သုံးရလွယ်ကူစေသည့် Link များ

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ရွေ့ဆိုင်း


ကျောက်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးတွင်း လူထုတွေ့ဆုံပွဲကို တပ်ဘက်က လာရောက်ဟန့်တားစဉ် ( ဒီဇင်ဘာ ၂၄-၂၀၁၇)(ဓါတ်ပုံ-SNLD- J Leo Fari FB )

ရှမ်းတိုင်းရင်းသားတွေအတွက် အမျိုးသားအဆင့်နိုင်ငံရေး အကြိုဆွေးနွေးပွဲတွေ လူထုတွေ့ဆုံပွဲတွေ ကျင်းပခွင့်မရတာကြောင့် လာမယ့် ၁၂ရက်နေ့မှာ လင်းခေးမှာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲရက်ကို ယာယီရွေ့ဆိုင်းလိုက်ကြောင်း အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က သတင်းထုတ်ပြန်ပါတယ်။ အကြိုဆွေးနွေးပွဲတွေကျင်းပနိုင်ဖို့အရေးကို ဆက်လက်ညှိနှိုင်းသွားမယ်လို့လည်း အဖွဲ့ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းတိုင်းရင်းသားတွေအတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့အတွက် အစိုးရ၊ တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းအကြားမှာ အကြိမ်ပေါင်းများစွာ ဆွေးနွေးပြီးတဲ့နောက်မှာ ဒီလ ၁၂ရက်နေ့ ၁၄ရက်နေ့အထိ လင်းခေးမြို့မှာ ကျင်းပဖို့ မူလက ပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီရက်တွေမှာ မလုပ်ဖြစ်တော့ဘဲ ရွှေ့ဆိုင်းလိုက်တယ်လို့ RCSS/SSA တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှုးကြီး စိုင်းဦးက ပြောပါတယ်။

"ဟုတ်ကဲ့ပါ ကျနော်တို့ ရွှေ့ဆိုင်းတယ်ဆိုတာက ကျနော်တို့ လူထုတွေ့ဆုံဆွေးနွေးပွဲပေါ့နော်၊ ကျနော်တို့ တောင်ကြီးမှာ လုပ်ဖို့ ကျနော်တို့ ၇ ရက်နေ့၊ ၈ ရက်နေ့လုပ်ဖို့ ကြေညာထားပေမယ့်လည်း ကျနော်တို့ မလုပ်နိုင်လို့ပေါ့နော်။ နောက်ပြီး တချက်ကတော့ ကျနော်တို့ လူထုတွေ့ဆုံဆွေးနွေးပွဲတွေကိုလည်း ပိတ်ပင်ဟန့်တားခံရလို့ပေါ့နော်။"

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပမီမှာ အကြိုအဖြစ် မြို့နယ် ၁၄ ခုမှာ ကျင်းပဖို့ သဘောတူညီခဲ့ပေမဲ့ မြို့နယ်အများစုမှာ တပ်မတော်က ဟန့်တားပိတ်ပင်ခဲ့သလို ပင်လုံ၊ ကျောက်မဲ၊ ကာလိ၊ တာချီလိတ်တို့မှာ ဆိုးဆိုးဝါးဝါး တားဆီးခံခဲ့ရကြောင်း RCSSရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကြိုဆွေးနွေးပွဲတွေက ရရှိတဲ့ လူထုသဘောထားတွေကို ဒီလ ၇ရက်နေ့က ၉ရက်အထိ တောင်ကြီးမြို့မှာ နောက်ဆုံးအကြိုဆွေးနွေးပွဲကျင်းပပြီး အတည်ပြုစာတမ်းမူကြမ်းတစောင်ရေးဆွဲဖို့ ပြင်ဆင်ခဲ့ပေမဲ့ ထပ်မံပိတ်ပင်ခံခဲ့ရပါတယ်၊ ဒီလို အကြိုဆွေးနွေးပွဲတွေ ပိတ်ပင်ခံရတာကြောင့် လင်းခေးမှာ ကျင်းပမယ့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲရက်ကို ယာယီရွှေ့ဆိုင်းကြောင်း ဖြော်ပပါတယ်။

ဒီလို ပိတ်ပင်တာတွေနဲ့ပတ်သက်လို့ တပ်မတော်၊ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးပြီး အဆင်ပြေရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ပြန်လည်ကျင်းပမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

"ကျနော်တို့အခုက ယာယီဆိုင်းငံ့ထားတာပဲဖြစ်တယ်။ ကျနော်တို့ တွေ့ဆုံဆွေးနွေးလို့ အဆင်ပြေတဲ့အချိန်ကျရင် ကျနော်တို့ ပြန်ပြီးတော့ လုပ်မှာဖြစ်ပါတယ်။"

တပ်မတော်၊ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရာမှာ လူထုတွေ့ဆုံပွဲတွေ လွတ်လွတ်လပ်လပ်ကျင်းပနိုင်အောင်နဲ့ အကြိုဆွေးနွေးပွဲကို တောင်ကြီးမှာ ကျင်းပခွင့်ရအောင် ဆွေးနွေးမှာဖြစ်ကြောင်း ပြောပါတယ်။ တောင်ကြီးမြို့မှာ အကြိုဆွေးနွေးပွဲကျင်းပခွင့် ရရှိရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံကို စာရေးသားပေးပို့ထားပေမဲ့ အကြောင်းပြန်ကြားချက်မရရှိသေးကြောင်း၊ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်၊ တပ်မတော်ကိုယ်စားလှယ်တို့နဲ့လည်း ဆွေးနွေးထားပြီးဖြစ်ကြောင်းလည်း RCSS ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးတွေဖြစ်မြောက်ရေးနဲ့ပတ်သက်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က တွဲဘက်အထွေထွေအတွင်းရေးမှုး၂ ဖြစ်တဲ့ စိုင်းကျော်ညွှန့်က အခုလို သုံးသပ်ပါတယ်။

"ဟုတ်ကဲ့ ကျနော်တို့ရှမ်းများက အစကတည်းက တောင်ကြီးနဲ့ ပင်လုံမှာလုပ်ချင်တာပါ။ တပ်မတော်ပိုင်းကနေပြီးတော့ မိုင်းပန်တို့ မှာပြောတယ်ခင်ဗျ။ ကြားထဲကနေပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ လင်းခေးမှာ ကြားချလိုက်တယ် ။ အဲဒီတော့ လင်းခေးမှာ ဒီဟာလုပ်အောင် ကြားချပေးလိုက်တဲ့လင်းခေးမှာ အောင်မြင်စွာဖြစ်ပေါ်လာရေးအတွက် အစစအရာရာ ကူညီဖို့ တာဝန်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ဒေါ်အောင်ဆန်းစုကြည် သူကိုယ်တိုင် ဆုံးဖြတ်လိုက်တဲ့ ကိစ္စကို၊ ဒီအပေါ်မှာကတော့ ဒီနေရာလုပ်ပါဆိုတဲ့ ကိစ္စကို ပြောလိုက်တဲ့သူအပေါ်မှာ တာဝန်ရှိပါတယ်။ ဒီကိစ္စကို အောင်မြင်နိုင်ဖို့အတွက်က။"

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း လွယ်လင်နဲ့ မိုင်းပျဉ်းမြို့နယ်တွေအတွင်းမှာ အစိုးရတပ်မတော်နဲ့ RCSS-SSA တောင်ပိုင်းတပ်ဖွဲ့တွေအကြားမှာ တိုက်ပွဲဖြစ်ပွားတာတွေရှိသလို အစိုးရဖက်က တပ်အင်အားတွေ တိုးချလာကြောင်းလည်း ဒုဗိုလ်မှုးကြီး စိုင်းဦးက ပြောပါတယ်။

လောလောဆည်မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ တတိယအစည်းအဝေးကို ဒီလအကုန်ပိုင်းလောက်မှာ ကျင်းပဖို့ ရှိနေပြီး RCSS အနေနဲ့ တက်ရောက်မယ် မတက်ရောက်ဖူးဆိုတာ ဆုံးဖြတ်ထားတာတော့ မရှိသေးပါဘူး။

လာမယ့် ကြာသပတေးနေ့မှာတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ဟာ အရေးပေါ်အစည်းအဝေးကျင်းပဖို့ ရှိနေပြီး ဒီအစည်းအဝေးမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ တတိယအစည်းအဝေးကို ရက်ရွှေ့ဆိုင်းဖို့ ဆွေးနွေးဖွယ်ရှိကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

XS
SM
MD
LG