သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ရှောင်ဒုက္ခသည်အရေး OHCHR အထူးစိုးရိမ်


စစ်ရှောင်ဒုက္ခသည် (KBC KACHIN)
စစ်ရှောင်ဒုက္ခသည် (KBC KACHIN)

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ဖြစ်ပွါးတဲ့ တိုက်ပွဲတွေကြောင့် ဒီလအတွင်း စစ်ရှောင်ဒုက္ခသည် ထောင်နဲ့ချီ ရှိလာတာအတွက် အထူးစိုးရိမ်ကြောင်း OHCHR လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက ပြောပါတယ်။ ဒါ့အပြင် တောတောင်ထဲပိတ်မိနေတဲ့ စစ်ရှောင်ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ရအောင်လုပ်ပေးဖို့လည်း မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ရခိုင်မြောက်ပိုင်းကနေ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ် ဘက်ထွက်ပြေးတဲ့ ကိစ္စကို နိုင်ငံတကာက အာရုံစိုက်နေကြချိန်မှာပဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်လာတာ ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးပြီး တောတောင်ထဲ ပုန်းအောင်းနေရတဲ့ စစ်ရှောင်တွေ ရက်ပိုင်းအတွင်းမှာပဲ ထောင်နဲ့ချီရှိလာတာအတွက် စိုးရိမ်စိတ်ပူကြောင်း ကုလသမဂ္ဂ ဂျနီဗာရုံးချုပ်မှာ အင်္ဂါနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ OHCHR လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး ပြောခွင့်ရ Rupert Colville က ပြောပါတယ်။

"မြန်မာနိုင်ငံမှာ ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ မြန်မာအစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား တိုက်ပွဲတွေ အရှိန်မြင့်လာတာအတွက် ကျနော်တို့ အထူးစိုးရိမ်ပါတယ်။ အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူပေါင်း တသိန်းလောက် ရှိနေရာကနေ ဧပြီလ အစောပိုင်းကစပြီး ကချင်ပြည်နယ်ထဲမှာ နောက်ထပ်စစ်ဘေးရှောင် ဒုက္ခသည်က ၇၄၀၀ လောက်တိုးလာတာပါ။ "

ကချင်ပြည်နယ် တနိုင်းမြို့နယ်တွင်းက အောင်လော့ဒ် ဒေသတဝိုက် တိုက်ပွဲတွေကြောင့် ထွက်ပြေးရင်း တောတောင်တွေထဲမှာ သီတင်း ၄ ပတ်လောက် ပိတ်မိနေတဲ့ ရွာသားတွေကို ဒီသီတင်းပတ်ထဲမှာပဲ ဘေးလွတ်ရာ ပြောင်းရွှေ့ပေးနိုင်ခဲ့တာပါ။ ဒါပေမယ့် တိုက်ပွဲတွေ ဆက်ပြီးဖြစ်နေတဲ့ နေရာတွေမှာ ပိတ်မိနေသူ အများအပြား ရှိနေသေးတဲ့အပြင် အဲဒီ်ဒေသဟာ တောတောင်ထူထပ်ပြီး လမ်းပမ်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာ ဖြစ်တဲ့အတွက် ဒုက္ခသည် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီလိုအပ်နေတယ်လို့လည်း ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ဘက်မှာ ဖြစ်ပွါးတဲ့ တိုက်ပွဲတွေမှာ အရပ်သား သေဆုံး ထိခိုက် ဒဏ်ရာရမှုတွေ ရှိနေသလို အစိုးရတပ်တွေက လက်နက်ကြီးတွေနဲ့ တန်ပြန်တိုက်ခိုက်နေတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

"ရှမ်းပြည်နယ်မှာ စနေနေ့က ဖြစ်ပွါးတဲ့ တိုက်ပွဲမှာတော့ အရပ်သား ၁၄ ယောက် သေဆုံးပြီး အနဲဆုံး လူ ၂၀ လောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြန်မာစစ်တပ်ကလည်း ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက် ခဲ့တာပါ။ တပ်မတော်က လက်နက်ကြီးတွေ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းတွေ ရပါတယ်။"

ရှမ်းပြည်နယ်မြောက်ပိုင်းက နမ္မတူ မြို့နယ်ထဲမှာဖြစ်ပွါးတဲ့တိုက်ပွဲတွေကြောင့် စစ်ရှောင်ထွက်ပြေးရတဲ့ ဒုက္ခသည်က ၆၀၀ ကျော်ရှိနေပါတယ်။ ဒါကြောင့် အခုလို တိုက်ခိုက်နေမှုတွေ ရပ်ဆိုင်းကြဖို့နဲ့ အရပ်သားတွေကို အကာကွယ်ပေးဖို့ ကုလသမဂ္ဂက ပန်ကြားလိုက်သလို တိုက်ပွဲဖြစ်ပွါးနေတဲ့ ဒေသတွင်းရှိနေသူတွေအတွက် လူသားချင်းစာနာမှု အကူညီတွေရအောင်လုပ်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုကြောင်း OHCHR ရုံး ပြောခွင့်ရ Rupert Colville က ပြောပါတယ်။

"တိုက်ခိုက်နေမှုတွေ ရပ်ဆိုင်းကြဖို့အတွက် ဘက်အားလုံးကို တိုက်တွန်းပါတယ်။ နိုင်ငံတကာ လူသားချင်းစာနာမှု ဆိုင်ရာ ဥပဒေနဲ့ လူ့အခွင့်အရေးကို အပြည့်အဝလေးစားဖို့၊ အချိန်နဲ့အမျှ အရပ်သားတွေကို အကာကွယ်ပေးဖို့လည်း တိုက်တွန်းပါတယ်။ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ ကာလကြာရှည်ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် ကြီးမားတဲ့ဒုက္ခတွေ ခံစားနေရတာမို့ ဒီပြဿနာကို စစ်မှန်ပြီး။ အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးမှုတွေနဲ့ လက်တွဲဖြေရှင်းကြဖို့ တိုက်တွန်းလိုပါတယ်။ ဒါ့အပြင် အိုးအိမ်စွန့်ခွါထွက်ပြေးနေရသူတွေရော၊ တိုက်ပွဲတွေကြား ပိတ်မိနေသူတွေအတွက်ပါ လူသားချင်းစာနာမှု အကူညီရအောင် လုပ်ပေးဖို့ တောင်းဆိုပါတယ်။"

ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေအဆုံးသတ်ရေး တောင်းဆိုဆန္ဒပြသူတွေ မကြာသေးခင်ကပဲ အဖမ်းခံခဲ့ကြရတဲ့ ကိစ္စအတွက်လည်း စိုးရိမ်ကြောင်းနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခွင့်ကို လေးစားဖို့ပါ မြန်မာအစိုးရကို ပန်ကြားခဲ့ပါတယ်။

အင်္ဂါနေ့မနက်ပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုးဒေသမှာ အစိုးရတပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေကြား တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့ဲပါတယ်။ ဒီတိုက်ပွဲဟာ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA တပ်မဟာ ၆ အခြေစိုက်ရာ မူဆယ်မြို့ အရှေ့ဖက် မုန်းကိုးဒေသမှာ ဖြစ်ပွားတာဖြစ်ပြီး စနေနေ့က မူဆယ်မြို့မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက် တရုတ်- မြန်မာနယ်စပ် ဒေသမှာ ဒုတိယအကြိမ်ထပ်မံ ဖြစ်ပွားတဲ့ တိုက်ပွဲလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG