သုံးရလွယ်ကူစေသည့် Link များ

ရှမ်းအမျိုးသားနေ့ကျင်းပချိန် ရှမ်းနဲ့ TNLA တိုက်ပွဲဖြစ်


SSA-RCSS ရှေ့တန်းတပ်ဖွဲ့
SSA-RCSS ရှေ့တန်းတပ်ဖွဲ့

(၇၁)နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနားတရပ်ကို အပစ်ရပ်ထားတဲ့ ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့ RCSS/SSA ဌာနချုပ်ရှိရာ လွိုင်တိုင်းလျန်းမှာ ဒီကနေ့ ကျင်းပခဲ့ချိန်မှာပဲ TNLA တပ်ဖွဲ့နဲ့ RCSS တပ်တွေကြား ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွား ခဲ့ပါတယ်။ ရှမ်း ပြည်နယ်မှာ တိုင်းရင်းသားအချင်းချင်း အခုလို တိုက်ခိုက်နေမယ့်အစား ဆွေးနွေးညှိနှိုင်း အဖြေရှာသင့်တယ်လို့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ နမ့်ဆန်မြို့နယ်ကြား တောဖယ်ကျေးရွာနဲ့ ကိုက်တိုင်(ကြက်သေ)ကျေးရွာ တဝိုက်မှာ ဖေဖေါ်ဝါရီ ၇ ရက် မနက်အစောပိုင်းက TNLA တအန်းပလောင်တပ်တွေနဲ့ RCSS/SSA ရှမ်းပြည်တောင်ပိုင်း တပ်တွေကြား တိုက်ပွဲဖြစ်ခဲ့တယ်လို့ TNLA ဘက်က ပြောပါတယ်။

အဲဒီဒေသဟာ TNLA ရဲ့ တပ်မဟာ ၂ နယ်မြေဖြစ်ပြီး RCSS/SSA တပ်တွေက TNLA နယ်မြေကို ဝင်ရောက်သိမ်းပိုက်လိုတာကြောင့် အခုလို နှစ်ဖက် ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ခဲ့ရတာလို့ TNLA တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး တာအိုက်ကျော်က ပြောပါတယ်။

“RCSS နဲ့ တိုက်ပွဲဖြစ်တာကတော့ ပြီးခဲ့တဲ့လ ၂၈-၂၉ အဲဒီဝန်းကျင်မှာ ၃ ရက်ဆိုက်တိုက်လောက်တိုက်ပွဲဖြစ်တယ်။ အဓိကဖြစ်တဲ့အကြောင်းအရင်းကတော့ RCSSက နဂိုကတည်းက ထိုးစစ်တက်လာတယ်၊ ထိုးစစ်တက်လာတော့ အဲဒီအချိန်မှာ တိုက်ပွဲဖြစ်တော့ ပြန်ဆုတ်သွားတယ်။ ပြန်ဆုတ်သွားပြီးမှ ဒီနေ့မှ တကြိမ် ပြန်တက်လာတော့ ၂ ဖက်ရင်ဆိုက်တိုက်ပွဲ ဖြစ်တယ်။”

RCSS/SSA တပ်ဖွဲ့ဟာ ၂၀၁၅ ခုနှစ်တုန်းက မြန်မာအစိုးရနဲ့ NCA စာချုပ် လက်မှတ်ထိုးကြတဲ့ (၈)ဖွဲ့ထဲမှာပါတဲ့ အပစ်ရပ်အဖွဲ့ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်က အားပေးအားမြှောက် လုပ်ထားတာတွေကြောင့် TNLA ပိုင်နက်ထဲအထိ RCSS/SSA တပ်တွေ ကျူးကျော်တိုက်ခိုက် လာတာလို့ သုံးသပ်ကြောင်း ဗိုလ်မှူး တာအိုက်ကျော်က ပြောပါတယ်။

“နဂိုကတည်းက RCSS က ကျနော်တို့ မြောက်ပိုင်းမှာ လှုပ်ရှားမှုမရှိဘူး။ ၂၀၁၅ NCA ထိုးပြီးနောက်ပိုင်းမှာ ကျနော်တို့ ဒေသကို ရောက်လာတဲ့ တပ်ဖွဲ့ဖြစ်တယ်။ တိုက်ပွဲမဖြစ်အောင် ကျနော်တို့ မေတ္တာရပ်ခံတယ်။ ကျနော်တို့ တားဆီးတယ် လမ်းမှ တောက်လျောက်တက်လာတယ်၊ တက်လာပြီးမှ နောက်ဆုံးတက်လာတဲ့ လမ်းကြောင်းကပဲ နမ္မတူဘက်က တက်လာပြီးမှ နောက်ဆုံး နမ့်ခမ်းမြို့နယ် မန်ဝီးနားရောက်တဲ့အချိန်ကျတော့ ကျနော်တို့ ၂ ဖက်ထိတွေ့ တိုက်ပွဲဖြစ်လာတာဖြစ်တယ်။ သူတို့ဘက်က နယ်မြေ လာကျူးကျော်တာပေါ့။ ကျနော်မြင်တာကတော့ မြန်မာ့တပ်မတော်နဲ့ သူတို့ နားလည်မှုယူပြီးတော့ နယ်မြေလုတဲ့ ပုံစံနဲ့ တက်လာတဲ့ သဘောရှိတယ်။ တဖက်ကလည်း မြန်မာ့တပ်မတော်ဘက်က ပြန်ကြည့်ရင်တော့ တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်ပြီးမှ အင်အားလျော့လာစေတဲ့ နည်းလမ်း ကျင့်သုံးတယ်လို့ မြင်တယ်။”

ဒီကနေ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းဖို့ RCSS/SSA ဘက်က ပြောခွင့်ရသူတွေကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် အဆက်သွယ် မရခဲ့ပါဘူး။ TNLA တပ်နဲ့ RCSS/SSA တပ်တွေ အခုတိုက်ပွဲဖြစ်တဲ့ နေရာမှာပဲ ဇန်နဝါရီ ၂၀ ရက်နေ့တုန်းကလည်း နှစ်ဖက် တပ်တွေ တိုက်ပွဲဖြစ်ခဲ့တာပါ။

RCSS/SSA ဌာနချုပ်ရှိရာ လွိုင်တိုင်းလျန်းမှာ ဒီကနေ့ ကျင်းပခဲ့တဲ့ (၇၁)နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနားမှာ RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရွက်ဆစ်ကNLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ထင်သလောက် ခရီးမပေါက်သေးလို့ ပြောဆိုကြောင်း ပြည်တွင်း သတင်းတွေမှာ ဖေါ်ပြပါတယ်။

ရှမ်းပြည်နယ်ထဲမှာ ဒေသခံ တိုင်းရင်းသားအချင်းချင်း အခုလို တိုက်ခိုက်နေကြမယ့်အစား ဆွေးနွေးညှိနှိုင်း အဖြေရှာသင့်တယ်လို့ SNLD ပါတီ ဗဟိုကော်မတီဝင် စိုင်းကျော်ညွန့်က ပြောပါတယ်။

“ကျနော်တို့က တသက်လုံး တိုက်ကြမှာလည်းဗျာ ပြီးတော့ အခု ရှမ်းနဲ့ ပလောင်က တိုက်ပွဲဖြစ်တယ်ဆိုတာကလည်း အခုနှစ်ပိုင်းမှ ဖြစ်ကြတာဗျာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ဆယ်ချီ၊ ရာချီပြီးတော့ အတူနေလာခဲ့ကြပြီးပြီခင်ဗျ။ အဲဒီ ပယောဂ ဒီဟာတွေအများကြီးပေါ့ခင်ဗျ ။ ပြောရရင်တော့ အဖြေလည်းရှိမှာမဟုတ်ဘူး လောလောဆည်ပေါ့လေ အဲလို ဟိုဘက်ဒီဘက် တဖွဲ့နဲ့ တဖွဲ့ အတူသည်းခံပြီးတော့ အတူတကွ ဘယ်လို ယှဉ်တွဲနေထိုင်မယ် ဆိုတဲ့ အဖြေကို မရှာနိုင်သေးသရွေ့ကတော့ ဒီအတိုင်းအခုလို ဆက်ဖြစ်မှာပေါ့လေ။”

ရှမ်းအမျိုးသားနေ့ အခမ်းအနားကျင်းပတဲ့ ဒီကနေ့ တရက်ထဲမှာ ရှမ်းပြည်မြောက်ပိုင်း TNLA တပ်မဟာ (၁)နယ်မြေ၊ ကွတ်ခိုင်မြို့နယ် တာခိုင် ချောင်းအနီးမှာ ဒီကနေ့မနက် ၁၁ ခွဲလောက်မှာတကြိမ်နဲ့ နမ္မတူမြို့နယ် နားပိန်ကျေးရွာအနီးမှာလည်း မွန်းလွဲပိုင်းမှာ တကြိမ် TNLA တပ်ရင်း ၁၀၁ နဲ့ အစိုးရတပ်မ ၇၇ လက်အောက်ခံ ခမရ ၃၂၄ တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ TNLA တပ်က သတင်းထုတ်ပြန် ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG