သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာ သဘောတူညီမှု သတိနဲ့ကြိုဆို


နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်။ (ဇန်နဝါရီ ၁၈၊ ၂၀၂၀)
နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်။ (ဇန်နဝါရီ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် တရုတ်သမ္မတရဲ့ မြန်မာပြည် ၂ ရက်တာ ခရီးစဉ်မှာ နှစ်နိုင်ငံကြား စီးပွားရေး၊ စိုက်ပျိုးရေးနဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီမှု ၃၃ ခု ရရှိခဲ့ပါတယ်။ ဒီအထဲမှာ လုပ်ငန်းကြီးတွေဖြစ်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ နယ်စပ်စီးပွားရေးဇုန်နဲ့ တရုတ်-မြန်မာ ဆက်သွယ်မယ့် လမ်းစီမံကိန်းလို အဓိကလုပ်ငန်းတွေပါတဲ့ သဘောတူစာချုပ်တွေနဲ့ နားလည်မှု စာချွန်လွှာတွေလည်း လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ အခုလို သဘောတူညီမှု စာချုပ်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့ လေ့လာစောင့်ကြည့်သူတွေက ဘယ်လိုသဘောထားပါသလဲ။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က မေးမြန်းပြီး တင်ပြပေးထားပါတယ်။

တရုတ်သမ္မတ Xi Jinping ရဲ့ မြန်မာခရီးစဉ် ဒုတိယနေ့ဖြစ်တဲ့ ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းမှာ မြန်မာ-တရုတ် နှစ်နိုင်ငံကြား စီးပွားရေး သဘောတူညီမှု စာချုပ်တွေ၊ နားလည်မှု စာချွန်လွှာတွေကို မြန်မာသမ္မတနေအိမ်မှာ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ Xi Jinping တို့ရှေ့မှောက် နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေ ချုပ်ဆို၊ လဲလှယ်ခဲ့ကြတဲ့ စီမံကိန်းတွေထဲမှာ အများစိတ်ဝင်စားတဲ့ စီမံကိန်းတခုကတော့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းတွေ ဖြစ်ပါတယ်။

အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ မြန်မာအစိုးရဘက်က ယုံကြည်ထားတဲ့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

“ဒါကတော့ ကျနော်တို့ဒေသအတွက် ကောင်းတာပဲလေ။ အလုပ်အကိုင်လည်း ရမယ်၊ ဒေသဖွံ့ဖြိုးမှုလည်း ရှိမှာပေါ့။ ဒါ လုပ်သင့်တဲ့ လုပ်ငန်းလို့ပဲလို့ ကျနော်တို့ သုံးသပ်လို့ရမှာပါ။”

မြန်မာနဲ့ တရုတ်နိုင်ငံကြား ၂ နှစ်လောက် ညှိနှိုင်းယူခဲ့တဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ကို ၂၀၁၈ နိုဝင်ဘာ ၈ ရက်မှာ မူဘောင်သဘောတူစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ စီမံကိန်း သဘောတူစာချုပ်၊ အစုရှယ်ယာများနှင့် သက်ဆိုင်သော သဘောတူစာချုပ် ဒါတွေကို ထပ်ပြီးချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကနေတဆင့် အိန္ဒိယသမုဒ္ဒရာကိုဖြတ်ပြီး အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ အိန္ဒိယကို ချိတ်ဆက်နိုင်မှာဖြစ်သလို မြန်မာပြည်တွင်းကို ဖြတ်ပြီး တရုတ်နဲ့ အာဆီယံဒေသတွင်း နိုင်ငံတွေကိုလည်း ချိတ်ဆက်နိုင်ဖို့ ရည်ရွယ်တဲ့ ဒီစီမံကိန်းကနေ ဒေသခံ ၅ သိန်းလောက်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်မယ်လို့လည်း ပြောပါတယ်။

အခုလို နှစ်နိုင်ငံကြား လုပ်ငန်းသဘောတူစာချုပ်တွေ၊ နားလည်မှုစာချွန်လွှာတွေ ရေးထိုးဖို့အတွက် အစိုးရနှစ်ရပ်လုံးက ချင့်ချင့်ချိန်ချိန်နဲ့ ချဉ်းကပ်ဆောင်ရွက်ခဲ့တယ်လို့ မြင်သူကတော့ တရုတ်-မြန်မာ ဆက်ဆံရေး စောင့်ကြည့်လေ့လာသူ ဒေါက်တာရန်မျိုးသိမ်း ဖြစ်ပါတယ်။

“လက်ရှိအခြေအနေမှာ ဒီစာချွန်လွှာတွေ၊ ဒီသဘောတူညီချက်တွေ၊ MoU တွေကို လက်မှတ်ရေးထိုးတဲ့ အနေအထား ကြည့်မယ်ဆိုရင် ဒီနှစ်နိုင်ငံ ဆက်ဆံရေးပေါ့လေ၊ ဘက်ပေါင်းစုံ ဆက်ဆံရေးမှာ နားလည်မှုတွေ၊ ယုံကြည်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီးတော့ ခိုင်ခိုင်မာမာ ဖော်ဆောင်နိုင်ဖို့အတွက် အလားအလာကောင်းတွေ ဖြစ်လာလိမ့်မယ်လို့တော့ ကျနော်က မြင်ပါတယ်။”

နှစ်နိုင်ငံကြားမှာ အစိုးရချင်းသာမက ပြည်သူအချင်းချင်း ကြားမှာပါ ဆက်ဆံရေးကောင်းလာဖို့ အလားအလာတွေ ပိုများလာနိုင်တယ်လို့လည်း သူက ပြောပါတယ်။ ဒါပေမယ့် လက်ရှိချုပ်ဆိုခဲ့တဲ့ စာချုပ်တွေဟာ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ဘယ်လောက် အကာအကွယ်ပေးမလဲ ဆိုတဲ့အပေါ်မှာ စိုးရိမ်မှုတွေ ရှိနေကြတာပါ။

တရုတ်နဲ့ စီးပွားဆက်ဆံမှု လုပ်တဲ့နေရာမှာ လိုအပ်တဲ့ ငွေကြေးအတွက် တရုတ်နိုင်ငံပိုင် ဘဏ်တခုတည်းကပဲ ချေးယူခိုင်းတာ၊ စာချုပ်ပါ နှစ်ရှည်စီမံကိန်း ကာလအတွင်းမှာ တခြား နိုင်ငံတကာ ကုမ္ပဏီတွေကို ဝင်ရောက်လုပ်ကိုင်ခွင့် မပေးတာ၊ တရုတ်လုပ်သား အသုံးပြုချင်တာမျိုးတွေကို စောင့်ကြည့်လေ့လာသူတွေက သဘောမကျကြပါဘူး။

ဒီလို အချက်မျိုးတွေကို တားဆီးနိုင်ဖို့ ကချင်ပြည်နယ် မြစ်ကြီးနား နန်ကျင်စီးပွားရေးဇုန် အပါအဝင် အထူးစီးပွါးရေးဇုန်တွေအတွက် ချုပ်ဆိုတဲ့ နားလည်မှု စာချွန်လွှာတွေမှာ မပါမှာ စိုးရိမ်တယ်လို့ မြစ်ကြီးနားဒေသခံ ဒေါက်တာအမ်ကောန်လက ပြောပါတယ်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက မည်သည့် FDI မဆို၊ မည်သည့်နိုင်ငံမဆို လာလို့ရတယ်၊ နောက်ဆုံး အီရန်တောင် လာလို့ရတယ်၊ ကျနော်တို့က Welcome လုပ်ရမှာ။ ဒါပေမယ့် ကိုယ့်နိုင်ငံရဲ့ ဥပဒေနဲ့ MoU နားလည်မှုစာချွန်လွှာ၊ MOA သဘောတူညီချက်တွေ အဲဒီအဆင့်ဆင့်တွေ သွားတဲ့အချိန်မှာ ကိုယ့်ရဲ့ National Interest ကို ဘယ်လောက် cover လုပ်ပေးနိုင်မလဲကပဲ အကျိုးစီးပွားဖြစ်တယ်၊ မဖြစ်ဘူး ပြောလို့ရမှာ။”

ဒီကနေ့ နှစ်နိုင်ငံချုပ်ဆိုခဲ့တာမှာ သဘောတူစာချုပ် ၆ ခု၊ နားလည်မှုစာချွန်လွှာ ၁၄ ခု၊ ဖြစ်နိုင်ခြေ နားလည်မှုစာလွှာ ၁၀ ခု၊ သဘောတူညီချက်က ၃ ခု စုစုပေါင်း ၃၃ ခု ချုပ်ဆိုခဲ့တာပါ။

၂၀၂၀ ခုနှစ်အတွက် ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ တရုတ်သမ္မတ Xi Jinping ဟာ ဒီနေ့ နေ့လယ် ၂း၄၅ နာရီမှာ တရုတ်နိုင်ငံကို ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

---------------------------------

(Unicode)

















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG