ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီလေကြောင်း ပစ်ခတ်မှုတွေကြောင့် အရပ်သား သေဆုံးဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲရခိုင်တောင်ပိုင်း ဂွမြို့နယ်မှာ စစ်ကောင်စီလေကြောင်းပစ်ခတ်မှု ကြောင့် အရပ်သား (၇) ဦးထက်မနည်းသေဆုံးပြီး (၅) ဦးထက်မနည်း ဒဏ်ရာရခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
အာရက္ခတပ်တော် AA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အမ်း၊ မောင်တော၊ ဂွနဲ့ တောင်ကုတ်မြို့နယ်တွေမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် အရပ်သား သေဆုံး၊ ဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။
ရခိုင်တောင်ပိုင်း ဂွမြို့နယ်အတွင်းက ဂျိုင်ကောက်ကျေးရွာကို ဒီရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီ လေကြောင်းကဗုံးကြဲခဲ့တာကြောင့် ကလေးနှစ်ဦးအပါအဝင် အရပ်သား (၇) ဦးထက်မနည်း သေဆုံးပြီး (၅) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦးက ဗွီအိုအေကို အတည်ပြုပြောပါတယ်။ လက်ရှိမှာတော့ အဲဒီ ဂွမြို့နယ်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး ဆက်သွယ်ရေးတွေလည်း ခက်ခဲနေတာပါ။
ဒါ့အပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ်မှာလည်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြားတိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေသလို စစ်ကောင်စီက နေ့ရောညပါ လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ မြို့ခံတွေကပြောပါတယ်။ အခုလို လေကြောင်းပစ်ခတ်မှု ကြောင့် အရပ်သား သေဆုံးတာတွေလည်းရှိတယ်လို့ အမ်းမြို့ခံတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။
“လေယာဉ်နဲ့တော့ ကျနော်တို့ ရပ်ကွက်တွေကို ဗုံးလာကြဲတာရှိတယ်။ နောက် လက်နက်ကြီးတွေ ကျတာရှိတယ်ခင်ဗျ။လေယာဉ်နဲ့လာကြဲတဲ့ တနေ့ကဆိုရင် ကျောင်းဆရာမတဦး သေသွားတာရှိတယ်။ လေကြောင်းကနေ မနက်မဟုတ်ရင်ညနေ၊ ညနေမဟုတ်ရင် မနက် နေ့တိုင်း လာကြဲနေပါတယ်။”
လက်ရှိမှာတော့ အမ်းမြို့ပေါ်မှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ပိတ်မိနေဆဲဖြစ်ပြီး စားဝတ်နေရေးခက်ခဲ နေကြသလိုလေကြောင်းအန္တရာယ်တွေကိုလည်း စိုးရိမ်နေကြတယ်လို့ သူက အခုလိုဆက်ပြောပါတယ်။
"ရှိနေတဲ့သူတွေရဲ့ အခက်အခဲကတော့ စားနပ်ရိက္ခာပေါ့။ အခုက ဆန်ကလည်း ဝယ်လို့လည်းမရတော့ ဘူးဆိုတော့လေ။စားနပ်ရိက္ခာနဲ့ပတ်သက်ပြီး တော်တော်ခက်ခဲနေရတယ်။ နောက် အသက်အန္တရာယ်နဲ့ ပတ်သက်ပြီးလည်း တော်တော်စိုးရိမ်နေရတယ်။"
ရခိုင်ပြည်နယ်မှာ တိုက်ပွဲကာလတနှစ်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာတွေနဲ့ စစ်ကောင်စီလေကြောင်းက ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁,၅ဝဝ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ ရခိုင်အခြေစိုက်Development Media Group(DMG) သတင်းဌာနကကောက်ယူထားတဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။ ဒီစာရင်းဟာDMG က လက်လှမ်းမှီသလောက်ကောက်ယူထားတဲ့ စာရင်း သာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့လည်းဖော်ပြထားပါတယ်။
လက်ရှိမှာလည်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် အရပ်သား သေဆုံးမှုတိုးလာနေသလို ဒေသခံ (၇) သိန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရဆဲဖြစ်တယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်အတွင်းက အမ်း၊ တောင်ကုတ်၊ ဂွနဲ့ မောင်တော စတဲ့ မြို့နယ် (၄) မြို့နယ်ရဲ့ ၉ဝ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီးဖြစ်သလို အမ်းမြို့နယ်မှာ စစ်ကောင်စီ တပ်စခန်း ၈ ခုကို သိမ်းပိုက်ထားနိုင်တဲ့အပြင် ကျန်တဲ့တပ်စခန်းတွေကို ဆက်ပြီး ထိုးစစ်ဆင်နေတယ်လို့ ရခိုင်မှာ တကျော့ပြန်စစ်ပွဲတွေ စတင်ခဲ့တဲ့ နိုဝင်ဘာ၁၃ ရက် တနှစ်ပြည့်တဲ့နေ့မှာ AA က သတင်းထုတ်ပြန်ထားပါတယ်။
Forum