယ်။ စကခ ၅ ကို ထိုးစစ်ဆင်နေတော့ တိုက်ပွဲကလည်း ပြင်းထန်နေတယ်။ ဗုံးကြဲတာကလည်း မြို့ပေါ်ရပ်ကွက် အစုံပါပဲ။ သိမ်တောင်ရပ်ကွက်၊ ကံပိုင်ရပ်ကွက် မနေ့ကဆိုရင် ချောင်းကောက်ရပ်ကွက်ကိုကြဲသွားတယ်။ ဦးအောင်ဇေယျာလမ်းက နေအိမ်တချို့ မီးလောင်သွားတယ်လို့ သိရတယ်။ စစ်ကောင်စီလေကြောင်းက ကြဲသွားတာ။”

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုအတွက် ကုလသမဂ္ဂ အပါအဝင်နိုင်ငံတကာက စိုးရိမ်တဲ့ သဘောထားတွေနဲ့ သတိပေးနေချိန်မှာပဲ တိုက်ခိုက်မှုတွေ ဆက်လက်ပေါ်ပေါက်နေတာပါ။

ရခိုင်ပြည်နယ်က စစ်ရေးနောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီက လတ်တလော သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

တောင်ကုတ်မြို့နယ်မှာ လနဲ့ချီ ထိုးစစ်ဆင်နေတဲ့ AA အဖွဲ့ကတော့ စစ်ကောင်စီတပ်စခန်းတချို့နဲ့ တောင်ကုတ်မြို့ကိုထိန်းချုပ်ထားကြောင်း ပြောဆိုထားပါတယ်။ တောင်ကုတ်မြို့နယ်မှာ ကျန်နေသေးတဲ့ စစ်ကောင်စီတပ်တွေကို AA အဖွဲ့က ဆက်လက် တိုက်ခိုက်နေသလို၊ ဂွမြို့နယ်မှာလည်း စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေတာပါ။ တိုက်ပွဲတွေဟာ အခုအခါ ဂွမြို့အနီးမှာပါ ဖြစ်ပွားနေတယ်လို့လည်း ရခိုင်စစ်ရေးစောင့်ကြည့်နေသူက ပြောပါတယ်။

“ဂွဘက်လည်း တိုက်ပွဲ ပြင်းထန်နေတယ်။ အခုဆိုရင် ဂွမြို့ပေါ်နဲ့ နီးစပ်တဲ့နေရာတွေကို တိုက်ပွဲ ရောက်သွားပြီလို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ ဒီဘက်ကဆိုရင် ဆပ်သွား၊ အဲဘက် တိုက်နယ်က သူတွေလည်း ဆုတ်သွားပြီ။ သူတို့ကတံတားတွေကို မိုင်းခွဲပြီးတော့ ဆုတ်သွားတာ။ အဲဒီကနေ ကမ်းသာယာ နဲ့ ကင်းပုံကြားမှာရှိတဲ့ တံတားကိုလည်း မိုင်းခွဲဖျက်ဆီးပြီးတော့ ဆုတ်သွားကြတယ်။ မြို့ပေါ်နဲ့ အတော်နီးကပ်နေပြီပေါ့နော်။”

အမ်းမြို့နယ်အတွင်းက အနော်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်း AAဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေဆဲ ဖြစ်ပြီး နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ လက်ရှိထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဂွ၊ တောင်ကုတ်၊ အမ်းနဲ့ မောင်တောမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအများစုကို သိမ်းပိုက်ထား နိုင်ပြီး နယ်မြေအများစုကို ထိန်းချုပ်ထားကြောင်းလည်း ဒီလထဲမှာပဲ AA အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG