သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီဖော်ဆောင်မှု အမေရိကန်ကူညီ


မြန်မာနိုင်ငံအပါအ၀င် နိုင်ငံအရပ်ရပ်က ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ နိုင်ငံတွေကို အမေရိကန်ပြည်ထောင်စုက ထောက်ခံကူညီနေတယ်လို့ သမ္မတအိုဘားမားရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံတွင်း အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ အားကောင်းမောင်းသန် ဖြစ်လာရေးနဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ မြင့်မားလာစေရေးအတွက် အမေရိကန်ပြည်ထောင်စုက ကူညီအားပေးမှုတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံရဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်း အဖွဲ့ဝင်တွေက တုံ့ပြန်ပြောခဲ့ကြပါတယ်။ ကိုသားညွန့်ဦးက စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီရေးကို ရှေ့ကာလတွေကတည်းက အဓိက အားပေး ထောက်ခံလာတဲ့အထဲ အမေရိကန်ပြည်ထောင်စုက ရှေ့တန်းက ဖြစ်တယ်လို့ ဒီမိုကရေစီရေး တတ်ကြွလှုပ်ရှားသူတွေက ပြောကြပါတယ်။ အခု အပြောင်းအလဲတွေ ရှိလာတော့လည်း ဒီမိုကရေစီစနစ်အတွက် အဓိကကျတဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ အားကောင်းခိုင်မာလာဖို့ အကူအညီတွေ ပေးနေတာတွေ ရှိတယ်လို့ ဆိုပါတယ်။

မြန်မာအမျိုးသမီးတွေ အရေးအတွက်ဆိုရင်လည်း စိတ်ဓာတ်ခွန်အားအရ ထောက်ခံအားပေးမှုတွေ လုပ်ခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုကပေးတဲ့ အမျိုးသမီးသတ္တိရှင် ဆုရှင် မဇင်မာအောင်က ပြောပါတယ်။

“ကာလရှည်ကြာပဲ ကျမတို့ ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက်ဆိုရင် အမေရိကန်ပြည်ထောင်စုက အမြဲတမ်း ထောက်ခံခဲ့တယ်။ ဒီအနိမ့်ဆုံးအဆင့် စိတ်ပိုင်းဆိုင်ရာအရ၊ နိုင်ငံရေးအရ ထောက်ခံမှုပေးခဲ့တဲ့ နိုင်ငံတခုလည်းဖြစ်တယ်ပေါ့။ အမျိုးသမီးအရေးတွေနဲ့ ပတ်သက်လို့ရှိရင်လည်း ရှေ့တန်းကနေပြီးတော့ကို ကျမတို့ကို စိတ်ပိုင်းဆိုင်ရာအရလည်း ထောက်ပံ့ပေးတယ်။ အထူးသဖြင့် အထောက်အပံ့ဆိုတာက အဲ့ဒါအရမ်းအရေးကြီးတယ်ဗျ။ Inspire ဖြစ်စေတယ်။ ကျမတို့က ကျမတို့ရဲ့ တိုင်းပြည်အတွက် ကျမတို့အမျိုးသမီးတွေအတွက် အလုပ်လုပ်နေသမျှ ကာလပတ်လုံး သူတို့က မဟာမိတ်အနေနဲ့ ရှိနေမယ်ဆိုတဲ့ မက်ဆေ့ခ်ျမျိုးတွေ ကျမတို့ ပထမဆုံး စရခဲ့တယ်။ အဲ့ဒါ ကောင်းတဲ့ကိစ္စပေါ့။ နောက်တခု Institution တွေ အားကောင်းလာဖို့ကိစ္စကို သူတို့က ကူညီဖို့ အဆင်သင့် ဖြစ်နေတယ်ဆိုတာမျိုးတွေပေါ့နော်။ နောက်တခု ဘာတွေထပ်တွေ့ရသလဲဆိုတော့ ပညာရေးပိုင်းနဲ့ပတ်သက်ရင် အမျိုးသမီးတွေ Scholar နဲ့ ပတ်သက်လို့ပေါ့နော် ဒီပရိုဂရမ် ပိုပြီးတော့ ရှိလာတယ် အမေရိကန်ပြည်ထောင်စုအနေနဲ့ ကျမတို့ဘက်ကသာ အခြေခံလိုအပ်ချက်တွေနဲ့ ပြည့်စုံနေမယ်ဆိုရင် ဒါဟာ နောက်ထပ် ဆက်တက်ဖို့ကို တက်လှမ်းနိုင်ဖို့မှာ သူတို့က အဲ့ဒီ ပရိုဂရမ်တွေနဲ့ Scholar အခွင့်အလန်းတွေနဲ့ သူတို့က အဆင်သင့်ရှိနေတယ်။ အဲ့ဒီပရိုဂရမ်ကိုလည်း ကျမတို့က တွေ့နေရတယ်။ ၀ဘ်ဆိုဒ်တွေမှာလေ။”

အခုလို အကူအညီတွေထဲမှာ မြန်မာနိုင်ငံတွင်း သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အစီအစဉ်တွေ ဆောင်ရွက်ပေးတာမျိုး ရှိတယ်လို့ စာနယ်ဇင်သမားတဦးဖြစ်တဲ့ အယ်ဒီတာ ဦးသီဟစော က ပြောပါတယ်။

“အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ ကူညီတာတွေတော့ အများကြီးရှိပါတယ်။ အထူးသဖြင့် ကျနော်တို့က မီဒီယာကဆိုတော့ မီဒီယာနဲ့ ပတ်သက်တာကတော့ မနှစ်ကဆိုရင်တော့ ဒီမီဒီယာဥပဒေအကြောင်းကို ရေးဆွဲနေတဲ့ စာနယ်ဇင်းကောင်စီက လူတွေနဲ့ ပြန်ကြားရေးကလူတွေ ဖိတ်ပြီးတော့ အမေရိကန်မှာ လေ့လာရေးလုပ်ဖို့ သူတို့ ခေါ်တာမျိုးတွေရှိတယ်။ နောက် သူတို့ဘက်က ကျွမ်းကျင်သူတွေ လာပြီးတော့ ဒီမှာ ဆွေးနွေးပြောဆိုပါတယ်။”

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် စံနှုန်း သတ်မှတ်တောင်းဆိုမှုထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ဆိုတာ ပါဝင်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေအတွက် ကူညီထောက်ပံ့မှုတွေကိုလည်း လုပ်ခဲ့တယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို တကယ်လုပ်ရမှာကတော့ ကျနော်တို့ မြန်မာနိုင်ငံသားတွေပါ။ သူတို့ရဲ့ အကူအညီကတော့ ကျနော်တို့ အပြောင်းအလဲကို ကိုယ်တိုင်လုပ်ဖို့အတွက် အထောက်အကူ ဖြစ်စေတဲ့အရာတွေပါ။ ငွေးကြေးအပြင်ရော နည်းပညာရော ဒါအစိုးရကိုယ်တိုင်က မဟုတ်ပါဘူး။ ဟိုမှာ John Hopkins တက္ကသိုလ်လိုမျိုးပေါ့။ သူတို့တွေက ဒီ Counseling နဲ့ ပတ်သက်တာဆိုရင် နည်းပညာ အကူအညီပေးတာတွေရှိပါတယ်။ တချို့ဟာတွေဆိုရင် နည်းပညာနဲ့ အကြံဥာဏ်နဲ့ အဲ့ဒါမျိုးတွေ ပေးနေတာတွေလည်း ရှိပါတယ်။”

အမေရိကန်ပြည်ထောင်စုအနေနဲ့ အခုလို အရပ်ဖက် လူ့အဖွဲ့အစည်းတွေ ခိုင်မာအားကောင်းလာအောင် ကူညီတာတွေအပြင်၊ နောက်ပိုင်းဆိုရင် အစိုးရအာဏာရှိသူတွေနဲ့ ပိုပြီး ထိစပ် အားပေးမှုတွေ လုပ်လာတာရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို အသိအမှတ်ပြု အားပေးခဲ့သလို၊ အပြောင်းအလဲတိုင်းအတွက် တချက်ဆိုတချက် အမေရိကန်ဘက်ကလည်း မူဝါဒ ပြောင်းသွားမယ်ဆိုပြီး အရင်ကတည်းက ကတိပြုခဲ့တာပါ။

ဒါကြောင့်လည်း အစိုးရပိုင်းနဲ့ နီနီးကပ်ကပ် ထိစပ်မှုတွေလုပ်ပြီး၊ မြန်မာ့ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် အားပေးခဲ့သလို အပြောင်းအလဲတွေ ပိုပြီးအားဖြစ်အောင် ဆိုပြီးတော့လည်း မြန်မာအစိုးရအပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို သမ္မတအိုဘားမားလက်ထက်မှာပဲ အတော်ကြီး လျှော့ချပစ်ခဲ့ပါတယ်။

အခုလိုမျိုး မြန်မာ့ဒီမိုကရေစီရရှိရေး အမေရိကန်က ကူညီဆောင်ရွက်တဲ့နေရာမှာ ၀ါရှင်တန်အခြေစိုက် NED လို့ခေါ်တဲ့ National Endowment for Democracy လည်း ပါဝင်ပါတယ်။ NED မှာ မြန်မာနိုင်ငံအရေး ဆောင်ရွက်ပေးနေတဲ့ ပရိုဂရမ်အရာရှိ ဦးအောင်မော်ဇင်ကို မြန်မာနိုင်ငံအရေး NED ရဲ့ ဆောင်ရွက်ပေးမှုတွေကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ သူက အခုလို စဖြေပါတယ်။

“တကယ်တမ်းတော့ NED ဆိုတာက မြန်မာနိုင်ငံ တခုတည်းတင်မဟုတ်ဘဲနဲ့ ၁၉၈၄ ခုနှစ်ကစပြီး မြန်မာပြည်အပါအ၀င် နိုင်ငံပေါင်း ၉၀ ကျော်ကို ကူညီထောက်ပံ့ပေးနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုပါ။ အခု ဗမာပြည်နဲ့ ပတ်သက်ပြီးလို့ရှိရင်တော့ ကူညီထောက်ပံ့မှုတွေ ပေးနေတာက ၁၉၈၉၊ ၉၀ ခုနှစ်ကစပြီးတော့ ကျနော်တို့ ကူညီထောက်ပံ့မှုတွေကို ပေးနေတာပါ။ ၈၈ အရေးအခင်းပြီးကတည်းက စပြီးတော့ အကူအညီပေးနေတာပါ။ အခုဆိုလို့ရှိရင်တော့ အဲ့ဒီကစပြီးတော့ ၉၀ ကတည်းကစလိုက်တာ တဖြည်းဖြည်းချင်း NED ရဲ့ ထောက်ပံ့မှုလည်း ပိုပြီးတော့ များများလာပြီးတော့ အခုဆိုလို့ရှိရင်တော့ အဖွဲ့ပေါင်း ၅၀ ကျော်၊ ၆၀ လောက်ကို ကျနော်တို့ ကူညီထောက်ပံ့မှု ပေးနေနိုင်ပါတယ်ခင်ဗျ။”

မေး။ ။ သမ္မတအိုဘားမား လက်ထက်ကနေ စပြီးတော့ရော မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး ပိုပြီးတော့မှ လုပ်ငန်းစဉ်တွေ တိုးချဲ့ပြီး လုပ်ကိုင်နိုင်တဲ့ အနေအထား ရှိပါသလဲရှင့်။

ဖြေ။ ။ “သမ္မတ အိုဘားမား လက်ထက်ဆိုတာထက်စာရင် အခုဆိုရင် မြန်မာပြည် ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာတဲ့နောက်ပိုင်းမှာ ပိုပြီးတော့ မြန်မာပြည်နဲ့ပတ်သက်လို့ ကျနော်တို့တွေက အကူအညီထောက်ပံ့မှုပုံစံ ပြောင်းလာတာမျိုး ပိုရှိပါတယ်။ ဥပမာဆိုရင် ကျနော်တို့ အရင်တုန်းကဆိုရင် ကိုယ်တိုင်ကိုယ်ကျ သွားလို့မရဘူး။ အခုဆိုရင် ကိုယ်တိုင်ကိုယ်ကျ မြန်မာပြည်ကိုသွားပြီးတော့ မြန်မာပြည်အတွင်းမှာရှိတဲ့ အဖွဲ့အစည်း ကူညီမှု ပြုနိုင်ပါတယ်ခင်ဗျ။ ကျနော်တို့ ကူညီထောက်ပံ့မှုပေးတဲ့ကဏ္ဍ ၅ ခုရှိပါတယ်ခင်ဗျ။ အဲ့ဒါကတော့ သီးခြားလွတ်လပ်တဲ့ လူမှုလူ့အဖွဲ့အစည်းတွေ ပေါ်ပေါက်လာဖို့အရေး၊ ပြီးတဲ့အခါကျတော့ တိုင်းရင်းသားအရေး၊ အမျိုးသမီးအရေး၊ ပြီးတဲ့အခါကျတော့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ပေါ်ထွက်လာရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မှတ်တမ်းတင်တာ၊ ပြီးတော့ ကမ္ဘာသူ ကမ္ဘာသားတွေသိအောင် ဒီပြည်တွင်းမှာသိအောင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်တဲ့ ဟာတွေကို ပြန်ပြီးတော့ မြှင့်တင်ပေးတာမျိုးပေါ့ခင်ဗျ။ အဲ့ဒါမျိုးတွေကို ကျနော်တို့ ကူညီထောက်ပံ့မှု ပေးနေပါတယ်။”

NED မှာ မြန်မာနိုင်ငံအရေး ဆောင်ရွက်ပေးနေတဲ့ ပရိုဂရမ်အရာရှိ ဦးအောင်မော်ဇင်ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG