သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်ခံရမှု နိုင်ငံတကာ ဝေဖန်တုံ့ပြန်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဇန်နဝါရီ ၁၇၊ ၂၀၂၀)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဇန်နဝါရီ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်တပ်ထိန်းချုပ်ထားတဲ့ တရားရုံးက စစ်ဆေးတာဟာ ဟန်ပြ စစ်ဆေးတာသာဖြစ်ပြီး စီရင်ချက် ချမှတ်လိုက်တာကလည်း နိုင်ငံရေးအရင်းခံ အကြောင်းကလွဲပြီး ဘာမှမဟုတ်ဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ Michelle Bachelet က ပြောကြားလိုက်ပါတယ်။

ဒီစီရင်ချက်က နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး တံခါးကို ပိတ်လိုက်တာဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းထားတာကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ပစ်ပယ် ငြင်းဆန်ကြလိမ့်မယ်လို့လည်း သူက ဟောကိန်းထုတ်လိုက်ပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမျိုးသမီး တန်းတူညီမျှရေး ဝန်ကြီးဌာန ဝန်ကြီး Liz Truss ကတော့ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ကို ဖိနှိပ်တဲ့ စစ်ကောင်စီရဲ့ ဆိုးဆိုးဝါးဝါး အားထုတ်မှုတွေထဲက နောက်ထပ်တခုသာ ဖြစ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီကိုယ်စားလှယ်ကို ဘယ်အစည်းအဝေးမှာမဆို ပိတ်ပင်ဖို့၊ ဒေသအတွင်း မြန်မာစစ်ခေါင်းဆောင်တွေ ခရီးသွားလာခွင့် မပေးဖို့နဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ဆက်ဆံလုပ်ကိုင်ဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့က အာဆီယံကို တောင်းဆိုလိုက်ပါတယ်။

တရုတ်ကတော့ ခုလို စီရင်ချက်ချတာအပေါ် သတ်သတ်မှတ်မှတ် ရှုတ်ချပြောဆိုတာ မရှိပါဘူး။ ဒီအစား ပါဝင်ပတ်သက်သူတွေဟာ တိုင်းပြည်ရဲ့ ရေရှည်အကျိုးစီးပွားကိုကြည့် ဆောင်ရွက်ကြဖို့၊ ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ဥပဒေ ဘောင်အတွင်းထဲမှာ ကွဲပြားခြားနားကြတာတွေကို ဖြေရှင်းကြဖို့၊ မြန်မာ့အခြေအနေနဲ့ ကိုက်ညီပြီး ခက်ခက်ခဲခဲ ယူထားရတဲ့ ဒီမိုကရေစီ အကူးအပြောင်းကို ဆက်လက် လုပ်ဆောင်သွားကြဖို့ပဲ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က ပြောသွားပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ ဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Ming Yu Hah ကတော့ တရားရုံးဆုံးဖြတ်ချက်ဟာ အကျင့်ပျက် ရယ်စရာ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ပြောပါတယ်။ အတိုက်အခံအားလုံးကို ရှင်းလင်းပစ်ပြီး လွတ်လပ်ခွင့်တွေကို ပိတ်ဆို့မယ့် စစ်တပ်ရဲ့ ပိုင်းဖြတ်ချက်ကို ပြသတယ်လို့ သူက ကောက်ယူပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကနေ ဖယ်ရှားရေးဟာ အာဏာသိမ်းတာကြောင့် ဖြစ်လာတဲ့ရလဒ် မဟုတ်ဘဲ အာဏာသိမ်းရတဲ့ အကြောင်းရင်းတခုလုံး ဖြစ်တယ်လို့ သမိုင်းပညာရှင် ဦးသန့်မြင့်ဦးကတော့ ထင်မြင်ပါတယ်။ ဒါပေမယ့် မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လူကြိုက်အများဆုံး ဖြစ်မြဲဖြစ်နေမှာ ဖြစ်ပြီး လာမယ့်ကာလတွေမှာ သြဇာကြီးမားလှတဲ့ အင်အားကြီးတရပ်အဖြစ် ဆက်လက် သြဇာညောင်းနေဦးမှာပဲလို့ သုံးသပ်သွားပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ် ပြုပြင်ပြောင်းလဲရေးသမား ဗိုလ်ချုပ်ကြီးဟောင်းတွေက နိုင်ငံရေးအရ ဖြေလျှော့လိုက်တာ သိပ်များလွန်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးစင်မြင့် တက်ခွင့်ပြုခဲ့တဲ့ အမှားကို လုပ်ခဲ့ကြတယ်လို့ လက်ရှိမျိုးဆက် ဗိုလ်ချုပ်ကြီး တော်တော်များများက ထင်မြင်ကြတယ်လို့လည်း ဦးသန့်မြင့်ဦးက ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)










XS
SM
MD
LG