{{Zawgyi/Unicode}}
ယူကရိန်းနိုင်ငံမြောက်ပိုင်းနယ်စပ်တလျှောက် ဘဲလားရုစ်နိုင်ငံထဲမှာ ဗျူဟာမြောက်နျူကလီယားထိပ်ဖူးတပ် လက်နက်တွေချထားမယ်ဆိုတဲ့ ရုရှားသမ္မတ Vladimir Putin ရဲ့အစီအစဉ်ကို ယူကရိန်းက အပြင်းအထန်ကန့်ကွက် တုံ့ပြန်ပြီး ဖြစ်လာနိုင်ခြေရှိတဲ့ နျူကလီယားခြိမ်းခြောက်မှုကိစ္စရပ် ဖြေရှင်းရေး ကုလလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတရပ်ခေါ်ယူဖို တောင်းဆိုပါတယ်။
ဒီလို နျူကလီယားလက်နက်တွေ ချထားရေးအစီအစဉ်ကို ရုရှားသမ္မတပူတင်က စနေနေ့က ကြေညာခဲ့တာပါ။ ယူရေနီယံပမာဏအနည်းအကျဉ်းပါတဲ့ ကျည်ကာဖောက်ကျည်ဆံတွေကို ဗြိတိန်နိုင်ငံကပေးဖို့ ပြီးခဲ့တဲ့အပတ်က ဆုံးဖြတ်ခဲ့တာအပါအဝင် ယူကရိန်းတပ်တွေကို အနောက်နိုင်ငံတွေက စစ်ရေးအကူအညီတွေ တိုးမြှင့်ပေးလာတာကြောင့်လို့ သူက ပြောပါတယ်။ ရုရှားသမ္မတပူတင်ရဲ့ ဒီအစီအစဉ် ဟာ ဘဲလာရုစ်နိုင်ငံတွင်း မငြိမ်မသက်ဖြစ်လာစေမယ့် ခြေလှမ်းတရပ်ဖြစ်သလို ရုရှားဟာ ဘဲလားရုစ်ကို နျူကလီယားနဲ့ ဓါးစားခံပြုဖို့လုပ်တာလို့ ယူကရိန်းအမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ အတွင်းရေးမှူးက တွစ်တာအကောင့်မှာ ရေးပါတယ်။
ဘဲလားရုစ်မှာ ဗျူဟာမြောက် နျူကလီယားလက်နက်တွေ ထားရှိမယ်ဆိုတာဟာ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်နဲ့ တူရကီတို့မှာ အမေရိကန် နျူကလီယားလက်နက်တွေထားရှိတာနဲ့ ဘာမှမကွဲပြားဘူးလို့ ရုရှားသမ္မတပူတင်က ပြောပါတယ်။ အနီးမှာရှိတဲ့ အနောက်မဟာမိတ် နေတိုးရန်ကို ကာကွယ်ရေးအတွက် နျူကလီယားလက်နက်တွေ သူ့နိုင်ငံတွင်းချထားပေးဖို့ ဘဲလားရုစ်သမ္မတ Alexaner Luksshenko က အတော်ကြာကြာကတည်းက တောင်းဆိုထားတာလို့လည်း ရုရှားသမ္မတက ပြောပါတယ်။
ဗျူဟာမြောက် နျူကလီယားလက်နက်ဆိုတာဟာ အားကောင်းတဲ့ နျူကလီယားထိပ်ဖူးတပ် တာဝေးပစ်ဒုံးနဲ့နှိုင်းယှဉ်ရင်တော့ စစ်မြေပြင်သုံး အတော်လေးအားပျော့တဲ့ နျူကလီယားထိပ်ဖူးတပ် တာတိုပစ်လက်နက်တွေပါ။
ရုရှားသမ္မတရဲ့ ဒီကြေညာချက်ထွက်ပြီးနောက် အခြေအနေတွေကို မပြတ်စောင့်ကြည့်နေတယ်လို့ အမေရိကန်က ပြောပါတယ်။ ဒါပေမယ့်လည်း ရုရှားအနေနဲ့ အခုအချိန်ထိ ယူကရိန်းကို နျူကလီယားလက်နက်သုံးတိုက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ အထောက်အထား မရှိသေးဘူးလို့တော့ အမေရိကန်နိုင်ငံ လုံခြုံရေးကောင်စီပြောခွင့်ရအမျိုးသမီးက ပြောပါတယ်။
တချိန်တည်းမှာတော့ ယူကရိန်းအရှေ့ခြမ်းက Zaporizhzhia နျူကလီယားစက်ရုံရဲ့ ဘေးကင်းလုံခြုံမှုအခြေအနေကို အကဲဖြတ်ဖို့ ကုလ နျူကလီယားအေဂျင်စီ IAEA အကြီးအကဲဟာ အဲဒီ စက်ရုံဆီကို သွားရောက်နေပါတယ်။
================
{{Unicode}}