သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေးမြို့နယ်မှာ စစ်ရေးတင်းမာမှုကြောင့် ဒေသခံတွေစိုးရိမ်


မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များ။
မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များ။

မွန်ပြည်နယ် ရေးမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက အာယုတောင်ကျေးရွာအနီးအနားမှာ ပစ်ခတ်မှုဖြစ်ပွားနေပြီး စစ်ကောင်စီအခြေစိုက်တပ်တွေလည်း လက်နက်ကြီး တောက်လျှောက်ပစ်ခတ်နေတယ်လို့ ရွာခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ပြန်တိုက်တော့မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်း မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့က အသိပေးကြေညာခဲ့ပြီးတဲ့နောက်ပိုင်းမှာ တချို့မွန်ပြည်သူတွေက တိုက်ပွဲတွေ ပိုဖြစ်ပွားလာမှာကိုလည်း စိုးရိမ်နေကြပါတယ်။ ဒီသတင်းစုစည်းချက်ကို မမြသဇင်အောင်က တင်ပြမှာပါ။

မွန်ပြည်နယ် ရေးမြို့နယ် စုံနံ့သာကျေးရွာနဲ့ အာယုတောင်ကျေးရွာကြားမှာရှိတဲ့ မွန်ငြိမ်းချမ်းရေး ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ခံသင်းတံတားဂိတ်ကို ရေးဘီလူးအဖွဲ့က ဖေဖော်ဝါရီလ ၁၉ ရက် ဒီမနက် လာရောက်တိုက်ခိုက်ရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ အာယုတောင်ရွာခံတဦးက ဗွီအိုအေကို ပြောပါတယ်။ ရေးမြို့နယ် အာယုတောင်အခြေစိုက် ခမရ ၃၄၃ တပ်ရင်းကနေ လက်နက်ကြီးတွေ ဦးတည်ရာမရှိ တောက်လျှောက်ပစ်ခတ်နေတာလို့ အာယုတောင်ရွာခံက အခုလို ပြောပါတယ်။

“ပစ်ခတ်မှုဖြစ်တာက သိပ်မကြာပါဘူး ကျနော်ထင်တယ်။ ဒါပေမယ့် ဟို… လာရောက်ပစ်တဲ့အဖွဲ့တွေ ထွက်ခွာသွားပြီးလည်း စစ်ကောင်စီတပ်ရင်းကနေ လက်နက်ကြီး ရမ်းပစ်ခတ်နေတုန်းပဲ။ တပ်ရင်း ၃၄၃ ကနေ ပစ်ထုတ်နေတာ။ ခံသင်းဂိတ်က အဲ့ဒီတပ်ရင်း ၃၄၃ နဲ့နီးတော့ ဂိတ်ကို လာပစ်တဲ့အဖွဲ့တွေ ထွက်ခွာသွားပြီး ဒါပေမယ့် အဲ့တပ်ရင်က ၆၀ မမ၊ ၈၀ မမ လေ လက်နက်ကြီးတွေ ဦးတည်ရာမရှိ ရမ်းပစ်နေတယ်။”

မွန်ငြိမ်းချမ်းရေး ကာကွယ်ရေးတပ်ဖွဲ့ဟာမွန်ပြည်သစ်ပါတီကနေ ခွဲထွက်သူအချို့ နဲ့ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ စစ်အစိုးရထံ လက်နက်ချခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ ယခုစစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ၂၀၂၂ခုနှစ်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ဌာနေပြည်သူ့စစ်အဖြစ် ဖွဲ့စည်းထားတာပါ။ စစ်အာဏာသိမ်းပြီးတဲ့နောက် မွန်ပြည်နယ် ရေးမြို့မှာလည်း နေရာအနှံ့ တိုက်ပွဲ မကြာမကြာ ဖြစ်ပွားနေတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့တုန်းကတော့ စစ်ကောင်စီတပ်နဲ့ ပြန်တိုက်တော့မယ်လို့ မိခင်ပါတီကနေ ခွဲထွက်ထားတဲ့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့က အသိပေးကြေညာခဲ့ပါတယ်။ ဒီလို စစ်ကောင်စီတပ်နဲ့ စစ်မျက်နှာဖွင့်လိုက်ပြီးလို့ ကြေညာပြီးနောက်ပိုင်းမှာ တချို့မွန်ပြည်သူတွေက တိုက်ပွဲပိုမိုဖြစ်လာမှာကို စိုးရိမ်နေပြီး သတိနဲ့နေထိုင်သွားလာနေကြပါတယ်။ရေးမြို့နယ် အနင်းကျေးရွာခံ မွန်အမျိုးသမီးတဦးက တိုက်ပွဲကြီးကြီးမားမား ဖြစ်လာမှာကို စိုးရိမ်တယ်လို့ ခုလို ပြောပါတယ်။

“စိုးရိမ်တာပေါ့ တိုက်ပွဲကြီးကြီးမားမားဖြစ်မှာ စိုးရိမ်တယ်။ ဒါပေမယ့် ဘယ်လိုဖြစ်လာမလဲ မသိသေးဘူး။ တိုပွဲဖြစ်မယ့်သတင်းတော့ တိတိကျကျ မသိရသေးတာ ရွာမှာတော့ တစ်ယောက်တစ်မျိုး ပြောနေကြတော့ ကြားရတာပေါ့။ ကြောက်တာပေါ့။ ကျမတို့က စစ်ကောင်စီစခန်းနဲ့နီးတော့ ပိုကြောက်တာပေါ့။”

စစ်ပွဲတွေ ဖြစ်လာရင် နေရေးထိုင်ရေး စားရေးသောက်ရေးကအစ စီစဉ်ဖို့ လူတွေအတွက် လွယ်မှာ မဟုတ်ဘူးလား တခြား ဒေသခံတဦးကလည်း အခုလို ပြောပါတယ်။

“ဒီနယ်မှာတိုက်ပွဲဖြစ်နေတာရော ပြီးတော့ လက်နက်ကြီးကျနေတာရောပေ့ါနော် ဒေသခံတွေ စိုးရိမ်ကြောက်လန့်တယ်။ ဒုက္ခရောက်တယ်။ စစ်တပ်ဂိတ်နဲ့နီးရင် ပိုပြီးစိုးရိမ်ရတယ် ပိုဒုက္ခရောက်တယ်ပေါ့နော်။ ဖြစ်လာရင်ပြေးဖို့ ပြင်ဆင်ဖို့လည်း ဘယ်လိုပြင်ရလဲမသိတော့ဘူး၊ အလုပ်လုပ်ဖို့လည်း အဆင်မပြေဘူး၊ ခြံသွားဖို့လည်း အေးအေးဆေးဆေးသွားလို့မရဘူး အခက်အခဲဖြစ်တယ်။”

စစ်ဘေးဒဏ်ကို ရှောက်လွှဲလို့မရတာကြောင့် ဒေသခံတွေအနေနဲ့ သတိနဲ့နေထိုင်ပြီး ကြိုတင်ပြင်ဆင်ထားရှိရမယ်လို့ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ မွန်နိုင်ငံရေး လေ့လာသုံးသပ်သူတဦးက ခုလို ပြောပါတယ်။

“မျှော်မှန်းတဲ့ ပန်တိုင်တခုကို သွားမယ်ဆိုရင်တော့ လူအားလုံးပေါ့နော် အားလုံးပေါ့၊ ဒါတော့ သာရင်တော့ သာသလိုခံစားရသလို၊ နာရင်လည်း နာသလို ခံစားရပေါ့နော်။ ဒါကတော့ အဆင်သင့်ဖြစ်နေဖို့ လိုတယ်။ ပြင်ဆင်ထားတော့ လိုလိမ်မယ်။ အဲ့တော့ သူများနာတဲ့အချိန်မှာ ကိုယ်က သာစံပြီးတော့ ကိုယ်နာတဲ့အချိန်မှာ သူများသာစံရင် အဲ့ဒါတော့ တိုင်းရင်းသား မဟုတ်ဘူးပေါ့နော်။ တန်တူဖြစ်ရမယ် သူများဖြစ်သလို ကိုယ်လည်းဖြစ်မယ် ကိုယ်ကလည်း အဆင်သင့်ပြင်ထားဖို့ လိုတာပေါ့နော်။”

မွန်ပြည်သစ်ပါတီအနေနဲ့ NCA စာချုပ် သဘောတူညီအရ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာ ဖြေရှင်းဖို့ ကြိုးပမ်း အားထုတ်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီနဲ့ (၃)ကြိမ်တိုင်တိုင် တွေ့ဆုံ ဆွေးနွေးခဲ့ပေမယ့် မျှော်မှန်းတဲ့ ရလဒ်တွေ လုံးဝမရှိခဲ့ဘူးလို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့က ပြောပါတယ်။

လတ်တလောအခြေအနေကို အပစ်ရပ်စာချုပ်အတိုင်း ရပ်တည်ပြီး စစ်ကောင်စီနဲ့ ဆက်ဆံသွားမယ့် ဆုံးဖြတ်ချက်ကို လုံးဝလက်မခံနိုင်တဲ့ ပါတီဝင်တွေလည်း ရှိလာပါတယ်။ ဒါကြောင့် ယုံကြည်ချက် ရပ်တည်ချက်တူတဲ့ ပါတီခေါင်းဆောင်တွေ ပါတီဝင်တွေ တပ်ဗိုလ်၊ တပ်မှူး၊ အကြပ်တပ်သားရဲဘော်တွေနဲ့ ပူးပေါင်းပြီး ဆွေးနွေးရေး မလုပ်တော့ဘဲ စစ်ကောင်စီတပ်နဲ့ ပြန်တိုက်တော့မယ်လို့ ခွဲထွက်ရေးအဖွဲ့က အသိပေးကြေညာခဲ့တာပါ။

ဒါနဲ့ ပတ်သက်လို့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီကတော့ အမျိုးသားလွတ်မြောက်ရေးအတွက် မွန်တစ်မျိုးသားလုံး တစ်သံတည်းထွက်ပေါ်စေရေးနဲ့ မွန်ပြည်သစ်ပါတီရဲ့ ဦးဆောင်မှု အခန်းကဏ္ဍလည်း တစ်စုတစ်စည်းတည်းဖြစ်စေဖို့က အလွန်အရေးကြီးတဲ့အကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ မွန်ပြည်သစ်ပါတီအနေနဲ့ သံဃာတော်တွေ လူထုတွေနဲ့ ပေါင်းပြီး ခွဲထွက်သွားသူတွေကို မိခင်ပါတီထံ ပြန်လာနိုင်ဖို့ ကြိုးပမ်းဆောင်ရွာသွားမယ့်အကြောင့် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ မွန်ပြည်သစ်ပါတီက ဘယ်လို ဆောင်ရွက်နေပါလဲ သိရဖို့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်အောင်မငေးကို VOA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

XS
SM
MD
LG