သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ခေါင်းဆောင် NCA နှစ်ပတ်လည် မိန့်ခွန်း သုံးသပ်သူတချို့ ဝေဖန် 


စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယခင်ပုံဟောင်း)
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယခင်ပုံဟောင်း)

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒီကနေ့ ပြောကြားခဲ့တဲ့ NCA နှစ်ပတ်လည် မိန့်ခွန်းဟာ ငြိမ်းချမ်းရေးဟန်ပြ အသံကောင်း ဟစ်တာဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ တချို့က ဝေဖန် ပါတယ်။ လက်နက်ကိုင် နည်းလမ်းနဲ့ ဆွေးနွေးဖို့ တောင်းဆိုမှုတွေကို လိုက်လျောမှာ မဟုတ်သလို၊ စစ်တပ်အနေနဲ့ အကြမ်းဖက် သောင်းကျန်းသူတွေကို ဆက်လက် နှိမ်နင်းသွားမယ့်အကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း (၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ထုတ်လွှင့်ခဲ့တဲ့ မိန့်ခွန်းမှာ ပြောကြားသွားတာပါ။ စစ်ခေါင်းဆောင် မိန့်ခွန်းအပေါ် သုံးသပ်ချက် တချို့ကို ရန်ကုန်ကနေ စုစည်း သတင်းပေးပို့ထားပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့ ဒီကနေ့ ကျရောက်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) ၉ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ "နိုင်ငံရေး ဆွေးနွေးမှုအစား လက်နက်ကိုင်ပြီး တောင်းဆိုမှုတွေကို လိုက်လျော ဖြေရှင်းပေးသွားဖို့ မရှိဘူး" လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောဆိုသွားတာပါ။

“လက်နက်ကိုင် အကြမ်းဖက်နည်းနဲ့ မိမိတို့ လိုလားချက်ကို တောင်းဆိုလို့မရဘဲ နိုင်ငံရေး စားပွဲဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းခြင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေမှာ ဖြစ်ပါတယ်။ ကျနော့် အနေနဲ့ လက်နက်ကိုင် အကြမ်းဖက် တောင်းဆိုမှုတွေ အပေါ် လိုက်လျော ဖြေရှင်းပေးသွားမှာ မဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ်။”

နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေဟာ နိုင်ငံရေးအမြင် မတူညီမှုတွေကနေ ပေါ်ပေါက်လာတာဖြစ်ပြီး နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ လိုတာမို့ သူ့အနေနဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့အကြောင်း ပြောတဲ့ တချိန်တည်းမှာပဲ အကြမ်းဖက် သောင်းကျန်းသူတွေကို နှိမ်နင်းတာတွေလည်း ဆက်လုပ်သွားမယ့်အကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

စစ်ကောင်စီဘက်က နိုင်ငံရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ချက်ကိုတော့ အစောပိုင်း ကမ်းလှမ်းခဲ့ချိန်ကတည်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဒီမိုကရေစီ အင်အားစုတွေက ပယ်ချထားတာ ဖြစ်ပါတယ်။ လက်နက်ကိုင် အာဏာသိမ်းထားတဲ့သူက ငြိမ်းချမ်ရေး ဆွေးနွေးဖို့ ပြောတာဟာ ဟန်ပြသက်သက် အသံကောင်းဟစ်တာသာ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတဦးက ခုလို ဝေဖန် ပါတယ်။

"အခုပြောသွားတာကတော့တကယ်တော့ သူခိုးကလူဟစ်တယ်ဆိုတာပဲလေ။ လက်နက်ကိုင်ပြီးတော့ အာဏာကို သိမ်းထားပြီး တော့ သူကဘဲလာပါ ဆွေးနွေးကြပါခေါ်တာကတော့ နာမည်ကောင်းယူအသံကောင်းဟစ်တာဖြစ်တယ်။ အပေါ်ကနေရွှေမှုန်ကြဲထားတာပေါ့လေ။ နာမည်ကောင်းယူပြီးဟန်ပြဗန်းပြလိုမျိုးပေါ့ ရှေ့လျှောက်ဒီလိုဘဲသွားမှာဘဲ အသံကောင်းဟစ်တာပါဘဲ. တကယ် ငါချေမှုန်းဦးမယ် ချေမှုန်း နိုင်တယ်ဆိုတဲ့မာန်ကတော့ကိုယ့်ကိုကိုယ့်ရှိနေတုန်းပဲ။ အဲဒါဒီမိန့်ခွန်းမှာပါတယ်လေ အဲတော့ဆက်အကြမ်းဖက်ဦးမယ်ဆိုတဲ့သဘောပဲ"

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွေနဲ့ လက်နက်ကိုင် တော်လှန်မှုတွေ ကျယ်ပြန့်လာခဲ့ပြီးတဲ့နောက် စစ်ကောင်စီဘက်က ပြီးခဲ့တဲ့လကစလို့ ငြိမ်းချမ်း‌ရေး ဆွေးနွေးဖို့ ဖိတ်ခေါ်တာတွေ ရှိလာခဲ့တာပါ။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကတော့ စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ကို ယုံကြည်မှု မရှိကြောင်း တုံ့ပြန် ပြောဆိုထားကြပါတယ်။

ရှေ့နှစ်ထဲ ရွေးကောက်ပွဲတွေ ကျင်းပဖို့အတွက် လက်ရှိမှာ ပြည်လုံးကျွတ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူတဲ့အဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်းနဲ့ ရွေးကောက်ပွဲတွေ အောင်အောင်မြင်မြင် ကျင်းပနိုင်အောင် စီမံ ဆောင်ရွက်သွားမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုတယ်။

"ကျွန်တော်တို့ အာမခံထားတဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ရဲ့ နောက်ဆုံးအချက် ဖြစ်တဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးနိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်။ ရွေးကောက်ပွဲမှာ ပါတီစုံ ပါဝင်နိုင်ရေးကို အလေးထား ဆောင်ရွက်နေပြီး နယ်မြေဒေသအလိုက် ရွေးကောက်ပွဲကျင်းပနိုင်တဲ့ လုံခြုံရေး အခြေအနေရောက်အောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ရွေးကောက်ပွဲ ကာလများမှာ ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေများကိုတွက်ဆပြီး လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်သလို သက်ဆိုင်ရာ EAO များကလည်း ပူးပေါင်းပါဝင်ပေးကြဖို့ ပြောကြားလိုပါတယ်။"


ရွေးကောက်ပွဲတွေ ဘယ်လိုပုံစံနဲ့ ကျင်းပမလဲ အသေးစိတ်ကိုတော့ သူက ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။ ဘယ်လို ပုံစံနဲ့ပဲလုပ်လုပ် စစ်ကောင်စီ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ဟန်ပြသက်သက် ဖြစ်တာမို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ ရခိုင်တိုင်းရင်းသား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ခုလို ထောက်ပြ ဝေဖန်ပါတယ်။

"ဒီရွေးကောက်ပွဲဟာဘယ်လိုဘဲလုပ်လုပ် Free and Fair မဖြစ်နိုင်ဘူး။ မင်းအောင်လှိုင်ကသူ့အနေနဲ့ရွေးကောက်ပွဲဟာသူ့ထွက်ပေါက် လို့.ယူဆထားတယ်။ ရွေးကောက်ပွဲကလည်း၂၀၀၈အောက်မှာလုပ်မယ် ဘာဘဲပြောပြောစစ်တပ်ကဘဲအာဏာထပ်ယူနိုင်တယ်အခြေအနေ ရှိတာပေါ့နော် ရွေးကောက်ပွဲတခုဟာ တရားဝင်ဖြစ်ဖို့ကတော့ အများကထောက်ခံရမယ်အများပါဝင်ရမယ်ပေါ့ သူကဘယ်မှာဖြစ်ဖြစ်ရသ လောက်နဲ့လုပ်မယ်ပေါ့ အဖြစ်သဘောဟန်ပြသဘောလုပ်မယ် သူ့ရွေးကောက်ပွဲကိုလုပ်ချင်တယ်။ လုပ်ငန်းစဉ် တခုအနေနဲ့ လုပ်နေတာသာ ရှိတယ်။ အဲရွေးကောက်ပွဲကအားရှိတဲ့ရွေးကောက်ပွဲဖြစ်မှာမဟုတ်ဘူး. အများပြည်သူစိတ်ဝင်စားတဲ့ရွေးကောက်ပွဲလည်းဖြစ်မှာမဟုတ်ဘူး Free and Fair ဖြစ်တဲ့ရွေးကောက်ပွဲလည်းဖြစ်မှာမဟုတ်ဘူး"

အမေရိကန်ပြည်ထောင်စု၊ အီးယူ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂ အပါအဝင် ပြည်တွင်းပြည်ပက စောင့်ကြည့်သူတွေ၊ လူ့အခွင့်အရေး အဖွဲ့တွေကလည်း မြန်မာနိုင်ငံတဝန်း ဒေသတိုင်းလိုလိုမှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတာကို ထောက်ပြပြီး လက်ရှိအခြေအနေအောက်မှာ အားလုံး ပါဝင်နိုင်တဲ့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထောက်ပြ ပြောဆိုနေကြတာပါ။

စစ်ကောင်စီ အကြီးအကဲ ကတော့ ဒီကနေ့ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေဟာ ပြည်ပနိုင်ငံတွေရဲ့ သွေးထိုးမှုကြောင့် ပေါ်ပေါက်လာတာဖြစ်တယ်လို့ ပြစ်တင်ပြောဆိုပြီး ဘယ်နိုင်ငံက ပါဝင်လှုံဆော်လဲ ဆိုတာကိုတော့ ပြောဆိုခဲ့တာ မရှိပါဘူး။

အာဏာသိမ်းမှုနောက်ပိုင်း စစ်မှုထမ်း ဥပဒေ စတင်ကျင့်သုံးခဲ့တာမှာ မြန်မာ့ပြည်တွင်းရေးမှာ ပြည်ပ ပယောဂတွေ လွှမ်းမိုးတဲ့ အကြမ်းဖက်မှုတွေ လျော့ပါးစေဖို့နဲ့ တိုင်းပြည် ကာကွယ်ရေး စွမ်းအားတွေ တောင့်တင်းခိုင်မာစေဖို့ ကျင့်သုံးတာဖြစ်တယ်လို့လည်း ဒီကနေ့ ရုပ်သံမိန့်ခွန်းမှာ စစ်ခေါင်းဆောင်က ပြောသွားပါတယ်။

ဒီကနေ့ကျရောက်တဲ့ NCA ၉ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကိုတော့ အရင်နှစ်တွေမှာလို တခမ်းတနား ကျင်းပတာ မတွေ့ရပါဘူး။ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ NSPNC က ဦးဆောင်ပြီး နေပြည်တော်မှာ ရှိတဲ့ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ (MICC 2) မှာ ဒီကနေ့ အကျဥ်းရုံး ကျင်းပတဲ့ပွဲကို NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့တွေ အများစု တက်ရောက်ခဲ့ကြပါတယ်။ အရင်က လူ ထောင်ချီ တက်ရောက်ခဲ့တဲ့ NCA ပွဲမှာ ဒီနှစ်တော့ တက်ရောက်သူ ရာဂဏန်းတောင် မရှိဘူးလို့လည်း တက်ရောက်သူတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG