သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွား


ရှမ်းပြည်နယ် သီပေါမြို့နယ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားတဲ့ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA မြောက်ပိုင်းနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်း အကြား တိုက်ပွဲမှာ တပ်မတော်က RCSS ဘက်က ကူညီခဲ့တယ်လို့ SSPPရဲ့ ဒုဥက္ကဌက ပြောဆိုပါတယ်။ ဒီပြောဆိုချက်ကို တပ်မတော်ဘက်က လုံး၀ ငြင်းဆိုပါတယ်။ တိုက်ပွဲဖြစ်ရာ အနီးကျေးရွာတွေက ဒေသခံရွာသား ၆၀၀ လောက် ကတော့ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အပစ်ရပ်စာချုပ် NCA ကို လက်မှတ် မရေးထိုးသေးတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ NCA ကို လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်း တပ်ဖွဲ့ ၂ဖွဲ့ဟာ သီပေါမြို့နယ် တွန်းကြိုင်းရွာအနီးမှာ ဒီလ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့တွေက ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

ဒီတိုက်ပွဲဟာ ကချင်နဲ့ ရှမ်းပြည်နယ်က စစ်တိုင်းကြီး ၅တိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းပြီး NCA လက်မှတ်ရေးမထိုးသေးအဖွဲ့တွေနဲ့ရော၊ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့ပါ ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ တပ်မတော်ဟာ ကြေညာထားချိန်မှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီးမေးမြန်းရာမှာ တပ်မတော်က RCSS/SSA တောင်ပိုင်း တပ်ဖွဲ့ဘက်ကနေ ပါဝင်ကူညီခဲ့တယ်လို့ SSPP/SSA မြောက်ပိုင်းရဲ့ ဒုတိယဥက္ကဌ ဗိုလ်ချုပ် စဝ်ခွန်ဆိုင်က အခုလို စွပ်စွဲ ပြောဆိုပါ တယ်။

“ ကျနော်တို့စခန်းတွေ ရှိတယ်။ အဲဒါကို ဝင်ပြီးတော့ လက်နက်ကြီးတွေနဲ့ ထုပြီးတော့မှ တစ်ဖွဲ့ပြီး တစ်ဖွဲ့ အဆက်မပြတ် တက်ထိုးတာမျိုး လုပ်ကြတယ်။ ဆိုတော့ ပြင်းပြင်းထန်ထန်ကို တိုက်ပွဲတွေက ဖြစ်သွားတယ်ဗျာ။ ၂၄၊ ၂၅ ရက်နေ့မှာ။ ဆိုတော့ ဒီကြားထဲမှာက တပ်မတော်ကလည်း နောင်ကော်ကြီးဆိုတာရှိတယ်။ နောင်ကော်ဆိုတာ အဲဒီကနေပြီးတော့ သူ့ တပ်ရင်းတွေ ရှိတယ်။ အဲဒီကနေပြီး ၁၂၀ တွေနဲ့ လှမ်းလှမ်းထုတယ်။ တစ်ဘက်ကလည်း ဆက်စပ်တဲ့သတင်းတွေပေါ့နော်။ အတွင်းပိုင်း ကျနော်တို့ လျှို့ဝှက်သတင်းတွေအရ သိရတာကတော့ ဗမာ့တပ်မတော်ပါ ပါနေတယ်။ ပတ်သက်နေတယ်ဆိုတဲ့ဟာတွေ ကြားရတော့ ကျနေ်ာတို့လည်း တော်တော် စိတ်မကောင်းပါဘူး။ ”

SSPP/SSA မြောက်ပိုင်းဟာ တပ်မတော်ရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုထားပြီး ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ရရှိရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အပါအဝင် တိုင်းရင်းသားအားလုံးနဲ့အတူ ကြိုးပမ်းသွားမယ်လို့လည်း ကြေညာချက် ထုတ်ပြန်ထားတာဖြစ်ပါတယ်။

တပ်မတော်ရဲ့ ပါဝင်ပတ်သက်မှုကို သေချာစိစစ်ပြီး ကန့်ကွက်သွားမယ်လို့လည်း ဗိုလ်ချုပ်စဝ်ခွန်ဆိုင်က ဆက်ပြောပါတယ်။

“ ကျနော်တို့ သင့်တော်တဲ့သတင်းအချက်အလက်တွေ ထပ်ပြီးတော့ ပိုမိုပြည့်စုံအောင် လုပ်နေတယ်။ လုပ်ပြီးရင် ကျနော်တို့ ပြောမှာပဲ၊ ကန့်ကွက်မှာပဲ။ ဒါပေမဲ့ တချို့ဟာတွေကို ခိုင်မာအောင် ပိုပြီးတော့ လုပ်နေတဲ့ အခြေအနေမှာ ရှိနေတယ်။ လက်တွေ့မြေပြင်ရတဲ့သတင်းတွေကတော့ အဲလို ဖြစ်နေတယ်။ ဒါပေမဲ့ ကျနော်တို့ ကောင်းကင်က သတင်းတွေ ရှိတယ်။ အဲဒါ အတွင်းပိုင်းမှာ ဘာတွေ လုပ်နေကြတယ်ဆိုတဲ့သတင်းပိုင်း ပိုက်ကွန်တွေကလည်း ရှိနေတယ်။ ဆိုတော့ ကျနော်တို့ အဖက်ဖက်က ပြန်ထောက်ထားပြီး လိုအပ်တဲ့ဟာတွေ ခိုင်မာတာနဲ့ ကျနော်တို့ ပြန်လည် ကန့်ကွက်ဖို့လည်း ရှိပါတယ်။”

ဒီစွပ်စွဲချက်အပေါ်မှာ တပ်မတော် ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓါတ်စစ်ဆင်ရေး ညွန်ကြားရေးမှုးရုံးက ဒုတိယညွန်ကြားရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြတ်ပြတ်သားသားငြင်းဆိုထားပါတယ်။

“ ကြံကြံဖန်ဖန်ဗျာ မရှိပါဘူး။ RCSS/SSA ကိုတောင်မှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် အဲဒီ ၃ နှစ်ပြည့် NCA နှစ်ပတ်လည်နေ့မှာ ထုတ်ဖော်ပြီးသတိပေးခဲ့တာပဲ။ RCSS/SSA နယ်မြေတွေကို ချဲ့ထွင်နေတယ် ဘာညာ ထုတ်ဖော်သေးတာ။ ထုတ်ဖော်သတိခဲ့လို့ သူတို့ကတောင်မှပဲတွေ့ဆုံမေးမြန်းခန်းတွေမှာ မီဒီယာနဲ့တွေ့ဆုံမေးမြန်းခန်းတွေ လုပ်ပြီးတော့မှ ကျနော်တို့ဆီကိုတောင် ကန့်ကွက်တယ်ဆို သူတို့ ပြောနေတာပဲ။ အဲဒီဘက်မှာက အချင်းချင်းတိုက်ပွဲဖြစ်နေတာ။ RCSS/SSA နဲ့ TNLA နဲ့ ဖြစ်တယ်။ RCSS/SSA နဲ့ SSPP နဲ့ ဖြစ်တယ်။ တပ်မတော်အနေနဲ့ကတော့ ဘယ်ဘက်မှ ရပ်တည်သွားစရာအကြောင်းမရှိဘူး။ ရပ်တည်သွားစရာ အကြောင်းမရှိဘူးဆိုတာ ဒါ တရားဥပဒေနဲ့ မညီတဲ့ လုပ်ငန်းတွေ လုပ်နေတာပဲ။ NCA စာချုပ်ကို ချိုးဖောက်နေတာပဲလေ။”

RCSS/SSA တောင်ပိုင်းဖက်ကို တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရှမ်းတပ်ဖွဲ့ ၂ ဖွဲ့ တိုက်ပွဲဖြစ်ပွားတာကြောင့် တိုက်ပွဲဖြစ်ပွားရာ ဒေသအနီးက ပြည်သူ ၆၀၀ လောက်ဟာ စစ်ဘေးလွတ်ရာကျေးရွာကို တိမ်းရှောင်နေကြရကြောင်း သီပေါမြို့က စစ်ရှောင်တွေကို ကူညီနေတဲ့ ကိုမျိုးက ပြောပါတယ်။

“ မနေ့ကတော့ ကျနော်တို့ သွားခေါ်ထုတ်တဲ့အခါမှာ ၆၀ကျော်လောက် ထွက်လာတယ်။ ကျန်တဲ့ဟာတွေကတော့ ဒီမနက်ကို ထွက်လာခဲ့ကြတယ်။ ဒီနေ့ထွက်လာတာလည်း များတယ်။ ၁၀၀ကျော်လောက်ထွက်လာတယ်ဆိုတော့ အားလုံးပေါင်းတော့ ဒီ နားမခေါ်မှာတော့ လူဦးရေ ၆၀၀ကျော်လောက် ရှိတယ်။ အကုန်လုံးနားမခေါ် ဘုန်းကြီးကျောင်းကို ရောက်လာပါပြီ။”

တိမ်းရှောင်လာသူတွေဟာ တွန်းကြိုင်းရွာနဲ့ ဟိုနားရွာတွေက ဖြစ်ပြီး ပရဟိတအဖွဲ့အစည်းအတွေက ထောက်ပံ့ကူညီထားကြောင်းနဲ့ ဒီကနေ့မှာတော့ တိုက်ပွဲတွေ ငြိမ်သက်နေကြောင်း ပြောပါတယ်။

ဒေသတွင်းမှာတော့ နှစ်ဘက်တပ်ဖွဲ့တွေဟာ အင်အားကြီးကြီးမားမားနဲ့ ရင်ဆိုင်တည်ရှိနေဆဲဖြစ်တာကြောင့် တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာနိုင်တဲ့ အခြေအနေရှိကြောင်း သုံးသပ်တာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG