သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့တရုတ် ခြိမ်းခြောက်မှုတွေကို ဗြိတိန်တန်ပြန်ဖို့ ကြိုးစား


 ယူကရိန်းမှာ ရုရှားထိုးစစ်တွေအတွင်း သုံးတဲ့ တင့်ကားတစီးကို ဆွဲယူလာစဉ်။ (မတ် ၂၉ ၊ ၂၀၂၃)  
 ယူကရိန်းမှာ ရုရှားထိုးစစ်တွေအတွင်း သုံးတဲ့ တင့်ကားတစီးကို ဆွဲယူလာစဉ်။ (မတ် ၂၉ ၊ ၂၀၂၃)  

{{Zawgyi/Unicode}}

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်နဲ့ တရုတ်ရဲ့စိန်ခေါ်မှုတွေကို တန်ပြန်နိုင်ဖို့ ဗြိတိန်ဟာ ကာကွယ်ရေးဆိုင်ရာ နည်းဗျူဟာတွေကို ပြည်လည်သုံးသပ်ပြီး အသစ်ပြင်ဆင်ကာ ဒီသီတင်းပတ်ထဲမှာပဲ ထုတ်ပြန်လိုက်ပါတယ်။ တဘက်မှာလည်း ပြည်တွင်းမှာ စီးပွားရေးကျဆင်းနေလို့ နိုင်ငံတကာအခင်းအကျင်းက မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုတွေနဲ့ ဟန်ချက်ညီအောင် ချိန်ခွင်လျှာညှိဖို့ ကြိုးစားနေရပါတယ်။ ဗွီအိုအေသတင်းထောက် ဟင်နရီရစ်ချ်ဝဲလ် (Henry Ridgwell) လန်ဒန်ကနေ ပေးပို့ထားတဲ့သတင်းလွှာကို ကိုငြိမ်းချမ်းအေးက တင်ပြပေးထားပါတယ်။

ဗြိတိန်က အခုအသစ်ထုတ်ပြန်လိုက်တဲ့ 'ပေါင်းစပ်သုံးသပ်ချက်' လို့ခေါ်တဲ့ ကာကွယ်ရေးနည်းဗျူဟာမှာ ယူကရိန်းကို ရုရှားကကျူးကျော်ခဲ့မှုကြောင့် အနောက်အုပ်စုနိုင်ငံတွေရဲ့ စုပေါင်းလုံခြုံရေးဟာ ဒီ ပဋိပက္ခရဲ့ရလဒ်နဲ့ လုံးလုံးလျားလျား ဆက်စပ်သွားပြီလို့ ဆိုထားပါတယ်။

ရုရှား-ယူကရိန်းစစ်က ဗြိတိန်ရဲ့စဉ်းစားပုံကို ပြောင်းလဲသွားစေခဲ့တယ်လို့ လန်ဒန်အခြေစိုက် နိုင်ငံတကာမူဝါဒရေးရာ လွတ်လပ်တဲ့အင်စတီကျုတခုဖြစ်တဲ့ ချက်သမ်ဟောက်စ် (Chatham House) က သုတေသီ ဒေးဗစ်လောရန့်စ်(David Lawrence) က သုံးသပ်ပါတယ်။

“လတ်တလော ခြိမ်းခြောက်မှုတွေက ကိုယ့်ဆီနဲ့ ပိုနီးကပ်လာနေပြီဆိုတာကို ဒီစစ်ပွဲက မဖြစ်မနေ တပ်လှန့်လိုက်သလိုပါပဲ။ မနှစ်က ကြုံတွေ့ခဲ့ရသလိုပါပဲ။ ဗြိတိန်ဟာ တကယ်တော့ ဥရောပရဲ့ မဟာမိတ်တွေကို အထူးသဖြင့် ဥရောပရဲ့ အရှေ့ဘက်မျက်နှာစာမှာစစ်ရေးအရ ပံ့ပိုးကူညီဖို့ တကယ့်ကို ခိုင်မာတဲ့ အနေအထားမှာ ရှိနေပါတယ်။”

ဗြိတိန်ဟာ နှစ်ပတ်လည်ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၅၈ ဘီလီယံအပြင် လာမယ့် နှစ်နှစ်အတွင်းမှာ နောက်ထပ် ဒေါ်လာ ၆ ဘီလီယံကို ထပ်ဆောင်းပေးဖို့လည်း အခု ထုတ်ပြန်လိုက်တဲ့ ကာကွယ်ရေးဆိုင်ရာ နည်းဗျူဟာသုံးသပ်ချက်မှာ ကတိပြုထားပါတယ်။ အဲဒီအထဲက ၂.၃ ဘီလီယံဟာ ယူကရိန်းကို စစ်ရေးအကူအညီပေး‌ခဲ့လို့ လစ်ဟာသွားတဲ့ လက်နက်ခဲယမ်းတွေကို ပြန်လည် ဖြည့်ဆည်းဖို့ သုံးစွဲမှာဖြစ်ပါတယ်။

ကာကွယ်ရေးအသုံးစရိတ်ကို စုစုပေါင်း ပြည်တွင်းထုတ်‌လုပ်မှုတန်ဖိုး ဂျီဒီပီ ရဲ့ ၂.၅ ရာခိုင်နှုန်းအထိ တိုးမြှင့်မယ့် ရည်မှန်းချက်ကိုလည်း အခု ပြန်လည်သုံးသပ်ချက်မှာ ထပ်လောင်း အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် ၂၀၃၀ မှာ ဒီ လျာထားချက် ပြည့်မီရမယ်ဆိုတဲ့အချက်ကိုတော့ ဖယ်ရှားခဲ့ပါတယ်။

ဗြိတိန်အနေနဲ့ နိုင်ငံတကာ အရေးအရာတွေမှာ ဦးဆောင်တဲ့အခန်းကဏ္ဍကနေ တုံ့ပြန်နိုင်ဖို့က ဓနအင်အားတောင့်တင်းဖို့လိုတယ်လို့ ဒေးဗစ်လောရန့်စ်က ထောက်ပြပါတယ်။

“တကယ်လို့ ယူကေဟာ ကမ္ဘာ့အသိုင်းအဝန်းထဲက ဗြိတိန်ဖြစ်ချင်တယ်၊ ကမ္ဘာ့ဇာတ်ခုံမှာ အင်အားစုတခုအဖြစ် ရှိချင်တယ်။ ရုရှား ဒါမှမဟုတ် တရုတ်ကို တန်ပြန်တဲ့အခါမှာ ရှေ့တန်းက ပါချင်တယ်ဆိုရင်တော့ ငွေအများကြီးလိုပါလိမ့်မယ်။ အခု ဖြစ်နေတာက အမေရိကန်၊ တရုတ်၊ ရုရှား စစ်တပ်တွေလို အဆင့်ရှိတဲ့ “ပထမတန်းစား ထိပ်တန်းစစ်တပ်” တခု တည်ဆောက်နိုင်ဖို့ကို “ဒုတိယတန်းမှာသာရှိနေတဲ့ စီးပွားရေး” အခြေအနေနဲ့ ကြိုးစားနေရပါတယ်။ ကျနော်တို့ဟာ ကိုယ့်ပြိုင်ဘက်တွေနဲ့ယှဉ်ရင် အများကြီးနောက်မှာ နောက်ကျကျန်နေသေးလို့ပါပဲ။”

တရုတ်နိုင်ငံအပေါ် ဗြိတိန်ရဲ့သဘောထားကလည်း သတိပြုစရာဖြစ်လာခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူးနက်ခ် (Rishi Sunak) က တရုတ်ဟာ 'ခေတ်ကြီးကို ပိုင်းဖြတ်မယ့် စိန်ခေါ်မှု' လို့ ပြောထားပါတယ်။

“တရုတ်နိုင်ငံက ကျနော်တို့နဲ့ အခြေခံစံတန်ဖိုးတွေအရကို ကွဲပြားနေတဲ့ နိုင်ငံပါ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သူ့ရဲ့အပြုအမူတွေက စိုးရိမ်စရာ ကောင်းပါတယ်။ ပြည်တွင်းမှာ ပိုအာဏာရှင်ဆန်လာသလို နိုင်ငံရပ်ခြားမှာလည်း ပိုပြီး အင်အားပြလာပါတယ်။”

ဒါပေမယ့် ဆူးနက်ခ် (Sunak) ဟာ သူ့ပါတီထဲက တချို့က ဖိအားပေးတောင်းဆိုပေမယ့် တရုတ်ကို 'ခြိမ်းခြောက်မှု' လို့ တံဆိပ်ကပ် သတ်မှတ်တာမျိုးတော့ မလုပ်ခဲ့ပါဘူး။ ဒါက တရုတ်နဲ့ပတ်သက်ရင် လမ်းကြောင်းတွေ ဆက်ဖွင့်ထားချင်လို့ .. ဆိုပြီး ဒေးဗစ်လောရန့်စ်က သုံးသပ်ပါတယ်။

"တရုတ်ရဲ့မူဝါဒက ပြောင်းလဲသွားနိုင်ပါတယ်။ တရုတ်က ထိုင်ဝမ်ကိုကျူးကျော်မှာလား၊ ဒီထက်ပို အင်အားပြရန်လိုတဲ့လမ်းကြောင်းအတိုင်း ဆက်သွားမလားဆိုတာလည်း ဘယ်သူမှမသိနိုင်ပါဘူး။ ဒါကြောင့် ဗြိတိန်အစိုးရက တရုတ်နဲ့ပတ်သက်ရင် ရွေးချယ်စရာလမ်းတွေ ဆက်ဖွင့်ထားချင်တယ်လို့ ကျနော်ထင်ပါတယ်။ ပြီးတော့ ကမ္ဘာတဝန်းကစိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ တရုတ်နိုင်ငံဟာ အရေးပါတဲ့ နိုင်ငံဖြစ်လာမယ်ဆိုတာကိုလည်း ယူကေအနေနဲ့ အသိအမှတ်ပြုချင်ပုံရပါတယ်။”

ဗြိတိန်ဟာ ထပ်တိုးလိုက်တဲ့ ကာကွယ်ရေးအသုံးစရိတ်ထဲက ဒေါ်လာ ၃.၆ ဘီလီယံကိုတော့ ဒေါ်လာ ၃.၆ ဘီလီယံကိုတော့ ယူကေ-အမေရိကန်-သြစတြေးလျ သုံးနိုင်ငံသဘောတူထားတဲ့ အင်ဒို-ပစိဖိတ် ကာကွယ်ရေးသဘောတူညီချက်ရဲ့ တစိတ် တပိုင်းအနေနဲ့ သြစတြေးလျရေတပ်အတွက် နျူကလီယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေတည်ဆောက်ပေးဖို့ သုံးစွဲမှာ ဖြစ်ပါတယ်။ ဒါဟာ ဒေသတခုလုံးကို ‘အန္တရာယ်ရှိတဲ့လမ်းကြောင်း’ကို တွန်းပို့လိုက်တာလို့ တရုတ်အစိုးရဘက်ကတော့ တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

=============

{{Unicode}}















XS
SM
MD
LG