သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဝန်ကြီး ၃ ဦး နုတ်ထွက်ခိုင်းမှု အပေါ် အမြင်တချို့


ဓါတ်ပုံ- ကချင်ပြည်နယ်အစိုးရ ရုံး
ဓါတ်ပုံ- ကချင်ပြည်နယ်အစိုးရ ရုံး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ညွန်ကြားချက်နဲ့ ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီး သုံးဦးကို တပြိုင်နက်တည်း နုတ်ထွက်စာ တင်ခိုင်းထားကြောင်း ကာယကံရှင် ဝန်ကြီးတွေက ပြည်တွင်းသတင်းဌာနတွေကို အသီးသီးအတည်ပြု ပြောကြားခဲ့ပါတယ်။

အခုလို ပြည်နယ်အစိုးရအဖွဲ့အတွင်း ဝန်ကြီးသုံးဦး တပြိုင်နက်တည်း နုတ်ထွက်ခိုင်းတဲ့ အခြေအနေအပေါ် သုံးသပ်ချက် အမြင်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ညွန်ကြားချက်နဲ့ နုတ်ထွက်စာတင်ခိုင်းကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဇန်နဝါရီလ (၁၈)ရက်နေ့မှာ အကြောင်းကြားခဲ့တဲ့ ဝန်ကြီးသုံးဦးကတော့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး ဦးမြသိန်း၊ သံယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်နဲ့ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် တို့ဖြစ်ပါတယ်။

ကာယံကံရှင် ဝန်ကြီး သုံးဦးကိုယ်တိုင်လည်း ပြည်တွင်းသတင်းဌာနတွေကို သူတို့နုတ်ထွက်စာတင်ခိုင်းတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နဲ့ ကိုယ်တိုင်တွေ့ဆုံခဲ့တဲ့ စိုက်ပျိူးရေးနဲ့ မွေးမြူရေး ဝန်ကြီးလည်းဖြစ်၊ NLD ပါတီရဲ့ ကချင်ပြည်နယ်ဆိုင်ရာ ဥက္ကဌ လည်းဖြစ်တဲ့ ဦးမြသိန်းကတော့ ပါတီလုပ်ငန်းအရရော၊ ပြည်နယ်အစိုးရလုပ်ငန်းမှာပါ တာဝန်ကျေပွန်အောင် ထမ်းဆောင်နေသူတဦးဖြစ်ရဲ့သားနဲ့ ဘာအကြောင်းပြချက်မှ မပေးပဲ ကျန်းမာရေး အကြောင်းပြပြီး နုတ်ထွက်စွာရေးပါလို့ ပြောလာတဲ့အတွက် သူ့အနေနဲ့ ပြောတဲ့အတိုင်း နုတ်ထွက်စာတင်ခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာတွေကို ဖြေဆိုခဲ့ပါတယ်။ ဒီအတွက်လည်း ပြည်နယ်ဝန်ကြီးချုပ်ရဲ့ လုပ်ရပ် မှန်ကန်မှုရှိမရှိ စုံစမ်းအရေးယူဖို့ သူ့အနေနဲ့ NLD ပါတီ ဌာနချုပ်ကို ဇန်နဝါရီလ ၁၉ ရက်နေ့က တိုင်ကြားခဲ့တယ်လို့ ဦးမြသိန်းက ဆိုပါတယ်။

အခုလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ညွန်ကြားချက်နဲ့ ပြည်နယ်ဝန်ကြီးတွေကို နုတ်ထွက်စာတင်ခိုင်းတဲ့ ကိစ္စရပ်မှာ အခြေခံဥပဒေဖွဲ့စည်းပုံအရလည်း လွဲှမှားနေတယ်လို့ သုံးသပ်မိကြောင်း မြန်မာ့ဥပဒေရေးရာကျွမ်းကျင်သူ အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ ဥပဒေအကျိုးဆောင် ဦးမင်းလွင်ဦးက ပြောပါတယ်။

"အဓိကတော့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ညွှန်ကြားချက်ကြောင့် ထွက်ခိုင်းတယ်ဆိုကတည်းကိုယ်က မှားနေပြီလေ။ နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်ကြောင့်ဆိုရင်တော့ ဒါတမျိုးဖြစ်တာပေါ့နော်။ နိုင်ငံတော်အတိုင်ပင်ခံကနေ ညွှန်ကြားလိုက်လို့ ဒါလုပ်တာပါဆိုကတည်းကိုက တခုခုမှားနေပြီလို့ ကျနော်တို့ ယူဆလို့ရတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က နိုင်ငံတော်ဝန်ထမ်းတွေဖြုတ်တဲ့ဟာမှာ သူ့အမိန့် နဲ့ လုပ်တယ်ဆိုတာကို ကျနော်တခါမှ မကြားဖူးဘူး။ နိုင်ငံတော်အစိုးရ ဦးစီးခေါင်းဆောင်က သမ္မတဖြစ်တယ်။ သမ္မတပဲ ခန့်ရင်ခန့်တယ် ဖြုတ်ရင်ဖြုတ်တယ်။ ပြည်နယ်ဝန်ကြီးချုပ်တွေက သူတို့ တာဝန်ယူထားတဲ့ ကိစ္စတွေ သူတို့ခန့်ထားတဲ့ ဝန်ကြီးတွေဖြစ်လို့ ဒီလိုမျိုး လက်လွှတ်စပယ်လုပ်တယ်ဆိုရင်တော့ ဒါ တော်တော်ကြီးကို ရုပ်ပျက်နိုင်တဲ့ အခြေအနေမျိုးဖြစ်တယ်လို့ ကျနော်ကတော့ ပြောချင်တယ်။"

နုတ်ထွက်စာတင်ဖို့ အကြောင်းကြားခြင်းခံရတဲ့ ဝန်ကြီးသုံးဦးအနေနဲ့မိမိတို့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ မျှမျှတတဖြစ်အောင် ပြန်လည်ထုချေပိုင်ခွင့်ရှိတယ်လို့ မြင်ကြောင်း ဦးမင်းလွင်ဦးက ဆိုပါတယ်။

"ဝန်ကြီး ၃ ပါးက အခုလောလောဆည် ပြည်နယ်ဝန်ကြီးချုပ်ရဲ့ နုတ်ထွက်ခိုင်းတာကြောင့်သာ နုတ်ထွက်လိုက်ရတဲ့ သဘောမျိုးဖြစ်နေတယ်လို့ ကျနော်တွေ့ရတယ်။ ဒါကြောင့် သူတို့အနေနဲ့ကလည်း ဒါကို မိမိလုပ်ဆောင်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီးတော့ စုံစမ်းပိုင်ခွင့်လည်းရှိတယ်။ ထုချေပိုင်ခွင့်လည်းရှိတယ်။ အခုအဲလိုမျိုး အခွင့်အရေးတွေ တခုမှ မပေးပဲနဲ့ ကျမ်းမာရေးကြောင့်နုတ်ထွက်လိုက်ပါ၊ ဟိုဟာဖြစ်လို့ နုတ်ထွက်လိုက်ပါဆိုတာကတော့ နည်းနည်းတော့ တဖက်သတ်ဆန်လွန်းတယ်လို့ ကျနော်မြင်တယ်။"

ပြည်နယ်အစိုးရအတွင်း ဝန်ကြီး သုံးဦးကို တပြိုင်နက်တည်း နုတ်ထွက်ခိုင်းတဲ့ကိစ္စမှာ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုအပေါ် မေးခွန်းထုတ်စရာဖြစ်လာနေတယ်လို့ အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gum Seng က ဗွီအိုအေကိုပြောပါတယ်။

"တယောက်ပဲ ဆိုရင်တော့ ဖြစ်နိုင်ခြေရှိတာပေါ့နော်။ ဒါပေမယ့် ၂ ယောက် ၃ ယောက်ဆိုရင်တော့ စဉ်းစားဖို့ ရှိသွားပြီ တာဝန်ခံ တာဝန်ယူမှုနဲ့ ပတ်သက်လာပြီပေါ့နော်။ ဝန်ကြီးချုပ်ကိုယ်တိုင်က မသိတာလား (သို့မဟုတ်) ဝန်ကြီးချုပ်ကိုယ်တိုင်ကို လစ်လျူရှု့တာလား (သို့မဟုတ်) ဝန်ကြီးချုပ်ကိုယ်တိုင်က ပါဝင်ပတ်သက်နေသလား အဲဒါတွေပြန်စစ်ဆေးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၃ ဦးဆိုတာကတော့ တော်တော်များပါတယ် ဒီ cabinet မှာ ။ နောက်တခုကတော့ ကျနော်တို့ရဲ့ ဖက်ဒရယ်မှုမပြည့်ဝတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြောင့်ဖြစ်တာပါ။ တကယ်လို့ ဖက်ဒရယ်မှန်တယ်ဆိုရင် ဒီနေရာတွေ အားလုံးက ပြည်နယ်ကနေ စိစစ်ပြီးတော့မှ သူ့ဟာသူ တာဝန်ရှိသူတွေကို ခန့်ပြီးမှ ရတဲ့နေရာတွေဖြစ်လာနိုင်တာပါ။ စစ်မှန်တဲ့ ဖက်ဒရယ်မှုတွေဆိုရင် တကယ့်ကို မှန်ကန်တဲ့ သူတွေပဲ အပေါ်ကို ရောက်လာတယ်။ အကုန်လုံး ပြည်သူလူထုကနေ တင်မြှောက်လာတဲ့ လူတွေဆိုရင် ဒီလိုဖြစ်စရာ အကြောင်းမရှိဘူးပေါ့။"

ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင်ဟာ ဖားကန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)ကနေ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သလို၊ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်ကတော့ အငြိမ်းစား ဆေးရုပ်အုပ်ကြီး တဦးဖြစ်ပါတယ်။ အခုလို ဝန်ကြီးသုံးဦး နုတ်ထွက်စာတင်ခိုင်းတဲ့ အကြောင်းအရင်းကိုတော့ ကချင်ပြည်နယ်ဝန်ကြီးချုုပ် ဒေါက်တာခက်အောင်ကနေ တစုံတရာ ပြောဆိုတာမျိုးမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG