သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA နဲ့ ဆက်နွယ်မှုသံသယနဲ့ အဖမ်းခံနေရသူတွေ ခုထိ ပြန်မလွတ်သေး 


ရခိုင်လက်နက်ကိုင်အဖွဲ့ AA (ယခင်မှတ်တမ်းဓာတ်ပုံ)
ရခိုင်လက်နက်ကိုင်အဖွဲ့ AA (ယခင်မှတ်တမ်းဓာတ်ပုံ)

စစ်ကောင်စီနဲ့ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား နားလည်မှုနဲ့ အပစ်ရပ်ထားတာ ၃ လကျော် အထိရှိလာပါပြီ။ အဲဒီနားလည်မှုအရ AA နဲ့ ဆက်စပ် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရမယ်လို့ သဘောတူထားကြပေမယ့် ဖမ်းဆီးထားတဲ့ ရခိုင်ဒေသခံ ၂၀၀ ကျော်ကို စစ်ကောင်စီက အခုချိန်ထိ ပြန်လွှတ်မပေးသေးပါဘူး။ စစ်ကောင်စီနဲ့ AA အဖွဲ့ကြား အပစ်ရပ်ထားတယ်ဆိုပေမယ့် နိုင်ငံရေးအပေးအယူလုပ်တာတွေ မတွေ့ရဘူးလို့ ရခိုင်အရေးကျွမ်းကျင်သူတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကိုအခြေခံပြီး ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုတဲ့သံသယနဲ့ ရခိုင်ဒေသခံ ၂၀၀ ကျော်ကို စစ်ကောင်စီကဖမ်းဆီးထားပြီး အခုအချိန်ထိ အမိန့်မချသေးသလို ပြန်လွှတ်ပေးတာလည်း မရှိပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနစ် နိုဝင်ဘာလကုန်ပိုင်းလောက်က စစ်ကောင်စီနဲ့ AA အဖွဲ့ကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို နှုတ်ကတိနဲ့ သဘောတူခဲ့ကြတာပါ။ အဲဒီထဲမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးရမယ်လို့ပါဝင်ပေမယ့် အခုအချိန်ထိ စစ်ကောင်စီက ပြန်လွှတ်မပေးသေး ဘူးလို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ဒေသခံတွေကို သံသယနဲ့ အခုလိုနှစ်ရှည်ဖမ်းဆီးထားတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုမြောက်တယ်လို့ ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ဒါရိုက်တာဦးမြတ်ထွန်းက ပြောပါတယ်။

“ဖမ်းဆီးချုပ်နှောင်မှုနဲ့ ပြောရမယ်ဆိုရင်တော့ ဒါက ဥပဒေအရ ဖမ်းဆီးချုပ်နှောင်မှု မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဖမ်းတဲ့အခါကျတော့ သက်သေအထောက်အထားတွေ ဘာမှ တစုံတရာမရဘူး။ တခြားလူတယောက်ကပြောတာနဲ့ ဖမ်းလာတယ်။ သူတို့အနေနဲ့ တရားစွဲတင်တဲ့ဟာလည်း သက်သေအထောက်အထား ဘာတခုမှ မတွေ့တဲ့ဟာတွေ အများအပြားရှိတယ်။ အဲဒါကြောင့် ဥပဒေအရမဟုတ်တဲ့ ဖမ်းဆီးချုပ်နှောင်မှုလို့ ပြောချင်တယ်။ အဲဒါကြောင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် (၉) နဲ့ ငြိစွန်းနေတယ်လို့ ပြောချင်ပါတယ်။”

လက်ရှိ စစ်ကောင်စီနဲ့ AA အဖွဲ့ကြား နားလည်မှုနဲ့ အပစ်ရပ်ထားတယ်ဆိုပေမယ့် စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်တွင်း လုံခြုံရေးတင်းကြပ် စစ်ဆေးနေသေးသလို AA နဲ့ နိုင်ငံရေး အပေးအယူလုပ်တာတွေလည်း မတွေ့ရဘူးလို့ ရခိုင်နိုင်ငံရေးကျွမ်းကျင်သူ ကိုထွန်းကြည်က ပြောပါတယ်။

“ဒီတခေါက် ရခိုင်ပြည်နယ်မှာ လွှတ်ပေးလိုက်တဲ့ထဲမှာ မွတ်ဆလင်တွေ အများကြီးပါတယ်လို့ ပြောလို့ရတယ်။ မူးယစ်ဆေးအမှုတွေ အများစုပါတယ်။ ရခိုင်ပြည်နယ်မှာက အပစ်အခတ်ရပ်ထားတဲ့ဟာရှိတယ်၊ သီးသန့် သဘောတူညီချက် မရှိပေမယ့် နှစ်ဘက်သဘောတူ ရပ်ဆိုင်းထားကြတာ။ တချက်က AA နဲ့ ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးထားသူတွေကို အမှုရုပ်သိမ်းတာမရှိဘူး။ နောက်တခုက လွတ်ငြိမ်းချမ်းသာခွင့်တွေမှာလည်း အခုမှ မပါတာတော့ မဟုတ်ဘူး၊ ဟိုအရင်ကတည်းက လွတ်ငြိမ်းချမ်းသာခွင့်တွေမှာလည်း များများစားစား မတွေ့ရဘူး။ ဆိုတော့ AA နဲ့ စစ်ကောင်စီကြားမှာ အပစ်ရပ်ထားတယ်ဆိုပေမယ့် နိုင်ငံရေးအရ အပေးအယူဘာမှမရှိသေးဘူး။ တဘက်နဲ့တဘက် ယုံကြည်မှုအားနည်းနေသေးတယ်လို့ မြင်ပါတယ်။”

ရခိုင်လက်နက်ကိုင် AA အဖွဲ့အနေနဲ့ ဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်ရေး ကြိုးပမ်းနေပေမယ့် စစ်ကောင်စီဘက်က အပစ်ရပ်ထားတဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ခြင်းမရှိတာကြောင့် တိုက်ပွဲဘက်ကို ဦးတည်သွားနိုင်တယ်လို့လည်း ပြီးခဲ့တဲ့ မတ်လ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ပြောခွင့်ရက ပြောထားတာ ရှိပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်က မြို့နယ်တိုင်းလိုလိုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဒေသခံပြည်သူတွေရဲ့ ခရီးသွားလာမှုတွေကို စစ်ဆေးနေပါတယ်။ ဒါ့ပြင် ရခိုင်ပြည်တွင်း ကုန်စည် စီးဆင်းမှုတွေကိုလည်း စစ်ကောင်စီက ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။
#RakhinePolitic #AA #Ceassefire #SAC #ရခိုင်လက်နက်ကိုင်အဖွဲ့ #အေအေ #စကစ #နကစ #အပစ်ရပ် #အကျဥ်းသားလဲလှယ်ရေး #ဦးမြတ်ထွန်း
====================

XS
SM
MD
LG