သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်စခန်းတချို့ တိုက်ခိုက်ခံရကြောင်း RCSS/SSA ပြောဆို


SSA-RCSS
SSA-RCSS

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းရဲ့ ထိုင်းမြန်မာနယ်စပ်အခြေစိုက်တပ်စခန်းနဲ့ ဌာနချုပ်ဘက်ကို ဒီလ ၁၃ရက်နေ့ ညနေပိုင်းက လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ပြီး ရှမ်းတပ်ဖွဲ့ကတော့ တပ်မတော်က ပစ်ခတ်တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။ ဒီအပေါ် တပ်မတော်ဘက်က ဘယ်လိုတုံ့ပြန်ထားပါလဲ။ ရှမ်းပြည်နယ်ဘက် နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ဒီလ ၁၃ရက်နေ့ မွန်းလွဲပိုင်းမှာ အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနနဲ့ အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ RCSS/SSA တောင်ပိုင်း အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေ ငြိမ်းချမ်းရေးအတွက် နေပြည်တော်မှာ ဆွေးနွေးခဲ့တဲ့နောက်မှာ ရှမ်းတပ်ဖွဲ့ရဲ တပ်စခန်းတွေ ပစ်ခတ်တဲ့သတင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒီလို ပစ်ခတ်ခံရတဲ့သတင်းကို တောင်ကြီးမြို့က RCSS/SSA တောင်ပိုင်း ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှုးကြီးစိုင်းဦးက အခုလို ပြောပါတယ်။

“ မနေ့က ညနေပိုင်းက ပစ်တယ်လို့ သိရတယ်ဗျ။ လွယ်လမ်လေ။ ကျနော်တို့ နယ်စပ်တပ်စခန်းတစ်ခုပေါ့။ နောက်ပြီးတော့ ကျနော်တို့ ဌာနချုပ်ကိုလည်း တစ်လုံး၊ နှစ်လုံးလောက် ပစ်တယ်လို့ ပြောတယ်ဗျ။ လွယ်လမ်က ၄- ၅လုံးလောက်ပစ်တယ်ဗျ။”

ဗိုလ်မှုးကြီးစိုင်းဦးက အခြေအနေအသေးစိတ်ကို ပြောဆိုတာမရှိဘဲ ဌာနချုပ်က ပြောခွင့်ရသူတွေကို မေးမြန်းဖို့ ပြောပါတယ်။ ဌာနချုပ်က ပြောခွင့်ရသူတွေကို ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့ မရပါဘူး။

RCSS/SSA တောင်ပိုင်းရဲ့ Tai Freedom အင်တာနက်စာမျက်နှာမှာတော့ ၁၃ရက်နေ့ မွန်းလွဲ ၂နာရီလောက် လွိုင်တန်းလျန်းဌာနချုပ်အနီးက လုံခြုံရေးတပ်စခန်းကို မိုင်းပန်အခြေစိုက် တပ်မတော် တပ်ရင်းက လက်နက်ကြီးနဲ့ ၃ကြိမ်ပစ်ခတ်ခဲ့ကြောင်း၊ ညနေ ၆နာရီမှာ မိုင်းတုံမြို့နယ်က လွယ်လမ်တပ်စခန်းကို တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးကော်မတီက ဖေဖော်ဝါရီလ ၁၂ရက်နေ့က တပ်ရင်းမှုး၂ဦး စီးနင်းလာတဲ့ကားကို RCSS/SSA အဖွဲ့ အင်အား၅၀လောက်က တားဆီးပြီး ယာဉ်ပေါ်ပါတဲ့ အသုံးအဆောင်တွေ ကို သိမ်းယူသွားခဲ့ကြောင်း၊ ဒီပစ္စည်းတွေကို ပြန်လည်မပေးအပ်ရင် ပြင်းပြင်းထန်ထန်အရေးယူသွားမှာ ဖြစ်ကြောင်း ၁၃ရက်နေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော် ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓါတ်စစ်ဆင်ရေး ညွှန်ကြားရေးမှုးရုံး ဒုညွှန်မှုး ဗိုလ်မှုးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်ဘက်က ရှမ်းတပ်စခန်းတွေကို ပစ်တာတာမရှိကြောင်း ပြောပါတယ်။

“ ကျနော်တို့ ၆နာရီမှာ သတင်းထုတ်လိုက်တယ်။ သတင်းထုတ်လိုက်ပြီးတော့ သတိပေးလိုက်တယ်။ သတိပေးလိုက်တဲ့အခါကျ ည ၇နာရီခွဲမှာတော့ ပစ္စည်းတွေ အကုန်ပြန်ရပြီ။ အဲဒီဘက်မှာတော့ ကျနော်တို့က တောင်ပေါ်ပစ်အမြှောက်တွေ ပုံမှန်လေ့ကျင့်တဲ့ဟာတော့ ရှိတယ်။ ပုံမှန်လေ့ကျင့်တာ။ သူတို့ စခန်းတွေ မပစ်ပါဘူး။ ကျနော်ထင်တာ အသံကြားတာပဲ ဖြစ်ပါလိမ့်မယ်။ အသံကြားတယ်ဆိုတာ သူက လစဉ်လေ့ကျင့်တာတို့၊ အပတ်စဉ်လေ့ကျင့်တာတို့ရှိတယ်။ ကျည်ပါ ကျည်နဲ့ လေ့ကျင့်တာတွေ ရှိတယ်လေ။ ကျနော်ထင်တာကတော့ အသံကြားတာပဲ ဖြစ်နိုင်ပါတယ်။ အဲဒီမှာ ပုံမှန်လေ့ကျင့်တဲ့ဟာလေးတွေ ရှိတယ်။ အဲဒါကြောင့်မို့လေ။ ”

RCSS/SSA တောင်ပိုင်း ဌာနချုပ်က တပ်မှုးတစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒီနေ့မှာ ထပ်မံပစ်ခတ်တာမရှိကြောင်းနဲ့ ၁၃ရက်နေ့က ပစ်ခတ်တာနဲ့ပတ်သက်လို့လည်း နေပြည်တော်မှာ ရောက်ရှိနေတဲ့ သူတို့ ကိုယ်စားလှယ်က တပ်မတော်ဘက်က တာဝန်ရှိသူတွေနဲ့ဆွေးနွေးထားကြောင်း၊ တပ်မတော်ဘက်ကတော့ ဒီလို ပစ်ခတ်ဖို့ အမိန့်ပေးထားတာမရှိကြောင်း တုံပြန်တယ်လို့ ပြောပါတယ်။

အရာရှိတွေဆီက ပစ္စည်းသိမ်းယူတာနဲ့ပတ်သက်လို့ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ တပ်မတော်ဘက် RCSS/SSA ဟာ NCA အပစ်ရပ်စာချုပ်ကို ချိုးဖောက်တာတွေရှိလို့ အကြိမ်ကြိမ်သတိပေးခဲ့ရကြောင်း ဖော်ပြထားသလို သူတို့ တပ်စခန်းတွေ လက်နက်ကြီးနဲ့ပစ်ခတ်တယ်ဆိုတဲ့သတင်းမှာလည်း ရှမ်းတပ်ဖွဲ့က တပ်မတော်ဟာ NCA စာချုပ်ပါအချက်တွေအပြင် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ကြောင်း အပြန်အလှန် စွပ်စွဲတာတွေ ရှိနေပါတယ်။

RCSS/SSA တောင်ပိုင်းဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ထိပ်သီးဆွေးနွေးပွဲပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့ ယာယီရပ်ဆိုင်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

မကြာခင်ကာလမှာ အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ RCSS ကိုယ်စားလှယ်တွေဟာ အလွတ်သဘောတွေ့ဆုံပြီး နှစ်ဘက်အကြား မကျေလည်တဲ့အချက်တွေကို ဆွေးနွေးကြဖို့ ရှိနေပါတယ်။

RCSS/SSA တောင်ပိုင်းအဖွဲ့ဟာ အစိုးရနဲ့ ညှိနှိုင်းတာတွေ ရှိနေတဲ့ တစ်ချိန်တည်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ နမ္မတူမြို့နယ်တွေမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တို့နဲ့ ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG