သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီရွေးကောက်ပွဲ ဝင်ရေးမဝင်ရေး ANP အတွင်းသဘောထားကွဲ 


ရခိုင်အမျိုးသားပါတီ (ANP)
ရခိုင်အမျိုးသားပါတီ (ANP)

ရခိုင်ပြည်နယ်တွင်း အင်အားကြီးပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ(ANP)အတွင်းမှာ စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သဘောကွဲလွဲ အငြင်းပွားမှုတွေရှိနေပါတယ်။ ANP ပါတီ ရွေးကောက်ပွဲဝင်မယ်လို့ မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်တဦးက သတင်းဌာနတွေကိုပြောလိုက်ပေမယ့်၊ ဒါဟာ တစ်ဦးတည်းသဘောထားဖြစ်တယ်လို့ အခြားပါတီခေါင်းဆောင်တွေက တုန့်ပြန်ပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုသိန်းထိုက်ဦးက တင်ပြပါမယ်။

စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ရခိုင်အမျိုးသားပါတီတွေအကြား သဘောထားအမျိုးမျိုးရှိနေချိန်မှာပဲ၊ အဓိက ရခိုင်အင်အားကြီးပါတီဖြစ်တဲ့ ANP အတွင်း ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေကို ကြားလာရတာပါ။ ဒီနှစ်ထဲ စစ်ကောင်စီက ကျင်းပဖို့ကြိုးစားနေတဲ့ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်ရဲ့အင်အားကြီး ပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) အနေနဲ့ ဝင်ရောက်ယဉ်ပြိုင်မယ်လို့ ပါတီရဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် ဦးဘရှိန်က ဗွီအိုအေကို ပြောပါတယ်။

“ ANPအနေနဲ့ ရွေးကောက်ပွဲဝင်တယ်ဆိုတာ မူလေ၊ ရွေးကောက်ပွဲ ဝင်ဖို့ ပါတီထောင်ထား တာပဲ၊ ရွေးကောက်ပွဲဝင်ဖို့ ပါတီ ဗဟိုကော်မတီကအစည်းအဝေးလုပ်လို့ CECက အစည်း အဝေးလုပ်လို့ ဆုံဖြတ်ချက်တွေ ချ ကြေငြာချက်တွေချပြီးတော့ ထုတ်ပြန်နေ တာမဟုတ်ဘူး၊ ပါတီဆိုတာ မူအားဖြင့် ရွေးကောက်ပွဲဝင်ကြမှာပဲ၊ ရွေးကောက်ပွဲဝင်မယ် လာမယ့်ရွေး ကောက် ပွဲမှာလဲ ကျနော်တို့ ရွေးကောက်ပွဲဝင်ကြမှာဆိုတော့ဘယ်နေ့ ဘယ်သူ ဝင်မလဲဆိုတာ ယေဘုယစကားပါအဲတာ၊ ကျနော်က ရွေးကောက်ပွဲမဝင်ပါဘူး၊ ပါတီဝင်ဆို ပေမယ့် ရွေးကောက်ပွဲ တကယ်ဝင်မယ့်သူတွေပေါ်လာကြမှာပေါ့။”

ANP ပါတီဥက္ကဌ ဦးသာထွန်းလှကတော့ ANP အနေနဲ့ စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲဝင်မဝင်ဆိုတာကို အခုအချိန်အထိ ဆုံးဖြတ်ချက်မချရသေးဘူးလို့ VOA ကို တုန့်ပြန်ပါတယ်။

“ကျနော်တို့ပါတီမှာက ပါတီမူဝါဒရေးရာအစည်းအဝေးကော ဗဟိုအလုပ်မှုဆောင် ကော်မတီ အစည်းအဝေးကော ပါတီ ဗဟိုကော်မတီအစည်းအဝေးရောပြုလုပ်ပြီး ရွေးကောက်ပွဲနဲ့ပတ် သတ်ပြီး တစုံတရာ ဆုံးဖြတ်ချက် ချထားတာ မရှိသေးပါဘူး၊ အဲတာကြောင့် ဦးဘရှိန် ပြော တယ်ဆိုတာကလဲ သူ့ရဲ့ တစ်ဦးတည်းအမြင်ကို ပြောဆိုတာဖြစ်ပါ လိမ့်မယ်၊ ဦးဘရှိန်ပြောတာက ပါတီကို ကိုယ်စားပြုပြီးပြောဆိုတာမဟုတ်ဘူးဆိုတာ ပြောချင်ပါတယ်။”

ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်တချို့ဟာ စစ်ကောင်စီခေါ်ဆောင်တဲ့ အစည်းအဝေးတက်ရောက်လေ့ရှိသလို စစ်ကောင်စီနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ ပါတီရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်အေးနုစိန်ဟာလဲ စစ်ကောင်စီအဖွဲ့ဝင် အဖြစ် ပူးပေါင်းလုပ်ဆောင်နေတာပါ။ ဒီအပေါ်မှာပါတီတွင်း ကွဲလွဲတဲ့သဘောထားတွေရှိကြပါတယ်။

လက်ရှိရခိုင်အမျိုးသားပါတီအတွင်းမှာ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ ဝင်ရေးမဝင် ရေးနဲ့ ပတ်သတ်ပြီး အငြင်းပွားမှုတွေရှိနေတာကြောင့် ပါတီအနေနဲ့ ဆုံးဖြတ်ချက်တစုံတရာ ထုတ်ပြန်ပေးသင့်တယ်လို့ ANP ခေါင်းဆောင်ဟောင်း၊ ရခိုင်အရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက သူ့အမြင် ကိုပြောပါတယ်။

“ပါတီအနေနဲ့ ထုတ်ပြန်ချက်မထုတ်ပဲ တယောက် တပေါက်စီ ပြောနေကြတာကတော့ သိပ်သဘာဝမကျပါဘူး၊ ပထမတခေါက် ရွေးကောက်ပွဲ ကော်မရှင်နဲ့ သွားတွေ့တဲ့ထဲမှာလဲ ANPပါတယ်၊ ဒါ့ကြောင့် ဒီအချိန်မှာ ရွေးကောက်ပွဲ ဝင်မယ် မဝင်ဘူးဆိုတာ ပြောသင့်တဲံ အချိန်ရောက်နေပြီလို့ထင်တယ်၊ ဒါပေမယ့် သူတို့မှာတော့ ပြင်ဆင်မှုလုပ်ငန်းတွေ လုပ်ရမှာပေါ့၊ သူတို့ မီးစင်ကြည့်ကပြီးတော့ ဝင်မယ်မဝင်ဘူးဆိုတာ ဆုံးဖြတ်မယ့် သဘောရှိတယ်၊ ဒါကြောင့် ဒီလိုအငြင်းပွားမှုတွေ ဖြစ်နေတာလို့ ကျနော်မြင်တယ်။”

ရခိုင်ပြည်သူတွေဟာ ပါတီနိုင်ငံရေးတွေကို စိတ်ဝင်စားမှုအားနည်းပြီး၊ လက်နက်ကိုင်တော်လှန်ရေးကသာ ဒေသခံပြည်သူတွေရဲ့ အကျိုစီးပွားကို ယူဆောင်ပေးနိုင်မယ်လို့ ရခိုင်ဒေသခံတွေကပြောပါတယ်။ AA ရခိုင်လက်နက်ကိုင်အဖွဲ့ ပေါ်ပေါက်လာပြီးတဲ့နောက်ပိုင်း၊ ရခိုင်လူထုအကြား AA ကို ထောက်ခံမှုပိုများလာပါတယ်။ လတ်တလောမှာတော့ AA နဲ့ မြန်မာစစ်ကောင်စီအကြားမှာ နှုတ်အားဖြင့်အပစ်အခတ်ရပ်စဲရေးယူထားကြပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့အနေနဲ့ စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး တစုံတရာပြောဆိုတာမရှိသေးပေမယ့် ခေတ်အဆက်ဆက် ကျင်းပခဲ့တဲ့ ရွေးကောက်တွေဟာ ရခိုင်ဒေသအတွက် အကျိုးတစုံတရာမရှိဘူးလို့ ပြောဆိုထားတာရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG