သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြရခိုင်ကျောင်းသားသုံးဦးကို ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲဆို


ရခိုင်ပြည်မြို့တော်ခန်းမရှေ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ သုံး ဦး။ (စက်တင်ဘာ ၀၉၊ ၂၀၂၀)
ရခိုင်ပြည်မြို့တော်ခန်းမရှေ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ သုံး ဦး။ (စက်တင်ဘာ ၀၉၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ဖို့နဲ့ အင်တာနက် ကန့်သတ်ချက်တွေကို အဆုံးသတ်ဖို့ စစ်တွေမြို့မှာ တောင်းဆို လှုပ်ရှားခဲ့ကြတဲ့ လူငယ် ၃ ဦးကို ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နဲ့ ဒီကနေ့ပဲ တရားစွဲလိုက်တဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က ပြောပြပါမယ်။

ရခိုင်ပြည်မြို့တော်ခန်းမရှေ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ သုံး ဦး။ (စက်တင်ဘာ ၀၉၊ ၂၀၂၀)
ရခိုင်ပြည်မြို့တော်ခန်းမရှေ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ သုံး ဦး။ (စက်တင်ဘာ ၀၉၊ ၂၀၂၀)

ရခိုင်ပြည်နယ် စစ်တွေမြို့တော်ခန်းမရှေ့မှာ ဒီလ စက်တင်ဘာ ၉ ရက်နေ့က တောင်းဆို ဆန္ဒပြခဲ့ကြတဲ့အတွက် ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ကို ကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်နဲ့ ကိုတူးတူးအောင်တို့ ၃ ဦးကို စစ်တွေမြို့နယ် တရားရုံးမှာ ဒီကနေ့ ရုံးထုတ် စစ်ဆေးခဲ့ပြီး ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ တရားစွဲတင်လိုက်တာပါ။ အမှုရင်ဆိုင်နေရတဲ့ လူငယ် ၃ ဦးကို တရားရုံးက အာမခံပေးခဲ့တဲ့အတွက် ဒီကနေ့ပဲ ပြန်လွတ်လာတယ်လို့လည်း အမှုမှာလိုက်ပါ အကျိုးဆောင်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်ကပြောပါတယ်။

“ဒီကနေ့ ကျောင်းသား ၃ ဦးကို ငြိမ်းစုစီနဲ့ တရားစွဲတင်ပါတယ်။ ငြိမ်းစုစီ ၁၉ နဲ့ တရားစွဲတင်ပါတယ်။ တရားစွဲ တင်တော့ ကျနော်တို့ ဒီကနေ့ အာမခံလျှောက်ပါတယ်။ အာမခံလျှောက်တော့ တရားရုံးက အာမခံ ပေးလိုက် ပါတယ်။ ငြိမ်စုစီက ပြစ်ဒဏ်က ၃ လအထိပဲရှိတာပေါ့ အာမခံပေးလို့ရတဲ့ ပုဒ်မပါ။ တရားရုံးကလည်း အာမခံ ပေးနိုင်တဲ့ အမှုမို့လို့ အာမခံပေးလိုက်တာပါ။ လူအာမခံတာပါ။ သူတို့ကို ရုံးချိန်းတဲ့ ရက်တွေမှာ ရုံးကို မှန်မှန် လာဖို့ရယ် တကယ်လို့ သူတို့ ထွက်ပြေးသွားလို့ရှိရင် အာမခံတဲ့ လူတွေက ၁၀ သိန်းစီ လျော်ရပါမယ်။”

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားချိန်မှာ ဆန္ဒပြလှုပ်ရှားခဲ့တဲ့ လူငယ် ၃ ဦးကိုတော့ အစောပိုင်းမှာ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ပါ အမှုဖွင့်ထားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပုဒ်မ ၁၉ တခုတည်းနဲ့သာ ပြောင်းလဲ အရေးယူခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ ကြုံနေရတဲ့ အကျပ်အတည်းတွေ အဆုံးသတ်ရေး မန္တလေး၊ မိတ္ထီလာ၊ မုံရွာ အစရှိတဲ့ မြို့တွေမှာလည်း ကျောင်းသားလူငယ်တွေ တောင်းဆိုလှုပ်ရှားခဲ့ကြပါတယ်။ လှုပ်ရှားမှုတွေမှာ အဓိက ဦးဆောင်ခဲ့ကြတဲ့ လူငယ်တွေကို အာဏာပိုင်တွေက ဖမ်းဆီးအရေးယူတာတွေ လုပ်လာတာကြောင့် တိမ်းရှောင်နေရသူတွေ ရှိတယ်လို့လည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ရဲ့ အထွေထွေအတွင်းရေးမှူး ကိုထူးခန့်သော်ကပြောပါတယ်။

“၁၃ ယောက်ကို အခုအမှုဖွင့်ခံထားရတယ်။ ဝရမ်းထုတ်ခံထားရတယ်။ ကျွန်တော်တို့ လက်ရှိရှောင်နေရတယ်။ နောက်ပြီးတော့ တောက်လျှောက် စတေကာ ကမ်ပိန်းလုပ်ခဲ့တဲ့ ရဲဘော်တွေကမှ မုံရွာက ရဲဘော် ၂ ယောက်နဲ့ မိတ္ထီလာက ရဲဘော်တွေ ဖမ်းဆီးခံရတဲ့ ကိစ္စတွေရှိတယ်။ ဒါက စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုရဲ့ လှုပ်ရှားမှုရဲ့ အသွင် အမျိုးမျိုးမှာ လုပ်ဆောင်နေတဲ့ ကျောင်းသားတွေကို ဖိနှိပ်နေတဲ့ သဘောပါပဲ။ စစ်အာဏာရှင် အသွင် ဟောင်းကို ပြည်သူလူထုမြင်အောင် သူတို့ကိုယ်တိုင်ပဲ ထုတ်ပြနေတယ်။ မြွေဆိုတာ အရေခွံလဲရတာပဲ။ သူတို့ရဲ့ ပုံစံအမှန်ကို ပြနေတယ်လို့ပဲမြင်တယ်။ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို လိုက်လံဖိနှိပ်တဲ့ သဘောပါပဲ။ စစ်အုပ်စုအနေနဲ့ ငြိမ်းချမ်းရေး လိုလားတယ်ဆိုတဲ့ စကားကို ကျနော်တို့ အနေနဲ့ ဘယ်လိုမှ ယုံကြည်လို့ မရဘူး။”

ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံထားရတဲ့ ရခိုင်ပြည်နယ် ကျောင်းသား သမဂ္ဂအဖွဲ့ဝင် လူငယ် ၃ ဦး ကိုတော့ လာမယ့် အောက်တိုဘာလ ၆ ရက်နေ့မှာ ရုံးချိန်း ချိန်းဆိုထားပါတယ်။

စစ်ဘေးဒဏ်နဲ့ ကပ်ရောဂါဒဏ် ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ဖို့နဲ့ အင်တာနက် ဆက်သွယ်မှုတွေ အပြည့်အဝရအောင် ဆောင်ရွက်ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကလည်း တိုက်တွန်းနေတာပါ။ ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေဟာလည်း စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်ကြောင်းလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ သတိပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG