သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UK ပါလီမန်စောင့်ကြည့်ရေးအဖွဲ့ ဝန်ကြီးချုပ်ကို စုံစမ်းစစ်ဆေး


အစိုးရဘတ်ဂျက်ကနေ အကျိုးအမြတ်ရနိုင်တဲ့ ကလေးထိန်းလုပ်ငန်းမှာ ဇနီးဖြစ်သူရဲ့အစုရှယ်ယာတွေရှိကြောင်း ထုတ်ပြောဖို့ ပျက်ကွက်တယ်ဆိုပြီး စစ်ဆေးခံနေရတဲ့ ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူးနက်
အစိုးရဘတ်ဂျက်ကနေ အကျိုးအမြတ်ရနိုင်တဲ့ ကလေးထိန်းလုပ်ငန်းမှာ ဇနီးဖြစ်သူရဲ့အစုရှယ်ယာတွေရှိကြောင်း ထုတ်ပြောဖို့ ပျက်ကွက်တယ်ဆိုပြီး စစ်ဆေးခံနေရတဲ့ ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူးနက်

ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူးနက်ခ်ဟာ အစိုးရဘတ်ဂျက်ကနေ အကျိုးအမြတ်ရနိုင်တဲ့ ကလေးထိန်းလုပ်ငန်းတခုမှာ ဇနီးဖြစ်သူပိုင်ဆိုင်တဲ့အစုရှယ်ယာတွေကို ထုတ်ဖော်ပြောကြားဖို့ပျက်ကွက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရတယ်လို့ ပါလီမန်စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

အရင်လကထုတ်ပြန်ခဲ့တဲ့ အစိုးရဘတ်ဂျက်မှာ ၉ လကနေ ၄ နှစ်ကြား ကလေးရှိပြီး အလုပ်လုပ်တဲ့ မိသားစုတွေအတွက် အခမဲ့ကလေးစောင့်ရှောက်ရေးပေးတဲ့အစီအစဥ်မှာ ထပ်မံတိုးချဲ့မှုတွေ အများအပြားလုပ်ခဲ့တာပါ။ ဒီအစီအစဥ်အရ ကလေးစောင့်ရှောက်ရေးလုပ်ငန်းမှာ လုပ်ကိုင်သူတွေအနေနဲ့ ငွေကြေး ခံစားခွင့်တွေရရှိမှာဖြစ်သလို ပုဂ္ဂလိကအေဂျင်စီတခုခုကနေလုပ်ရင် ခံစားခွင့် နှစ်ဆတိုးပေးမယ့်အစီအစဉ်ပါဝင်ခဲ့ပါတယ်။ အစိုးရဝဘ်ဆိုဒ်မှာဖော်ပြထားတဲ့ အေဂျင်စီ ၆ ခုထဲမှာပါတဲ့ Koru Kids ကုမ္ပဏီမှာ ဆူးနက်ခ်ရဲ့ဇနီး အာရှာတာ မူသီရဲ့ အစုရှယ်ယာတွေပါဝင်နေတာပါ။

ဒီ့အတွက် ဝန်ကြီးချုပ်အနေနဲ့ ဘဏ္ဍာရေးဆိုင်ရာအကျိုးစီးပွားတွေကို ကြေညာရာမှာ “ပွင့်လင်းမြင်သာ” ရှိရမယ့် ကျင့်ဝတ်ချိုးဖောက်မှု ရှိ၊ မရှိ အစစ်ခံနေရပါတယ်။ ပါလီမန်ဆိုင်ရာ စံနှုန်းများအတွက် ကော်မရှင်နာ ဒန်နီရယ် ဂရင်းဘတ်က ဦးဆောင်ပြီး အရင်အပတ်က စတင် စုံစမ်းစစ်ဆေးနေတဲ့ အကြောင်းကို အီစတာပွဲတော်အပြီး တနင်္လာနေ့ လွှတ်တော်ပြန်တက်လာတဲ့ ပါလီမန်အမတ်တွေကို အကြောင်းကြားခဲ့ပါတယ်။

ပါလီမန်အမတ်တွေအနေနဲ့ ငွေကြေးဆိုင်ရာ အကျိုးစီးပွားတခုခုနဲ့ဆက်စပ်နေတဲ့ လုပ်ဆောင်ချက် ဒါမှမဟုတ် ပြောဆိုချက်တွေကို (၄) ပတ်အတွင်းမှာ ထုတ်ဖော်ဖို့လိုအပ်ပါတယ်။

ဆူးနက်ခ်ရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ ဝန်ကြီးချုပ်ဟာ လွှတ်တော်အမတ်အနေနဲ့ ဒီကိစ္စကို ထုတ်ဖော်ကြေညာတာမျိုးမလုပ်ခဲ့ပေမယ့် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေလုပ်ဆောင်ရတဲ့ အလားတူ အကျိုးစီးပွားထုတ်ဖော်ရာမှာတော့ မှတ်တမ်းတင်ထားကြောင်း ပြောပါတယ်။

ကလေးစောင့်ရှောက်ရေးမူဝါဒမှာ ပုဂ္ဂလိကအေဂျင်စီတွေကို ဘာကြောင့် ခံစားခွင့်ပိုပေးရလဲဆိုတာနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ကို ပါလီမန်မှာ မေးမြန်းခဲ့ကာ မိသားစုစီးပွားရေးနဲ့ ဆက်စပ်မှု ရှိ၊ မရှိ စစ်ဆေးခဲ့တုန်းက ဆူးနက်ခ်က ဇနီးဖြစ်သူရဲ့ ရှယ်ယာတွေကို ထုတ်ဖော်မပြောဆိုခဲ့ပါဘူး။ “ထုတ်ဖော်ပြောဆိုရမယ့်အားလုံးကို ထုံးစံအတိုင်း ကြေညာထားပြီးပြီ” လို့ ဝန်ကြီးချုပ်က ဖြေဆိုခဲ့တာပါ။

ဝန်ကြီးချုပ်ရဲ့ ပြန်ကြားရေးအတွင်းဝန်ကတော့ အကျိုးစီးပွားဖော်ပြချက်တွေကို မေလမှာ ဝန်ကြီးများရဲ့ အကျိုးစီးပွားဆိုင်ရာ နောက်ဆက်တွဲဖော်ပြချက်မှာ ထည့်သွင်းမယ်လို့ ပြောခဲ့ပါတယ်။

ဒီလ အစောပိုင်းက ပါလီမန်ကို ဝန်ကြီးချုပ်က စာရေး အကြောင်းကြားရာမှာလည်း “ဒီ အကျိုးစီးပွား ဆက်စပ်မှုကို အစိုးရအဖွဲ့ ကက်ဘိနက်ကို မှန်မှန်ကန်ကန်နဲ့ တင်ပြခဲ့ပြီးပြီ” လို့ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG