သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မြို့ပေါ် အထောက်အထားမဲ့ ရိုဟင်ဂျာတွေ ဖမ်းဆီးမိ


အထောက်အထားမဲ့ ရိုဟင်ဂျာ ၆ ယောက်ကို ရန်ကုန်မြို့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ဒေါက်တာကျော်စွာဦး ဖေ့ဘုတ် - ဇန်နဝါရီ ၁၁၊ ၂၀၂၁)
အထောက်အထားမဲ့ ရိုဟင်ဂျာ ၆ ယောက်ကို ရန်ကုန်မြို့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ဒေါက်တာကျော်စွာဦး ဖေ့ဘုတ် - ဇန်နဝါရီ ၁၁၊ ၂၀၂၁)

[Zawgyi/Unicode]

ရခိုင်ပြည်နယ်ကနေ တရားဝင်ခွင့်ပြုချက် အထောက်အထားမရှိဘဲ ရောက်လာသူတွေအဖြစ် ရိုဟင်ဂျာ နောက်ထပ် ၆ ယောက်ကို ရန်ကုန်မြို့မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

အထောက်အထားမဲ့ ရိုဟင်ဂျာ ၆ ယောက်ကို ရန်ကုန်မြို့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ဒေါက်တာကျော်စွာဦး ဖေ့ဘုတ် - ဇန်နဝါရီ ၁၁၊ ၂၀၂၁)
အထောက်အထားမဲ့ ရိုဟင်ဂျာ ၆ ယောက်ကို ရန်ကုန်မြို့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ဒေါက်တာကျော်စွာဦး ဖေ့ဘုတ် - ဇန်နဝါရီ ၁၁၊ ၂၀၂၁)

ရန်ကုန်မြို့ကို တရားဝင် အထောက်အထားမရှိဘဲ ရောက်လာသူတွေအဖြစ် ရိုဟင်ဂျာ ၁၀၀ နီးပါးကို ဖမ်းဆီးမိခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ နောက်ထပ် ၆ ယောက်ကို စစ်ဆေးတွေ့ရှိပြီး ထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့လယ်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းက မေခအိမ်ရာရှေ့မှာ တွေ့ရှိပြီး အာဏာပိုင်တွေ ထိန်းသိမ်းလိုက်သူတွေဟာ မလေးရှားနိုင်ငံကို သွားရောက်ဖို့ ပွဲစားတွေကို အခကြေးငွေပေးပြီး ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က လာရောက်သူတွေ ဖြစ်ကြကြောင်းလည်း ကနဦးစစ်ဆေးချက်အရ သိရှိရကြောင်းလည်း သင်္ဃန်းကျွန်းမြို့မရဲစခန်းက ရဲမှူး ကောင်းနိုင်က ဗွီအိုအေကိုပြောပါတယ်။ ထိန်းသိမ်းလိုက်သူတွေကိုတော့ ကိုဗစ်ကပ်ရောဂါပိုး ကူးစက်မှု ရှိ၊ မရှိစစ်ဆေးဖို့ လွှဲပြောင်းပေးထားတယ်လို့လည်း ပြောပါတယ်။

"သူတို့ကို လောလောဆယ် ရောဂါနဲ့ ပတ်သက်ပြီးတော့ Quarantine စင်တာ ပို့ထားတာပဲ ရှိတယ်။ သူတို့နဲ့ပတ်သတ်လို့ သီးခြားဆောင်ရွက်ချက် ဘာမှတော့မရှိသေးပါဘူး။ လဝကကနေဘဲ မူရင်းပြန်ပို့တဲ့ အစီအစဉ်ဆောင်ရွက်ပါလိမ့်မယ်ဗျ။ အသေးစိတ်တော့ မပြောလို့မရသေးပါဘူး။"

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာလည်း ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ အထောက်အထားမဲ့ ရောက်ရှိနေသူတွေအဖြစ် ရိုဟင်ဂျာမူဆလင် ၉၉ ယောက်ကို ထိန်းသိမ်းခဲ့ပြီး ဒီအထဲမှာ ကိုဗစ်ရောဂါပိုး ကူးစက်သူ တချို့ကိုလည်း နောက်ပိုင်းမှာ စစ်ဆေးတွေ့ရှိခဲ့တာပါ။ ရွှေပြည်သာမြို့နယ်မှာ တရားမဝင် ရောက်ရှိနေသူတွေနဲ့ ဆက်နွယ်ပြီး လူ ၄ ဦးကို ဖမ်းဆီးအရေးယူထားပြီး နောက်ထပ် ၂ ဦးကိုလည်း အာဏာပိုင်တွေ ရှာဖွေနေတယ်လို့ ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှာ တွေ့ရှိတဲ့ ၆ ဦးကိုတော့ အနီးအနားက မြို့ခံတွေက သတင်းပေးပို့တာကြောင့် အာဏာပိုင်တွေ ထိန်းသိမ်းခဲ့တာလို့လည်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသူ ဒေါက်တာကျော်စွာဦးကပြောပါတယ်။

"သင်္ဃန်းကျွန်းလေးထောင့်ကန်လမ်းပေါ်က မေခအိမ်ယာရှေ့မှာ လူခြောက်ယောက်ပေါ့ ကျွတ်ကျွတ်အိတ်တွေနဲ့ ယောင်လည်လည်ဖြစ်နေတော့ အဲဒီနားက တာဝန်သိပြည်သူတွေက သံသယ ဖြစ်တာနဲ့ မေးကြည့်တာ။ သူတို့က ကျောက်တော်ကနေ လာတယ်။ မလေးရှားသွားဖို့ သူတို့ကို ငွေ ၁၀ သိန်းနဲ့ သူတို့ကို ခေါ်လာတယ်။ သူတို့အခေါ်ပေါ့၊ ဒေသအခေါ် ဘုတ်ပေါ့နော်... စက်လှေကို ပြောတာထင်တယ်... ဘုတ်နဲ့လာတယ်။ နောက်အလုံပိတ်ကားနဲ့ တင်လာတယ်။ ဘယ်ခေါ်လာလဲ မသိဘူး။ နောက်အဲဒီကားက ချခဲ့တယ်။ သူတို့အပြောတော့ ပြေးသွားတယ်ပေါ့နော်။ ကျနော်တို့ ကျန်းမာရေး လုပ်ထုံးလုပ်နည်းနဲ့ လောလောဆယ်တော့ ကိုဗစ် Quarantine စင်တာမှာ ထားပြီးတော့ ကိုဗစ်စစ်မှာပေါ့။ အဓိကကတော့ ကျောက်တော်ကလာတယ်လို့ ပြောပါတယ်... မလေးရှား သွားဖို့ကို။ ကျနော်တို့ သင်္ဃန်းကျွန်း ပညာရေးကောလိပ်မှာ ဖွင့်လှစ်ထားတဲ့ Quarantine စင်တာတခုမှာ သူတို့ကို ထားပါတယ်။"

မြန်မာအစိုးရဟာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ မြန်မာအစိုးရက တရားဝင် အသိအမှတ်ပြု လက်ခံမထားသလို၊ တရားဝင် ခရီးသွားလာ ခွင့်တွေကိုလည်း ကန့်သတ်ထားတာကြောင့် အခုလို မကြာခဏ ဖမ်းဆီးခံရမှုတွေနဲ့လည်း ကြုံရလေ့ရှိတတ်ပါတယ်။ ရိုဟင်ဂျာအရေး လှုပ်ရှားနေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးပါတီက ဦးကျော်စိုးအောင်ကတော့ ရိုဟင်ဂျာတွေဟာ လူမှောင်ခိုတွေရဲ့ မကြာခဏ ပစ်မှတ်ထား ခံရလေ့ရှိတယ်လို့ ပြောပါတယ်။

"လူမှောင်ခိုပွဲစားတွေက ကန့်လန်ကာနောက်ကွယ်မှာ နေတယ်။ ဒေသခံ ရိုဟင်ဂျာပွဲစားမွေးထုတ်တယ်။ ရိုဟင်ဂျာပွဲစားတွေက ဒုက္ခသည်စခန်းကနေ လူခေါ်တယ်။ ပိုက်ဆံယူတယ်။ ၁၀၀,၀၀၀၊ ၂၀၀,၀၀၀ မဟုတ်ဘူး။ ကိုဗစ်ကာလမှာ ၁၀ သိန်း၊ ၁၅သိန်းနဲ့ ရတာနည်းနည်းနောနော မဟုတ်ဘူး။ အဲဒီလိုပိုက်ဆံတွေရတာ အဲဒီလိုမက်လုံးယူလုပ်တာတပိုင်း၊ နောက်တခုက ခုကာလမှာ လုံခြုံရေးက တော်တော်လေး ကြပ်တာတောင်အခုလို ခေါ်နိုင်တယ်။ ဒီနေရာကိုရောက်တာတွေ တွေ့နေတော့ မေးခွန်းထုတ်စရာ ဖြစ်နေတယ်။"

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ တရားမဝင် ရောက်နေတဲ့ ရိုဟင်ဂျာတချို့ကို အာဏာပိုင်တွေ စစ်ဆေးတွေ့ရှိပြီး ထိန်းသိမ်းခဲ့ပါတယ်။ ဖမ်းဆီးမိသူ ၁၉ ဦးအနက် အနည်းဆုံး ၇ ဦးမှာလည်း ကိုဗစ်ရောဂါပိုး ကူးစက်နေတာ တွေ့ရှိခဲ့ရတာကြောင့် စောင့်ကြည့်စစ်ဆေးနေသလို၊ နောက်ဆက်တွဲ တရားမဝင် ဝင်ရောက်လာသူတွေကို တားဆီးဖို့ မြန်မာနိုင်ငံနဲ့ နယ်စပ်မှာလည်း လုံခြုံရေးတွေကို တိုးမြှင့်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG